၂၀၂၅ ၊ အောက်တိုဘာ ၃
လက်ရှိ ယာယီသမ္မတကြီး ဦးဆောင်ပြီး အစိုးရတစ်ရပ်အနေနဲ့ ပုံဖော်နေတဲ့ မြန်မာ့နိုင်ငံရေးဟာ အနာဂတ်မှာ ရွှေရောင်အတိပြီးတဲ့ ဒါမှမဟုတ် ဒေသတွင်းနိုင်ငံတွေ အားကျစေမယ့် အာရှကျားအဖြစ် ပုံဖော်နိုင်ဖို့ တာစူနေပြီလားလို့တောင် တွေးထင်စရာကိစ္စတွေ ဖြစ်လာတာ တွေ့ရတယ်။ သေချာတာကတော့ လက်ရှိဆောင်ရွက်နေတဲ့ အစီအမံတွေ အားလုံးဟာ မြန်မာ့နိုင်ငံရေး အရွေ့တစ်ခုကို စနစ်တကျ၊ ပီပီပြင်ပြင်နဲ့ကို အကောင်အထည်ဖော်နေတာ မြင်နေရတယ်။ အနောက်နိုင်ငံတွေရဲ့ မမျှတတဲ့ ဆက်ဆံရေးအောက်မှာ နိုင်ငံရေးနဲ့ စီးပွားရေးကို ပိတ်ဆို့ခံထားရပေမယ့် အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အကောင်းဆုံး ဆက်ဆံရေး တည်ဆောက်ထားနိုင်သလို မိုင်ပေါင်းများစွာဝေးတဲ့ ရုရှားနိုင်ငံနဲ့လည်း သံခင်းတမန်ခင်း ဆက်ဆံရေးအခြေအနေကို အမြင့်မားဆုံး တည်ဆောက်ထားနိုင်တာကတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲရဲ့ စွမ်းဆောင်မှုလို့ ဆိုရင်လည်း မှားမယ်မထင်ဘူး။
ဘာလို့ဒီလိုပြောရသလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)အရ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရတွေတိုင်းဟာ တည်ငြိမ်တဲ့ အရွေ့တစ်ခုကနေ တိုင်းပြည် အပြောင်းအလဲအတွက် တာဝန်ထမ်းရွက်ခဲ့ကြရတဲ့သူတွေချည်းပါပဲ။ လက်ရှိ နိုင်ငံတော်အကြီးအကဲရဲ့ လက်ထက်ကတော့ အရင်အခြေအနေတွေနဲ့ ပြောင်းပြန်ပါ။ လက်နက်ကိုင်သောင်းကျန်းမှုမျိုးစုံ၊ စီးပွားရေး ပိတ်ဆို့မှုကြားထဲ ကနေခုလို အနေအထားမျိုးရောက်အောင် အတော်လေး ကြိုးစား ဆွဲတင်ခဲ့ရတာကတော့ အရှိတရားပါပဲ။ အတိတ်ကာလမှာ လူပြိန်းကြိုက်နိုင်ငံရေးလုပ်ခဲ့ပြီး တိုင်းပြည်ဘာဖြစ်ဖြစ် ကိုယ့်အာဏာတည်မြဲဖို့ ကြိုးစားခဲ့တဲ့ အာဏာနိုင်ငံရေးသမားတွေ ရှိခဲ့လို့လည်း တိုင်းပြည်ဟာ ခုလို အဆိုးဘက်ကို ဦးတည်သွား ခဲ့ရတာပါ။ တပ်မတော်က တသွင်သွင်တောင်းဆိုနေတဲ့ မဲစာရင်းအငြင်းပွားမှုတွေကိုသာ ဥပဒေဘောင် ထဲကအတိုင်း ဖြေရှင်းလိုက်နိုင်ရင် တိုင်းပြည်လည်း ခုလို အထိနာစရာဖြစ်မှာ မဟုတ်သလို လူငယ်တွေ လည်း သေလမ်းထဲကို ရောက်မှာမဟုတ် လောက်ဘူး။ အားမနာစတမ်း ဝေဖန်ရရင် တိုင်းပြည်တည်ဆောက်ရေးအကြောင်း ပြောကြတဲ့အခါ ဘယ်လို ခေါင်းဆောင်တွေက ဘယ်လိုအရည်အချင်းတွေနဲ့ တည် ဆောက်သွားခဲ့ကြသလဲဆိုတဲ့ ပေတံတွေနဲ့သာ ချစ်ခြင်း၊ မုန်းခြင်းကင်းကင်းနဲ့ သုံးသပ်ရမှာ ဖြစ်ပါ တယ်။
ဆိုတော့ ခု နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်နဲ့ပတ်သက်ရင်လည်း ရုရှားကိုသွားခဲ့တာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၂၀၂၅ ခုနှစ်အတွင်း လေးကြိမ်မြောက် ခရီးစဉ်တစ်ခုပါ။ နိုင်ငံတော်အဆင့်အနေနဲ့ ပြောရရင် အတော်လေးကိုများပြားတဲ့ အကြိမ်အရေအတွက်လို့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့ခရီးစဉ်တွေမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အထူးစီးပွားရေးဇုန်ကိစ္စတွေ၊ နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ စွမ်းအင်လုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေနဲ့ ပတ်သက်ပြီးလည်း သဘောတူခဲ့တာတွေ ရှိခဲ့တယ်။ ဒါ့အပြင် ဇွန်လ ၂၆-၂၇ ရက်တုန်းက ဘီလာရုစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EAEU)မှာ ဘီလာရုစ် သမ္မတ လူကာရှန်ကို က ယာယီသမ္မတကြီးကို နိုင်ငံတော်အဆင့် ဖိတ်ကြားခဲ့လို့ သွားခဲ့ရတာလည်း ရှိခဲ့တယ်။ အဲဒီတုန်းကလည်း ရုရှားသမ္မတပူတင်နဲ့ တွေ့ခဲ့ကြသေးတယ်။ ခုတစ်ခေါက်ကတော့ ရုရှားနိုင်ငံရဲ့ နျူကလီးယားလုပ်ငန်း နှစ် (၈၀) ပြည့်ဖိုရမ်၊ တစ်နည်းအားဖြင့် ကမ္ဘာ့အဏုမြူ သီတင်း ပတ်ဖိုရမ် (World Atomic Week Forum) ကို တက်ရောက်ဖို့ ရုရှားသမ္မတပူတင် ကိုယ်တိုင် ဖိတ်ကြားခဲ့တာကတော့ ထူးခြားတယ်လို့ ဆိုလို့ ရတယ်။
ပိုပြီးထူးခြားတာက နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ယာယီသမ္မတကြီးကို ဦးစားပေးတဲ့ နေရာချထားမှု ပုံစံတွေက ရုရှားနဲ့ မြန်မာကြားက နိုင်ငံရေးအခင်းအကျင်းတွေကို ပိုပြီး သိသာထင်ရှား ပေါ်လွင်စေခဲ့တယ်။ ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom ရဲ့ World Atomic Week Forum ကို စက်တင်ဘာ ၂၅ရက်ကနေ ၂၈ ရက်အထိ ကျင်းပတယ်။ ထူးခြားတာက ဒီအခမ်းအနားက Rosatom ရဲ့ သမိုင်းဝင် နှစ် (၈၀)ပြည့်လည်း ဖြစ်တယ်။ ဒီလိုအခမ်းအနားမျိုးကို နိုင်ငံပေါင်း ၁၀၅ နိုင်ငံက ကမ္ဘာ့ထိပ် တန်း ခေါင်းဆောင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ထိပ်တန်းကုမ္ပဏီအကြီးအကဲတွေ တက်ရောက်နေချိန်မျိုးမှာ နိုင်ငံတော်အကြီးအကဲကို မိန့်ခွန်းပြောကြားခွင့် ပေးတယ်ဆိုတာ ဘယ်လောက်တောင် လေးနက်စေသလဲဆိုတာ မြင်ကြည့်ပေးလို့ရတယ်။ ပြီးတော့ လေးရက်ကြာကျင်းပတဲ့ ဒီလိုကြီးကျယ်တဲ့ ကမ္ဘာ့ အဏုမြူဖိုရမ် မျက်နှာ စုံညီ အစည်းအဝေးမှာ လာတက်တဲ့လူတွေ အားလုံးနားလည်ရအောင် ဘာသာစကား ခုနစ်မျိုးကို Interpreter Earpiece တွေကနေ အလိုအလျောက် ဘာသာပြန်ပေးတဲ့နေရာမှာ Burmese ဆိုတာကို နံပါတ်(၃) နေရာမှာထည့်ပေးထားတာ တွေ့လိုက်ရတယ်။ သဘောကတော့ ကိုယ့်နိုင်ငံရဲ့ ဘာသာစကားကို တခြားနိုင်ငံတွေထက် Priority ဦးစား ပေးခဲ့ရတာမျိုး မြင်ရတာကလည်း ဝမ်းသာကြည်နူးစရာ ကောင်းတယ် မဟုတ်လား။ တကယ်တော့ မြန်မာ့နိုင်ငံရေးအရွေ့က ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ နှစ်နိုင်ငံကြား သဘောတူညီမှု ရသွားပြီးကတည်း က အကောင်းဘက်ကို ဦးတည်နေပြီလို့တောင် ပြောလို့ရမယ်လို့ ထင်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအားသာချက်ကို သမ္မတပူတင်အနေနဲ့ လျစ်လျူမရှု ခဲ့ဘူးဆိုတာမျိုး သုံးသပ်ရပါလိမ့်မယ်။ ဒေသတွင်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နဲ့ လာအိုတို့ကလည်း ရုရှားနိုင်ငံနဲ့ ဆက်စပ်ကြတယ်ဆိုပေမယ့် မြန်မာရဲ့ Geopolitics က ပိုပြီး ထူးခြားနေတာကတော့ နိုင်ငံအတွက် ကောင်းခြင်းတွေ ဖြစ်လာစေခဲ့တယ်လို့ ဆိုရမယ် ထင်ပါတယ်။ သဘာဝရင်းမြစ် ပေါကြွယ်ဝသလို အာရှ-ပစိဖိတ်နဲ့ အင်ဒိုချိုင်းနားဒေသတွေကို စီးပွားရေး အရ လွှမ်းခြုံချင်ရင်လည်း လက်တစ်ကမ်းဆိုတဲ့ အနေအထားက ကမ္ဘာ့နိုင်ငံရေးနဲ့ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ပါ ထပ်ဆင့်ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းမျိုးကို မြန်မာကသာ ပေးနိုင်တာ တွေ့ရပါလိမ့်မယ်။
နိုင်ငံတော်အကြီးအကဲရဲ့ မိန့်ခွန်းမှာ နိုင်ငံတော်အနေနဲ့ ရှေ့ဆက်သွားမယ့် အနာဂတ် Strategy တွေကိုလည်း မြင်ခဲ့ရတယ်။ နျူကလီးယားစွမ်းအင် အစီအစဉ်နဲ့ပတ်သက် ပြီးရင်လည်း လုပ်ငန်းမှတ်တိုင် သုံးခု၊ လုပ်ငန်းအဆင့်သုံးခုနဲ့ နျူကလီးယားဥပဒေကို ပြင်ဆင်ပြီး ရေးဆွဲနေတယ်လို့ အသိပေးပြောကြား ခဲ့တာရှိတယ်။ သဘောကတော့ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီရဲ့ လမ်းညွှန်ချက်တွေအပြင် Rosatom ရဲ့ Timeline အတိုင်း စနစ်တကျ အကောင်အထည်ဖော်နေတဲ့သဘောလို့ ယူဆရမှာပါပဲ။ ဒါကြောင့်လည်း ယာယီသမ္မတကြီးရဲ့ မိန့်ခွန်းမှာ နျူကလီးယားစွမ်းအင်ကနေ တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ် အားရယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် သွားလိုတာ သိသာထင်ရှားတယ်ပေါ့။ အဓိက ကတော့ အရင်သဘောတူညီမှုရထားတဲ့ အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမြန်ဆုံး တည်ဆောက်နိုင်ဖို့နဲ့ အကောင်အထည်ဖော်ဖြစ်ဖို့ပါပဲ။ ဒါကိုလည်း ယာယီသမ္မတကြီးက အလေးအနက်ထား ပြောကြားထားတာ တွေ့ရတယ်။ သမ္မတပူတင်ဘက်ကလည်း နှစ်နိုင်ငံ သဘောတူညီမှုရ ထားတဲ့ သဘောတူညီချက်တွေကို ဆက်လက်အကောင် အထည်ဖော်ဖို့ အသေးစိတ် ဆွေးနွေးသွားမယ် ဆိုတာမျိုး ပြောခဲ့တာရှိတယ်။ နောက်ထပ်အရေးကြီးတဲ့ လုပ်ငန်းတစ်ခုက မြန်မာနိုင်ငံနဲ့ပြည်သူတွေ အကျိုးစီးပွားဖြစ်စေမယ့် ဂြိုဟ်တုလွှတ်တင်ရေးကိစ္စနဲ့ အာကာသနည်းပညာနဲ့ သက်ဆိုင်တဲ့ မြန်မာ-ရုရှား အာကာသနည်းပညာပူးပေါင်းမှုတိုးမြှင့်ရေးမှာလည်း သဘောတူနိုင်ခဲ့တာတွေက တိုင်းပြည်အတွက်တော့ အလွန်ကို အကျိုးများတဲ့ကိစ္စလို့ ဆိုရမှာဖြစ်တယ်။ ထူးခြားတဲ့ ရလဒ်အနေနဲ့ကတော့ ရုရှားနိုင်ငံ အာကာသကော်ပို ရေးရှင်း (Roscosmos) နဲ့ မြန်မာအာကာသ အေဂျင်စီတို့ကြားမှာ ပြည်ပအာကာသ စူးစမ်းလေ့လာရေးနဲ့ပတ်သက်ပြီး အသုံးပြုမှုနယ်ပယ်မှာ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုရခဲ့ တာ တွေ့ရတယ်။
တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို ဘက်မလိုက်မူဝါဒနဲ့ ဟန်ချက်ညီညီ ကစားနေတာ တွေ့မြင်ရတယ်။ နိုင်ငံတော်အကြီး အကဲနဲ့ သမ္မတ ရှီကျင့်ဖျင် တွေ့ပြီးတဲ့ နောက်မှာ ဝန်ကြီးဌာနတွေအသီးသီးက တရုတ်နိုင်ငံကို ခရီးစဉ်သွားနေ ကြတဲ့ကိစ္စက ဒီသဘောအနက်ဆောင်တာ မြင်ရလိမ့်မယ်။ ပြီးခဲ့တဲ့ မကြာသေးခင်ကပဲ ဝန်ကြီးချုပ်ခရီးစဉ်အပြီးမှာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ ပေကျင်းမှာ ရှိနေခဲ့ကြတယ်။ ဒေသတွင်း အာဆီယံနိုင်ငံ တွေကြားမှာ နာမည်တစ် လုံးနဲ့နေတဲ့ တပ်မတော်(ရေ) ကိုလည်း တရုတ်နိုင်ငံဘက်က သူ့ရဲ့ Navy Submarine Academy၊ ဖျက်သင်္ဘော Xining နဲ့ ရှန်ဟိုင်းမြို့ပေါ်က Hudong-Zhonghua သင်္ဘောကျင်းတွေကို ဖိတ်ခေါ်တာမျိုးတွေ့ရတယ်။ ခုလက်ရှိမှာ နိုင်ငံတော်ယာယီသမ္မတရဲ့ ခရီးစဉ်ကိုပဲ ကွက်ကွက်ကွင်းကွင်း မြင်နေကြပေမယ့် တကယ်တော့ တခြားကဏ္ဍတွေမှာလည်း ဟန်ချက်ညီညီ အပြိုင်ကစားနေတာမျိုး မြင်ရပါလိမ့်မယ်။ ဥပမာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့ (၁၃)ကြိမ် မြောက် အာရှ-ပစိဖိတ်ဒေသ အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်ကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်တက်ရောက်နေသလို တရုတ်နိုင်ငံမှာ ကျင်းပတဲ့ (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံကိုလည်း ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စု ရှေ့နေချုပ်တို့ တက်ရောက်နေတာ ရှိနေခဲ့တယ်။
ရုရှားနိုင်ငံရဲ့ ခရီးစဉ်နဲ့ဆက်စပ်ပြီး နိုင်ငံတော် အကြီးအကဲအနေနဲ့ ကာဇက်စတန်နိုင်ငံကို ခရီးဆက်ခဲ့တာလည်း ထူးခြားတယ်လို့ ဆိုလို့ရတယ်။ ကာဇက်စတန်နိုင်ငံဆိုတာက ပထဝီနိုင်ငံရေးအရ ရုရှားရဲ့ တောင်ဘက်မှာရှိနေသလို အလယ်အာရှနဲ့ အရှေ့ဥရောပမှာ မဟာဗျူဟာကျကျ တည်ရှိနေတဲ့ ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်တယ်။ ဒါပေမဲ့ အားသာချက်အနေနဲ့ကတော့ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂရဲ့ မူလအဖွဲ့ဝင်ငါး နိုင်ငံထဲက တစ်နိုင်ငံဖြစ်သလို ရုရှားဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့အစည်း (CSTO) မှာပါဝင်တဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်နေတာပါပဲ။ သာမန်အားဖြင့် ကုန်းတွင်းပိတ်နိုင်ငံဆိုပေမယ့် ကမ္ဘာ့ရေနံထွက်ရှိမှု ပထမဖြစ်တဲ့ ဥရော-အာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်ဖြစ်သလို "Kaz-akhstan 2050 Strategy" ဆိုတဲ့အတိုင်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ် နည်းပညာ၊လယ်ယာကဏ္ဍနဲ့ ကမ္ဘာ့စပါး ဈေးကွက်မှာ အဓိကကျတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်နေပြန်တယ်။ နိုင်ငံတော်အကြီးအကဲ သွားရောက်ခဲ့တဲ့ Astana International Financial Center (AIFC) ဆိုတာ ကာဇက်စတန်နိုင်ငံရဲ့ အဓိက အသက်လို့တောင် ပြောလို့ရပါလိမ့်မယ်။ လက်ရှိ ကာဇက်စတန်နိုင်ငံအနေနဲ့ စီးပွားရေးကဏ္ဍအသီးသီးကို မြှင့်တင်ဖို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို အလေးပေး ဆောင်ရွက်ခဲ့တာလည်း တွေ့နိုင်တယ်။ ပိုပြီးထူးခြားတာက ကာဇက်စတန်မှာ ကမ္ဘာ့ပထမဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ အာကာသလွှတ်တင်စင်တာ ဖြစ်တဲ့ ဘိုင်ကိုနူရ်ဆိုတဲ့ အာကာသစခန်း တည်ရှိနေတာ ပဲဖြစ်တယ်။ ၁၉၆၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ နိုင်ငံတကာ အာကာသစခန်း (ISS)ကို ဂြိုဟ်တုလွှတ်တင်မှုတွေအတွက် အဓိကနေရာလည်း ဖြစ်တယ်။ နှစ်နိုင်ငံခေါင်း ဆောင်တွေ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အရေးပါမှုကို ကာဇက်စတန်ဘက်က အသိအမှတ်ပြုခဲ့တာတွေ့ရလို့ အနာဂတ်မြန်မာနိုင်ငံရဲ့ အာကာသအစီအမံတွေနဲ့ အခြားကဏ္ဍစုံတွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေလည်း ရရှိစေခဲ့တာ တွေ့မြင်ရမှာ ဖြစ်တယ်။
ပြည်တွင်း မြန်မာ့နိုင်ငံရေး အခြေအနေမှာတော့ မကြာခင် ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြောကြားခဲ့တဲ့ KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနဲ့ စောတောနီး အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦး၊ တရားမဝင် ဖွဲ့စည်းထားတဲ့ Chinland အစိုးရအဖွဲ့က ၁၇ ဦးတို့ကို ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့အမှု ဖွင့်ထားတာလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ NUG နဲ့အတူ တိုင်းသိပြည်သိ ပြောကြားလာတဲ့အပေါ်မှာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်လာတဲ့ အခင်းအကျင်းလို့ပဲ ယူဆရမှာဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (Pc) တို့က ထိပ်တန်းခေါင်းဆောင်တွေ အစည်းအဝေးလုပ်ခဲ့တဲ့ သတင်းကလည်း စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ KNU က လွဲရင် ကျန်တဲ့လက် နက်ကိုင်တွေအနေနဲ့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး ပူးပေါင်းကာကွယ် ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ ကြေညာချက်တွေလည်း အသီးသီး ထုတ်ပြန်ထားခဲ့ပြီးဖြစ်လို့ အာရှလမ်းမကြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုနဲ့အတူ နယ်စပ်ကုန်စည် ပို့ဆောင်ရေးတွေလည်း အဆင်ပြေလာလိမ့်မယ် လို့ ယေဘုယျယူဆထားလို့ ရနိုင်သွားတာ တွေ့ရတယ်။ တရုတ် ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ 'ဝ'တပ်ဖွဲ့ ကိုယ်တိုင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို လက်နက်၊ ခဲယမ်းနဲ့ ငွေကြေးတွေ ဆက် လက်ကူညီပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြောလာရ အပြီးမှာ ကျောက်မဲမြို့ကိုလည်း TNLA အနေနဲ့ လက်လွှတ်ရဖို့ အချိန်နီး လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ရခိုင်ဒေသအတွက်ကတော့ ပြီးခဲ့တဲ့အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခ(ရခိုင်ပြည်နယ် AA လက်နက်ကိုင်၊ ARSA နှင့် ဘင်္ဂါလီလူမျိုးစုကြား)ကို အကြောင်းပြုပြီး ဒေသတစ်ခုလုံးအတွက် စိုးရိမ်စရာ ဖြစ်တယ်ဆိုပြီး ပြောခဲ့တာ တွေ့လိုက်ရသလို ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ရန်ပုံငွေရရှိနိုင်ဖို့ ကြိုးစားတာ လည်း မြင်တွေ့လိုက်ရတယ်။ ဒီအခင်းအကျင်းနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ AA လက်နက်ကိုင်တပ်ဖွဲ့အပေါ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဘင်္ဂါလီလူမျိုးစု တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှုတွေ ရရှိစေဖို့ တွန်းအားပေးဆောင်ရွက်ရင်းနဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြသဖို့ အချိန်ကောင်း၊ အခါကောင်းဖြစ်တယ်လို့ မြင်မိတယ်။
အချုပ်ဆိုရရင်တော့ နိုင်ငံတော်အကြီးအကဲရဲ့ ကမ္ဘာ့နိုင်ငံတွေကြားက သံခင်းတမန်ခင်း ဆက်ဆံရေးအခြေအနေဟာ ထိပ်တန်းအဆင့်ရောက်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးစနစ် အပြောင်းအလဲမှာ ပထဝီနိုင်ငံရေးအရ အရေးပါမှုအခြေအနေကို အမိအရ ဆုပ်ကိုင်ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ဖို့သာ လိုပါလိမ့်မယ်လို့ ယူဆချင်စရာပါ။ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဘီလာရုစ်နဲ့ အိန္ဒိယနိုင်ငံတွေအပြင် အာရှအလယ်ပိုင်းဒေသက အရေးပါတဲ့ ကာဇက်စတန်နဲ့ပါ ထပ်မံချိတ်ဆက် နိုင်ခဲ့တာကတော့ EAEU နဲ့ ပေါင်းစည်းဖို့ အခွင့်အလမ်းတွေ ထပ်မံရရှိစေခဲ့တယ်လို့သာ ဆိုရမှာ ဖြစ်ပါတယ်။ အငယ်စား နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ အာကာ သအေဂျင်စီ၊ ဂြိုဟ်တုလွှတ် တင်ရေးဆိုတဲ့ မဟာဗျူဟာမြောက် Strategy တွေအတွက် အားကောင်းစေတဲ့ ခရီးစဉ်တစ်ခု ဖြစ်သလို အာရှအလယ်ပိုင်းဒေသချိတ်ဆက်ရေးနဲ့ ရွေးကောက်ပွဲအတွက်ပါ အထောက်အပံ့ ဖြစ်စေတာမို့ ဒီခရီးစဉ်ဟာ ယာယီသမ္မတကြီးရဲ့ သံတမန်ရေးရာ အောင်ပွဲ၊ ထူးခြားတဲ့ အာရှအလယ်ပိုင်း ဆက်ဆံရေး၊ နျူကလီးယားစွမ်းအင်နဲ့ အာကာသလုပ်ငန်းတွေလို မဟာဗျူဟာမြောက် Strategy တွေအ တွက် ကောင်းမွန်တဲ့ ခြေလှမ်းအစ၊ ဒါမှမဟုတ် အရွေ့တစ်ခုဖြစ်ခဲ့တယ်လို့သာ တင်စားညွှန်းဆိုရမှာ ဖြစ်ပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )