၂၀၂၅ ၊ စက်တင်ဘာ ၄
ဖက်ဒရယ်ပြည်ထောင်စုအရေး ဘယ်လိုပုံဖော်ကြမလဲ လေ့လာကြည့်တော့ အမြင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ကိုယ်လိုရာစွဲပြောဆိုနေကြတာ သတိထားမိတယ်။ လက်ရှိ မျက်မှောက်အခြေအနေက ၁၉၄၇ ခုနှစ်က အခြေအနေနဲ့ ဘာမှမဆိုင်တော့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံညီလာခံကို ကိုယ်လိုချင်တဲ့ အခြေအနေရနိုင်စေဖို့ အသေစွဲကိုင်ထားတာတွေ၊ ပင်လုံညီလာခံထက် ကျော်လွန်ပြီး ပဒေသရာဇ်ခေတ်ကို ပြန်လည်တမ်းတနေကြတာတွေ၊ မျက်မှောက်ခေတ်ကို အခြေခံစဉ်းစားနေကြတာတွေ၊ ပြည်ထောင်စု မပြိုကွဲရေးကို အခြေခံနေကြတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို အမြင် အမျိုးမျိုးရှိကြပေမယ့် လက်ရှိအချိန်မှာ KIA နဲ့ AA ကလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီက ထွက်လာတဲ့အသံက တစ်သံတည်း တွေ့ရပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုနဲ့ပြည်ထောင်စုထဲက ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတာပဲဖြစ်ပါတယ်။ အမှန်တကယ်ပဲ ဆန္ဒရှိ ကြတာလား။ ခွဲထွက်ဆို တဲ့အသံကြားရရင် ပြည်ထောင်စုရဲ့ရန်သူ ဖြစ်သွားနိုင်သ လို ပြည်ထောင်စုထဲမှာ နေလိုကြတဲ့ ကိုယ့်လူမျိုးအချင်းချင်းကပင် ကိုယ့်အပေါ်မှာ အမြင်မကြည်လင်တော့မှာရယ်၊ တပ်မတော်က ပြင်းပြင်းထန်ထန် ချေမှုန်းလာမှာရယ်ကို တွက်ဆနေကြသလား ဆိုတာကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်မှာပါ။ လက်နက်ကိုင်ပြီးရင် လက်နက်စွန့်ဖို့ဆိုတာ အတော်ခက်တဲ့ကိစ္စ ဖြစ်ပါတယ်။ လက်နက်နဲ့ အာဏာတည်ဆောက်ထားဖူးသူတွေ အနေနဲ့ကတော့ ပိုဆိုးပါတယ်။ အမှန်တကယ် လက်နက်စွန့်ရတော့မယ့် အချိန်ကြရင် အကြောင်းအမျိုးမျိုးပြကြတာ၊ တပ်မတော်နဲ့ အစိုးရကို အပြစ်ပုံချကြ တာတွေကလည်း သမားရိုးကျလို ဖြစ်နေပါပြီ။
KIA နဲ့ AA ကတော့ ရှင်းတယ်။ KIA က ဝမ်ပေါင်နိုင်ငံထူထောင်မယ်။ AA က ရက္ခိတလမ်းစဉ်အရ အနိမ့်ဆုံးအဆင့် Confederation လိုချင်တယ်လို့ ပေါ်ပေါ်တင်တင် ကြေညာထားတာ တွေ့ရတယ်။ သမိုင်းကြောင်းအရသော်လည်းကောင်း၊ မျက်မှောက်ခေတ်အခြေအနေအရသော်လည်းကောင်း ဘယ်လိုမှ လက်ခံလို့ မရတဲ့ ရပ်တည်ချက်ပါ။ ဆက်တိုးနေသမျှ တိုက်ပွဲတွေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အတွင်းမှာ အေးအတူပူအမျှ နေလိုစိတ်မရှိရင် ရှိလာတဲ့အထိ နည်းမျိုးစုံ နဲ့ သိမ်းသွင်းရမှာပဲ ဖြစ်ပါတယ်။ AA ဟာ မနေ့တစ်နေ့ကမှ ပေါ်လာတာဖြစ်တဲ့အတွက် ပြောင်းလဲလာမှာလားဆိုတာတော့ စောင့်ကြည့်ရ ပါဦးမယ်။ KIA ကတော့ နှစ်များစွာ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်ရှိတဲ့ အဖွဲ့အစည်းမဟုတ်သလို သူ့ရည်မှန်းချက် အောင်မြင်စေဖို့ တိုင်းရင်းသားတွေကို လက်နက်ကိုင်ဖို့ စည်းရုံး သိမ်းသွင်း မြှောက်ပင့်ပေးနေတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ အန္တရာယ်ဖြစ်သလို ကချင်ပြည်နယ် အတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝတွေကို ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို အစပျိုးခဲ့တာက ဗကပပါ။ ဝါဒရေးအရ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး လက်နက်ကိုင်လမ်းစဉ်ကို အစပျိုးပေးခဲ့တာက KNU ပါ။ သူက နေ ပထမဆုံး စတင်စည်းရုံးဖွဲ့စည်းပေးခဲ့တာက KIA ပါ။ KIA က ကချင်ပြည်နယ် ရရှိထားပေမယ့် သီးခြား နိုင်ငံထူထောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ KIA မှာ ပင်လုံညီလာခံ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ ကချင် ခေါင်းဆောင်တွေ တစ်ယောက်မှ မပါပါ။ လွတ်လပ်ရေးရပြီး သီးခြား ပြည်နယ်မရရှိလို့ လက်နက်ကိုင်ခဲ့ကြတာက ရခိုင်နဲ့ မွန်ပါ။ အဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကို စုစည်းထောက်ပံ့ပေးခဲ့တာက KNU ပါ။ အဖွဲ့အစည်းတစ်ခုအနေဖြင့် ရပ်တည်သလို မဟာမိတ်စုပေါင်းအနေနဲ့ စည်းရုံးဖွဲ့စည်း ခဲ့ကြတာတွေ့ရပါတယ်။ အမြဲတမ်းလိုလို ခေါင်းဆောင်နေရာကို KNU က ယူထားတာပါ။ အခုရှမ်းမြောက်ဒေသမှာ 'ဝ'ကို ခေါင်း ဆောင်နေရာမှာထားပြီး ဖွဲ့စည်းထားတဲ့ FPNCC လိုပဲ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရာမှာ စစချင်းမှာပင် ပြည်ထောင်စုပြိုကွဲနိုင် တဲ့အခြေအနေအထိ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဝါဒရေး ရာအရ ဗကပနဲ့ လူမျိုးရေးအရ KNU တို့ရဲ့ လက်နက်ကိုင်လမ်းစဉ်ကို ခက်ခက်ခဲခဲ တွန်းလှန်ကာကွယ်ပေးခဲ့ရတာက မြန်မာ့တပ်မတော်ပါ။ ဒီသမိုင်း က ငြင်းလို့မရတဲ့ အခြေအနေမှန်ပါ။ ဒါကိုခုချိန်ခါမှာ ကိုယ်အားသာချက်ရဖို့ အမှန်တရားကိုဖုံးပြီး ကိုယ်လို ရာဆွဲပြောနေတာတွေက ဖက်ဒရယ်ပြည်ထောင်စုအတွက် အကျိုးမရှိပါဘူး။ ပိုလို့ ဝေးသွားနိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုပါလိမ့်မယ်။ နောင်လာနောက်သားတွေအတွက် သမိုင်းအခြေအနေမှန်ကို အသိပေးဖို့လိုသလို စည်းလုံးညီညွတ်တဲ့ ဘယ်လိုပြည်ထောင်စုမျိုး တည်ဆောက်ကြမလဲဆိုတာလည်း မှန်ကန်တဲ့ အမြင်ပေးဖို့ လိုပါတယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ ငါလုပ်တာ မှန်တယ်ဆိုတာမျိုးက ပြည်ထောင်စုကို အကျိုးယုတ်စေမှာပဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတော်က ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီလို ဘာကြောင့် ကြေညာရသလဲဆိုတာ ပြောစရာလိုမယ် မထင်ဘူး။ ၂၀၂၁ ခုနှစ်ကစပြီး လုပ်ခဲ့တဲ့လုပ်ရပ်တွေကိုကြည့်ရင် အဖြေက ရှင်းပါတယ်။ ၂၀၂၁ ခုနှစ်မှာ NLD ရဲ့ မဲမသ မာမှုက စတင်ခဲ့တဲ့ဖြစ်စဉ်ဟာ KNU နဲ့ ဆိုင်လို့လား။ NLD ကိုရော KNU က လေးစားအသိအမှတ်ပြုထား လို့လား။ အဲဒီအချိန်မှာ KNU က ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရှိနေပြီလား။ စောတောနီးပြောတဲ့ တပ်က အာဏာသိမ်းလိုက်လို့၊ စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့ သူတို့အနေနဲ့ လုပ်ရတာဆိုတာ တကယ့်အခြေအနေအမှန် ဟုတ်ရဲ့လား။ ရှင်းရှင်းလင်းလင်းပြောရရင် ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းတဲ့ အချိုး။ ပွဲလန့်တုန်း ဖျာဝင်ခင်းတာ သက်သက်ပဲဖြစ်ပါတယ်။ ဒီတစ်ချီတော့ ငါတို့အပိုင်ပဲ ဆိုတဲ့အမြင်နဲ့ လုပ်နေကြတာဆိုရင် ဘာပြောမလဲ။၂၀၂၁ ခုနှစ်က အခြေအနေကိုပြန်ကြည့်ရင် KNU ထဲမှာပင် NCA လမ်ကြောင်းအတိုင်း သွားလိုတဲ့အဖွဲ့နဲ့ NCA ပျက်သွားပြီဆိုပြီး ပြောတဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲခဲ့တာ တွေ့ ရပါတယ်။ KNU ထဲမှာ စောကွယ်ထူးဝင်းတို့၊ စောတောနီးတို့လို စစ်ရေးမှာမပါခဲ့ဘဲ သာသာယာယာလေး NGO လိုလို၊ အုပ်ချုပ်ရေးလိုလို အင်အားကြီးလာတဲ့ အနောက်မျှော်အုပ်စုနဲ့ ဘောကျော်ဟဲတို့လို စစ်ဝါဒီတွေ ပေါင်းစည်းသွားတာက အဓိက ငြိမ်းချမ်းရေးကို ပျက်စီးစေခဲ့ တာပဲ ဖြစ်ပါတယ်။
စောတောနီးရဲ့ အပြောတွေက ကပေါက်တိ ကပေါက်ချာ နိုင်ပေမယ့် လက်ရှိ KNU ဗဟိုရဲ့သဘောထားကို ပေါ်လွင်စေတာ တွေ့ရတယ်။ လက်ရှိ KNU ဗဟိုကို ပြောတာနော်။ အရင်က KNU နဲ့ နောင် ပြန်ရွေး မယ့် KNU ဗဟိုကို ပြောတာမဟုတ်ဘူး။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ KNU ဟာ ဗိုလ်ချုပ်မြ လက်ထက် နောက်ပိုင်းကစပြီး ကျန်လက်နက်ကိုင်အဖွဲ့တွေလို တစ်ဦးတစ်ယောက်က သားစဉ်မြေးဆက် အာဏာလွှဲ အုပ်ချုပ်သွားတဲ့ အာဏာရှင်အဖွဲ့အစည်းမျိုး မဟုတ်လို့ဘဲ ဖြစ်ပါတယ်။ KNU ကိုကြည့်ရင် ကရင်အမျိုးသား တွေအတွက် ချမှတ်ထားတဲ့မူ ရှိပေမယ့် ကျင့်သုံးတဲ့သူတွေရဲ့ ဝါဒအရ ပုံစံအမျိုးမျိုး အပြောင်းအလဲဖြစ် နေတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေကိုကြည့်ရင် အနောက်လက်ဝေခံ ကိုယ်ကျိုးသမား တွေ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖထီးမူတူးစေးဖိုးတို့၊ ပဒိုစောရွှေမောင်းတို့လိုလူတွေ KNU မှာ များများရှိရင် ကရင်ပြည်နယ်ကြီး အေးချမ်းသာယာစွာနဲ့ ဖွံ့ဖြိုးတိုးတက်နေတာ ကြာပြီ။ ဗုံးသံ၊ သေနတ် သံတွေ၊ ယမ်းငွေ့တွေ ကင်းစင်ပြီး အေးချမ်းသာယာနေလောက်ပြီ။
အခု အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်တဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေးတွေ လုပ်လာလို့ KNU တွေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ဒဏ်ရာရ သေကျေပျက် စီးခဲ့ကြရင် အဓိက တာဝန်ရှိသူတွေက လက်ရှိ KNU ဗဟိုနဲ့ ခေါင်းဆောင်ပိုင်းတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လွဲမှားတဲ့ မူဝါဒအရဆိုတာ သေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်ရင် ထင်းခနဲ မြင်ရပါလိမ့်မယ်။ တပ်မတော်အပိုင်းကတော့ သာမန်ပြည်သူတွေကို ရှောင်မှာပါ။ သို့သော် Human Shield လုပ်လို့ ငရုတ်သီးနဲ့အတူ ထောင်းခံရတဲ့ ကြက်သွန်လို ဖြစ်မှာတော့ မတတ်နိုင်ဘူးလို့ ဆိုရမယ်။ စောတောနီး ပြောသလို တပ်မတော်က သူတို့သိမ်းထား တဲ့နေရာတွေမှာ ပြည်သူတွေကိုရည်ရွယ်ပြီး လေကြောင်း က ဗုံးကြဲတယ်ဆိုတာ ဘာကို ရည်ရွယ်တာ လူတိုင်းနား လည်တယ်။
အခြေခံဥပဒေအရ မဟုတ်ဘဲ လက်နက်အားကိုးနဲ့ သိမ်းထားတဲ့ နေရာမှန်သမျှ တပ်မတော်က ဆော်မှာကို မသိတာတော့ မဟုတ်လောက်ဘူး။ ဒီဘက်ခေတ် စစ်တိုက်တာ ကျောပိုးအိတ်နဲ့ တပ်က အရင်လာမှာ မဟုတ်ဘဲ လေကြောင်းက အရင်ချေပြီးမှ အမှိုက်လာသိမ်းတာ စစ်တိုက်ဖူးသူတိုင်း နားလည်တယ်။ စစ်မတိုက်ဖူးတဲ့ စောတောနီးတော့ နားလည်မလည် မသိဘူး။ ပြောချင်တာက ပြည်သူတွေအနေနဲ့ KNU ရှိတဲ့ နေရာတွေမှာ ဝေးဝေးနေကြပါလို့ သတိပေးချင်တာပဲ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်က စခဲ့တဲ့ ခေတ်သစ်မြန်မာနိုင်ငံ တည်ဆောက်ပုံနဲ့ပတ်သက်ပြီး စောတောနီးပြောတဲ့ အပြောက KNU တွေ သူပုန်ထခဲ့တာ မှန်တယ်လို့ ပြောချင်တာဖြစ်မယ်။ KNU ရဲ့ အမှားကိုဖုံးကွယ်ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိပါးထားတာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်တွေ မြန်မာပြည်ကို အုပ်ချုပ်စဉ်က ပြည်မထဲမှာ ဗမာ၊ ရခိုင်၊ မွန်နဲ့ ကရင်တို့ကို အတူတူထည့် ထားခဲ့တယ်။ လွတ်လပ်ရေး ပေးမယ့် အချိန်မှာလည်း ဒီအတိုင်းပဲ ပေးခဲ့တယ်။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာ ကရင်ကို ပြည်နယ်ပေးမယ်လို့ အတိအလင်း ပါရှိပါတယ်။ အင်္ဂလိပ်ခေတ်မှာ ကရင်လူမျိုးတွေက အခွင့်အရေး အပေးခံရဆုံး လူမျိုးဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ သူတို့ဇာတိအပြင် မြန်မာ ပြည် နေရာအတော်များများမှာ အခြေပြု နေထိုင်လာကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်နယ်ပေးတာလောက်နဲ့ မတင်းတိမ်နိုင်တော့ဘဲ သီးခြားနယ်မြေရရှိပြီး သီးခြားရပ်တည်လိုတဲ့ သဘောထားတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အားလုံးလား ဆိုတော့လည်း မဟုတ်ဘူး။ ဗမာနဲ့အတူ ပြည်ထောင်စုအ တွင်းမှာ နေလိုတဲ့ ကရင်တွေ အများကြီးပါ။ စောဘဦးကြီးတို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး ချမှတ်ခဲ့တဲ့ မူတွေကို ပြန်လေ့လာရင် KNU ရဲ့ မူဝါဒဟာ ဖက်ဒရယ် လိုလားတာ ဟုတ်၊ မဟုတ် ရှင်းပါတယ်။ 'ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်'ဆိုတာနဲ့ ကရင်တွေရှိတဲ့ နေရာမှန်သမျှ ကရင့်မြေဆိုတဲ့ မူနှစ်ခုကို သေချာစဉ်းစားကြည့်ရင် ပြည်ထောင်စုအတွက် ဖြစ်သင့်၊ မသင့် အဖြေပေါ်ပါတယ်။ စကတည်းက ကျေလည်အောင် မဆွေးနွေးဘဲ လုပ်ချင်တာလုပ်ခဲ့လို့ ဒီလိုဖြစ်တာဆိုတဲ့ စောတောနီး အပြောဟာ တစ်ဖက်သတ် တစ်ကိုယ်ကောင်း ဆန်ပါတယ်။ ဒါကို ဖြေရှင်းမယ့်သူမရှိတော့ သူ့စကားက အမှန်လို ဖြစ်နေမှာပေါ့။ ဒါပေမဲ့ လိုတာထက် ပိုပြီး လက်နက်နဲ့ နယ်မြေတည်ဆောက်လိုတဲ့ KNU, KNDO ရဲ့ အမှား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ကရင်လူထု၊ ကရင်လူမျိုးရဲ့ အမှားလို့ မဆိုလိုပါ။
တကယ်တမ်း ပြန်ကြည့်ရင် မြန်မာပြည်မှာ ကရင်လူမျိုးတွေအနေနဲ့ အခွင့်အရေးတွေ အများကြီး ရပါတယ်။ ကရင်လူမျိုးအမည်နဲ့ ကရင်ပြည်နယ်ရရှိသလို နေရာအနှံ့မှာ နေချင်သလို နေလို့ရပါတယ်။ ရန်ကုန်မှာ၊ ဧရာဝတီတိုင်းမှာ၊ ပဲခူးတိုင်းမှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဥပဒေနဲ့အညီ ရှာဖွေ စားသောက်နေနိုင်တာပဲ မဟုတ်လား။ ပြည်နယ်ဆိုတာကလည်း လူမျိုးစုအတွက် ပြည်ထောင်စုအတွင်းက ဂုဏ်သိက္ခာတစ်ခုဖြစ်တဲ့အတွက် နှစ်သီးစားလို့တောင် ဆိုလို့ရပါသေးတယ်။ ဘာတွေများ ပြည် ထောင်စုက နှိပ်ကွပ်ထားတာ ရှိပါသလဲ။ သာမန်ပြည်သူတွေအနေနဲ့ ကရင်မှမဟုတ်ဘူး ဘယ်တိုင်းရင်းသားမဆို လွတ်လပ်အေးချမ်းစွာ နေနိုင်တယ်။ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ဖြစ်နေတဲ့ ပြဿနာက တိုင်းရင်းသား ခေါင်းဆောင်ဆိုတဲ့သူတွေ အာ ဏာတည်ဆောက်လိုတာက အဓိကအကြောင်းရင်းလို့ မြင်တယ်။ မိမိလူမျိုးအကျိုးကိုရှေးရှုတယ်၊ အမျိုးသားရေးအကျိုး ဆောင်ရွက်တယ်ဆိုတာ လူမျိုးတစ်မျိုးအတွက် သည်းခြေကြိုက်စကားပါ။ ဒါကိုနင်းပြီး နိုင်ငံရေး၊ စစ်ရေးလုပ်နေကြလို့ ပြည်ထောင်စု မငြိမ်းချမ်းဘဲ လိုချင်တဲ့ပန်းတိုင်ကို မရောက်တာဘဲ ဖြစ်ပါတယ်။
စောတောနီးက ပြောတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူး။ မလိုက်နာဘူးဆိုတာ သူ့သဘောသက်သက် မဖြစ်နိုင်ဘူး။ လက်ရှိ KNU ဗဟိုရဲ့ သဘောထားအဖြစ် ယူဆရမှာ ဖြစ်ပါတယ်။ သူ့သဘောထားကတော့ ပိုချင်ပိုမှာပေါ့။ မကြိုက်တာ၊ လက်မခံတာက ဘာမှမဖြစ်ဘူး။ လက်ခံပေးလို့ ရတယ်။ နားလည်ပေးလို့ရတယ်။ မကြိုက်တာ မကြိုက်ကြောင်း ပြောလို့ရတယ်။ ဘာပြဿနာမှမရှိဘူး။ ပြဿနာက ဥပဒေအရ ပြည်သူ့ဆန္ဒခံယူပွဲက အတည်ပြုထားတဲ့ ဥပဒေဖြစ်တဲ့အတွက် မလိုက်နာလို့တော့မရဘူး။ မလိုက်နာရင် ပြဿနာရှိတယ်။ သူရဲကောင်းဆန်ဆန် ပြောနေတာ အဟုတ် ထင်မနေနဲ့။ အကျိုးဆက်အရ ဖြစ်လာမယ့် ဆိုးကျိုးတွေကိုတော့ တာဝန်ယူဖို့ လိုလိမ့်မယ် KNU နဲ့ စောတောနီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး၊ လက်မခံဘူးဆိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖြစ်လာခဲ့တဲ့စနစ်အရ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မသမာစွာ ဆောင်ရွက်ပြီး အစိုးရလုပ်ဖို့ ကြိုးစားတာကို ဖယ်ရှားတာက လက်မခံတဲ့သဘောက ဘာသဘောလဲ။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို မကြိုက်ရင် အာဏာသိမ်းတယ်ဆိုတဲ့ အမြင်ထက် ၂၀၀၈ ခုနှစ် မတိုင်မီက တပ်မတော် အစိုးရလက်ထက်ကို ပြန်သွားတယ်လို့ မြင်ကြည့်ပါလားလို့ မေးရမလို ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိရင် အဲ့ဒီအခြေ အနေကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပပေးနေတာကိုက စစ်အာဏာရှင်စနစ် တည်ဆောက်နေတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်။ ဒါကို မအောင်မြင်အောင် လုပ်မယ်ဆိုတဲ့ KNU ရဲ့ သဘောထားက ဘာလဲ။ စစ်အစိုးရ ပြန်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်တွေတုန်းက KNU ကို တိုက်ခိုက်သလို ပြန်တိုက်စေချင်လို့လား။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်ကြေညာပြီးပြီ။ ရွေးကောက်ပွဲ ပျက်အောင် ဖျက်မယ်။ ရွေးကောက်ပွဲ ဖြစ်အောင် ကူညီတဲ့သူတွေကို KNU ဥပဒေအရ အရေးယူမယ်ဆိုတော့ လုပ်ကြည့်ကြပေါ့ KNU လို့ပဲ ပြောပါ့မယ်။ ဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို ဖျက်ဆီးတာ ဘယ်နိုင်ငံကမှ လက်မခံတာ သတိထားပါ KNU။ အကြမ်း ဖက်အဖွဲ့အဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာအတည်ပြုပြီး ကိုယ့်သေတွင်း ကိုယ်တူးနေတာ ဆိုရင်တော့ ဘယ်သူ မပြု မိမိမှုလို့သာ ဆိုပါရစေ။
တပ်မတော်အစိုးရလက်ထက်က စပြီး ငြိမ်း ချမ်းရေး ဆွေးနွေးခဲ့သလို ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ ဖြစ်လာတဲ့ အစိုးရလက်ထက်မှာ NCA လမ်းကြောင်းပေါ်ရောက်အောင် စွမ်းဆောင်ခဲ့ကြတဲ့၊ အမြော် အမြင်ကြီးမားခဲ့ကြတဲ့ ယခင် KNU ခေါင်းဆောင်တွေရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ လက်ရှိ KNU ကို လက်တွဲဖို့ စောင့်ခေါ်ပေးနေတာကို မြင်ဖို့လိုပါတယ်။ ဒါကို လက်ရှိ KNU ခေါင်းဆောင်တွေရဲ့ ပုတ်ချနေတဲ့ လုပ်ရပ်ကတော့ အတော် ဦးနှောက်နည်းတဲ့ လုပ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအရ ဖြစ်လာမယ့် အကျိုးဆက်ကို ကိုယ့်ဒေါသနဲ့ကိုယ်သာ ခံကြပေရော့လို့ဆိုရင် မလွန်ပါဘူးနော်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )