ရွေးကောက်ပွဲ၊ NUG နှင့် ပြည်ပြေးများအတွက် နောက်ဆုံးမီးတောက်

၂၀၂၅ ၊ စက်တင်ဘာ ၆

သမိုင်းများ
    "အေးဟ၊ ငါတို့ တရုတ်စက်ရုံသုံးခုကို မီးသွားရှို့တာ၊ စက်ရုံသုံးရုံလည်း မီးလောင်သွားပြီ။ ရဲစခန်းကို မီးသွားရှို့ချင်တာ ဘယ်လိုမှ ရှို့လို့မရဘူး။ စစ်ကားတွေ ကိုလည်း မီးသွားရှို့ရမှာ ဘယ်လိုမှ ကပ်လို့မရဘူး။ ကျွန်မတို့ လှိုင်သာယာမှာပါ"ဟု ဆိုသည့် Movie လေးတစ်ခု သည်ရက်ပိုင်း ပျံ့နှံ့လာခဲ့သည်။ ထို Movie လေးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဉ် နောက်ပိုင်းက ဖြစ်စဉ်များစွာအနက်မှ ဖြစ်စဉ် တစ်ခုပင်ဖြစ်သည်။ သည်အကြောင်းအရာများကို ယခုမှ အဘယ်ကြောင့် ပြန်ပြောင်းပြောရသနည်းဟုဆိုလျှင် အကြောင်းအချက်အချို့ ရှိသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ဦးစွာပြောလိုသည့် အကြောင်းက ဓာတ်ပြားအိုကြီး ပြန်ဖွင့်သည်ဟုပင်ဆိုဆို၊ သမိုင်းမေ့လွယ်သူတို့အတွက် ထပ်ဖန်တလဲလဲ ပြောရ ခြင်းပင် ဖြစ်သည်။ ထိုဖေဖော်ဝါရီ ၁ ရက် မတိုင်မီက အခင်းအကျင်းများကိုပင် ယခု တော်လှန်ရေးသမားဆိုသူတို့က မေ့မေ့လျော့လျော့ ဖြစ်ကုန်ကြပြီ မဟုတ်လား။
    ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ ပြင်ဆင်မှုတွင် ပြန်ကြားရေးဝန်ကြီးဌာနက မဲလက်မှတ်စောင်ရေ မည်မျှရိုက်နှိပ် ထုတ်ဝေခဲ့သည်ဆိုသည့် စာရင်းဇယားပင် မထုတ်ပြန်နိုင်ပေ။ ကြိုတင်မဲ ပြဿနာများ၊ မဲမသမာမှု ပြဿနာများ မျိုးစုံဖြစ်ပွားနေသည်ကိုလည်း ဖြေရှင်းခြင်း၊ ဝန်ခံခြင်း မရှိခဲ့ဆို သည့် သမိုင်းကိုလည်း တော်လှန်ရေးဘက်ခြမ်းက ဆိုသူများက မေ့သွားသည်လား၊ မသိချင်ယောင် ဆောင်သွားပြီလား ၎င်းတို့ကိုယ်တိုင်သာ သိမည်ဖြစ်သည်။ ဒုတိယအကြိမ် လွှတ်တော် မပြီးပြတ်သေးချိန် ရွေးကောက်ပွဲ ပြဿနာမျိုးစုံကို ခေါင်းရှောင်သည့်အနေဖြင့် တတိယအကြိမ် လွှတ်တော်ကို ခေါ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်က တာဝန်ရှိပုဂ္ဂိုလ်များ ဥပဒေပြင်ပသို့ ရောက်ရှိမည့်ပုံစံကို ပြုလုပ်ခဲ့သည်။ ထိုအကျိုးဆက်ကြောင့် နိုင်ငံတော်၏အာဏာကို မတရားရယူသည့်ပုံစံ ထင်ရှားလာခဲ့ကာ တပ်မတော်က အာဏာဝင်၍ထိန်းရသည့် အခြေအနေ ရောက်ခဲ့ရသည်။ တပ်မတော်က အာဏာထိန်းခြင်းဟုဆိုကာ သုံးရက်မြောက်နေ့တွင် နိုင်ငံရေးသမားတို့က ပြည်သူလူထုကို လမ်းပေါ်ဆွဲထုတ်လာခဲ့သည်မှာလည်း သမိုင်း အားဖြင့် ဘာများကြာသေးလို့လဲ။ ဆန္ဒပြသည့်အချိန်တွင် လည်း ဆန္ဒပြသူများ အကြမ်းမဖက်သ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘာမျှမလုပ်ခဲ့ဆိုသည့် သမိုင်းကလည်း မဝေးသေးသည်ကို တော်လှန်ရေး ဘက်ခြမ်းက မေ့တတ်လွန်းလှသည်။ ထိုသို့ မေ့တတ်လွန်းသူများသည် ယနေ့ခေတ်က Social Media ခေတ်၊ လူတိုင်း ကင်မရာပါသည့် ဟန်းဖုန်းကိုင်သည့်ခေတ်ဆိုသည်ကိုလည်း တော်လှန်ရေးဘက်ခြမ်းက သတိလက်လွတ် ဖြစ်လွန်းလှသည်ဟု ဆိုနိုင်ပါသည်။
    ထိုလက်ကိုင်ဖုန်း ကိုယ်စီနှင့်ပင် ကိုယ်လုပ်ခဲ့သည့် လုပ်ရပ်များကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ကြရဲ့ မဟုတ်လား။ တော်လှန်ရေး ခေါင်းစဉ်တပ်ပြီး အများသူငါသွားလာ အသုံးပြုနေသည့် လမ်းများကို ပိတ်ဆို့ခဲ့ကြရဲ့ မဟုတ်လား။ ရဟန်းသံဃာနှင့် အများသူငါ ဖြတ်သန်းသွားသည့် လမ်းမပေါ်တွင် ယုတ်နိမ့်စွာ ထဘီတန်းများ ချိတ်ဆွဲလှမ်းထားကြရဲ့ မဟုတ်လား။ လမ်းပိတ်ရုံတင်အားမရ လုံခြုံရေးတပ်ဖွဲ့များကို Air Pressure Gun များ၊ လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်၊ လမ်းမပေါ် မီးရှို့သည့်ရုပ် သံများ အားရဝမ်းသာစွာ ကိုယ်တိုင်ထုတ်လွှင့် တင်ဆက်ခဲ့ကြရဲ့ မဟုတ်လား။ ထိုကဲ့သို့ ဖြစ်စဉ်တစ် လျှောက်လုံးက မှတ်တမ်းမှတ်ရာ အတိအကျ ရှိပါလျက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက် ဖြိုခွင်းသည်ဆိုသည့် စကားကို ယခုအချိန်ထိ ထပ်ဖန်တလဲလဲ သုံးနေကြောင်း အထက်ပါ Movie လေးကြည့် ၍ မဝေးသေးသည့်သမိုင်းကို တော်လှန်ဘက်တော်သားများ သတိရစေရန် ပြန်ပြောင်းပြောရခြင်း ဖြစ်ပါသည်။

သံပရာသီး PDF များ
    ကိုယ့်အကြောင်းကိုယ် မသိသည့်ပြဿနာက အတော်ကြီးသည်ဟု ဆိုနိုင်ပါသည်။ ကိုယ့်အခြေအနေမှန်ကိုမသိဘဲ အားလုံးသော ပြည်သူ လူထု ပရိသတ်က အားပေးထောက်ခံပါသည်ဟု အထင်ရောက်ပြီး ထင်ရာစိုင်းလုပ်ရပ်များ ပြုလုပ်နေကြသော်လည်း နှစ်ကာလကြာမြင့်သည်အထိ ဤအရာကြီးကို အမှန်ဟုထင်နေကာ အမှားသံသရာကို ထပ်ခါထပ်ခါ ပြုလုပ်နေကြသည်။ သည်ရက်ပိုင်း လုပ်ရပ်အချို့ ကြောင့် တော်လှန်ရေးဆိုသူများကို ကိုယ်တိုင်ကြုံတွေ့ရသူများက ဆဲနေကြသည်။ ရွှေဘို-မြစ်ကြီးနား ကားလမ်းကို သြဂုတ် ၂၉ ရက်ကစပြီး ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း၊ အဆိုပါလမ်းကြောင်း ပေါ်ရှိ PDF အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ အကြောင်းပြချက်က စစ်ရေးအခြေအနေနှင့် ပြည်သူများ၏ လုံခြုံရေးအတွက်ဟု ဆိုလေသည်။ ထိုလမ်းပိုင်းကို မသွားဖူးဘူးသည့် ပြည်သူများက မေးခွန်းထုတ်ကြသည်။ ဘယ်အဖွဲ့က ပိတ်တာလဲဟုဆိုလျှင် PDF က ပိတ်လိုက်ကြောင်း ဖြေကြသည့် ပရိသတ်များ စွာရှိသည်ကို တွေ့လိုက်ရသည်။ လူတစ်ယောက် မှတ်ချက်က "ပိတ်ကွာ မသွားဘဲနေရင် သူတို့အရင် ငတ်မှာ"ဟု စကားကို PDF တို့ ဆွေ့ဆွေ့ခုန်နေကြသည်။ လမ်းပိတ်ရာတွင်လည်း PDF တို့က ဉာဏ်ကြီးစွာနှင့် ပိတ်ပုံက ခရီးသွားသူများနှင့် ယာဉ်မောင်းများ အဆင်ပြေစေရန် ထမင်းဆိုင်ရှေ့တွင် ပိတ်သည်ဟု ဆိုလေသည်။ ကျေးဇူးတင်၍ မဆုံးသေး လမ်းပိတ်သည့်ခေါင်းဆောင်က အဆိုပါ ထမင်းဆိုင်ရှင်၏သား ဖြစ်နေသည်ဟု ဆိုသဖြင့် ခရီးသည်များက သေနတ်ကိုင်ထားသည့် ထိုငနဲတို့အဖွဲ့ကို အပြစ်မဆိုရဲဘဲ ရှိကြကုန်၏။ "ပြောတော့ ပြည်သူ့ PDF ငွေမြင်ရ၊ ကိုင်လာရတော့ အချိုးပြောင်းသွားပြီး ကွင်းလမ်း PDF အကုန်ပဲ။ စကားပြော တအားမိုက်ရိုင်းတယ်"ဟု ကိုယ်တွေ့ကြုံသူက ပြောခြင်းကို မှန်ကန်ကြောင်း ထောက်ခံနေကြသည်။
    သေသေချာချာ စေ့ငုကြည့်မှ "ကန့်ဘလူတပ် ရင်း(၄)အဖွဲ့ဖြစ်ပြီး ကားသမားနှင့် ခရီးသွားပြည်သူများ ဒုက္ခရောက်အောင် ကွင်းလမ်းက မောင်းခိုင်းပြီး စစ်ကြောင်းလာလျှင် သူတို့အဖွဲ့က ဦးအောင်ထွက် ပြေး၊ တော်လှန်စီးပွားလုပ်စားနေကြတာ။ ကျုပ်တို့ကားသမားတွေ အရွံဆုံးက ကန့်ဘလူ PDF တွေပဲ"ဟု PDF အပေါင်းအသင်းတွေ ကောင်းသတင်းတွေနှင့် ဝေနေလှ၏။ ထိုကဲ့သို့ ကိုယ်တွေ့နဖူးတွေ့ ဒူးတွေ့ကြုံ တွေ့ရသူတို့၏ မှတ်ချက်ရေးသူများကိုကြည့်ပြီး PDF များက 'ဒလန်တွေ'ဟု ဆိုကြလေသည်။ တွေ့လျှင် ရှင်းပစ်ပါဟု မြှောက်ပေးသူ များကိုလည်း မြင်ရ၏။ သည်ကြားထဲ မြင်းခြံဘက်က အခြေမလှ ဖြစ်နေသည့် Black Tiger အဖွဲ့က PDF များကလည်း အများအပြား ထွက်ပြေးနေသဖြင့် ကြေညာချက်မျိုးစုံထုတ်ပြီး သူတို့အဖွဲ့က ထွက်ပြေးသူများကို သူလျှို၊ ဒလန် ဇာတ်သွင်းနေကြလေသည်။ သံပရာသီးက ကြီးလာလေ ချဉ်လာလေဖြစ်ပြီး PDF များသည်လည်း ကာလတစ်ခုကို ဖြတ်သန်းအပြီး ပြည် သူ့ချဉ်ဖတ်ဘွဲ့သာမက PDF အချင်းချင်းကပါ ချဉ်လာ၍ ထွက်ပြေးကုန်ကြလေသည်။

ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်တဲ့
    လာပြန်ပြီဟု ဆိုရမလို ဖြစ်နေသည်။ 'ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်'ဟုဆိုကာ ရွေးကောက်ပွဲကို ဖျက်ဆီးသူများဘက်က အသံကျယ်ကျယ် ထွက်လာလေသည်။ သည်စကားက 'သိမ်းချင်လျှင် အမှိုက်သိမ်း'ဟုစပြောစဉ် ပြောခဲ့ကြသူများ၏ စကားနှင့် ခပ်ဆင်ဆင်တူသည်။ ထိုကဲ့သို့ စကားသံများ ထွက်လာသူတို့က နိုင်ငံရေးကို လုပ်စားရကောင်းမှန်း သူတို့သိ၏။ ငါးစာတပ်ထားသော စကားလုံး ဖြစ်ကြောင်း သိသင့်၏။ သူတို့က ပြောမှာပေါ့ ဤနိုင်ငံ၊ ဤတိုင်းပြည်၏ ပြည်သူနှင့်အတူ ဆိုးအတူ၊ ကောင်းအတူ ရှိမနေဘဲ ဤတိုင်း ပြည်ကမောက်ကမ ဒုက္ခရောက်လေသူတို့  အမနာပပြော စကားနာထိုး ကောင်းရုံအပြင် ပိုမရှိဘဲ အမှန်တကယ် စေတနာနှင့်ပြောသည့်စကားများ မဟုတ်ပေ။ ရှင်းရှင်းပြောရ လျှင် သူတို့၏ဘ၀ ဤတိုင်းပြည်၊ ဤနိုင်ငံအတွက် ရှင်လျက်နှင့် သေသွားကြသူများဟု ဆိုနိုင်ပြီး သူတို့ ပြန်လာ၍မရတိုင်း ဤနိုင်ငံကို မပျက်ပျက်အောင် ဖျက်ကြမည်ဟု ရည်ရွယ်ထားကြသူများဟုလည်း ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲမဖြစ်မှ၊ တော်လှန်ရေးအဓွန့်ရှည်မှ၊ ပြည် သူပြည်သူများ ဒုက္ခရောက်မှ သူတို့စကား မှန်ရဲ့မဟုတ် လားဟုပြောပြီး လုပ်စားခွင်ရှာနေသူများလည်း ဖြစ်သည်။ အဝေးကြီး မကြည့် ပါနှင့်ဦး သူတို့စကား နားထောင်ခဲ့သည့် CDM လုပ်၍ ပြည်ပထွက်ပြေးသွားသူများ ဘာတွေဖြစ်သွားသနည်း။ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုသည့် ကလေးများ ဘာဖြစ်ကုန်ကြသနည်း။ တစ်ဖက်တွင်လည်း အဖျက်အမှောင့်လုပ်ရပ် အင်တိုက်အားတိုက် ပြုလုပ်နေပြီး ၎င်းတို့ အင်တိုက်အားတိုက် ပြုလုပ် သမျှ ပြည်သူသာ အတိဒုက္ခရောက်ခဲ့ကြရဲ့ မဟုတ်လား။ ရွေးကောက်ပွဲကြီးပြီးလျှင် NUG က နိုင်ငံရေး တစ်သံသရာလုံးသေမည်။ လက်လွတ်စပယ်ပြောခဲ့သော မင်းမော်ကွန်း၊ ဖြူဖြူကျော်သိန်းတို့ကဲ့သို့ အနုပညာရှင်များနှင့် ပြည်ပြေးနိုင်ငံရေးသမားတို့၏ဘဝက မြန်မာနိုင်ငံနှင့် သေခန်းပြတ် ဖြစ်ကုန်ကြတော့မည်။ ဤအကြောက်တရားနှင့် သူတို့က မပျက်ပျက်အောင် ဖျက်မည့်အပြင် နောက်ဆုံး မီးတောက်အတွက် အားယူနေကြခြင်းသာဟု ဆိုချင်ပါသည်။ (ရွှေထီး )

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 77

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

51147

© 2022 - 2025 News. All Rights Reserved.