၂၀၂၅ ၊ စက်တင်ဘာ ၆
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက 'ခေါင်းဆောင်နှင့်သတ္တိ (Profiles in Courage) စာအုပ်ကို ရေးခဲ့သလို ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကလည်း Courage (Eight Portraits)} စာအုပ်ကို ရေးခဲ့ပါတယ်။ ဂေါ်ဒွန်ဘရောင်းရဲ့ စာအုပ်ကို ဆရာခင်မောင် တိုး(မိုးမိတ်)က 'သတ္တိ'အမည်နဲ့ ဘာသာပြန်ဆို ပြီး၂၀၁၀ အောက်တိုဘာလမှာ စာပေလောက စာအုပ်တိုက်က ဖြန့်ချိခဲ့ပါတယ်။ စာအုပ်ရှေ့ဖုံးမှာ Eight Portraits လို့ ထင်ထင်ရှားရှား ဖော်ပြထားသလို စာအုပ်ကျောဖုံးမှာလည်း 'ထူးခြားထင်ရှားသည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အတ္ထုပ္ပတ္တိ အကျဉ်းများကို စွန့်စားအနစ်နာခံခဲ့သည့် သတ္တိဟူသည့် ရှုထောင့်မှ ချဉ်းကပ် တင်ပြထားခြင်းဖြစ်သည်'လို့ ညွှန်းဆိုထားပေမယ့် မာတိကာမှာတော့ ပုဂ္ဂိုလ်ခုနစ်ဦးပဲ တွေ့ ရပါတယ်။
ဘာသာပြန်သူ၏ အမှာစာမှာလည်း 'ကမ္ဘာတရိုး ဟိုးဟိုးကျော်သွားရအောင် သတ္တိကောင်းခဲ့ကြသူ ရဲရဲတောက် အမျိုးသားကြီးများ၊ အမျိုးသမီးကြီးများ အားလုံးပေါင်း ခုနစ်ဦး} လို့သာ ဖော်ပြထားပါတယ်။ မူ ရင်းစာရေးသူ ဂေါ်ဒွန်ဘရောင်းရဲ့ နိဂုံးမှာလည်း 'ယခု စာအုပ်ပါ ပုဂ္ဂိုလ်ခုနစ်ဦးတို့၏ ဘဝဖြစ်စဉ်ကို ကျွန်တော် လေ့လာဖတ်ရှုခဲ့ရာမှ သတ္တိ၏သြဇာ၊ သတ္တိ၏ အဆုံးအဖြတ်များအကြောင်း စတင်စဉ်းစားခန်း ဝင်လာမိပါသည်'လို့ ရေးထားပါတယ်။ မူရင်းရေးသူရော ဘာသာပြန်သူ နှစ်ဦးလုံးက (ခုနစ်ဦး) လို့ ညွှန်းဆိုထားပေမယ့် မျက်နှာဖုံးမှာ Eight Portraits လို့ ဘာကြောင့် ရေးထားပါလိမ့်။ ဘာသာပြန်စာအုပ် နောက်ကျောဖုံးမှာလည်း 'ပုဂ္ဂိုလ်ရှစ်ဦး'၏ အတ္ထုပ္ပတ္တိအကျဉ်း'လို့ ဖော်ပြထားတာလည်း လွဲမှားမှုတစ်ခုပေပဲလား။
ဒီစာအုပ်မှာ 'ရောဘတ်ကနေဒီ'၊ 'နယ်လ်ဆင် မင်ဒဲလား'၊ 'မာတင်လူသာကင်း'တို့ဟာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ပါတယ်။ 'အဲဒစ်ကာဗဲ'နဲ့ 'မစ္စ လီဆောင်းဒါး'တို့ဟာ ဆေးဝန်ထမ်းအမျိုး သမီးတွေဖြစ်ပြီး နိုင်ငံရေးခေါင်းဆောင်တွေလောက် မထင်ရှားပေမယ့် သူတို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ ကြီးကျယ်ခမ်းနား လေးစားဖွယ်ဖြစ်ပါတယ်။ 'ဒိုင်းထရစ်ဘွန်ဟိုးပွား'နဲ့ 'ရာအောဝေါလင်းဘတ်' တို့ဟာ ဟစ်တလာရဲ့ နာဇီဝါဒကို ရဲရဲတောက် ဆန့်ကျင်ခဲ့သူတွေပါပဲ။ အားလုံးပေါင်း ခုနစ်ဦးထဲက စိတ်ဝင်စားဖွယ် အကြောင်းအချက်များကို ကောက်နုတ်တင်ဆက်သွားပါမယ်။
'ဘွန်ဟိုးပွား'ဟာ ငယ်ငယ်က ဘုန်းကြီးဖြစ်ချင်သူ၊ သို့သော် ဂျာမနီမှာ ဟစ်တလာတန်ခိုးထွားလာတော့ သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ စိတ်ဓာတ်ဟာ ဟစ်တလာကို စိန်ခေါ်နိုင်လောက်တဲ့အထိ သတ္တိတွေ မွေးဖွားလာတယ်။
'သူတို့ကိုယ်သူတို့ နတ်ဘုရားများ ဂိုက်ဖမ်းနေကြသူတွေ ပါဝင်သော ခေါင်းဆောင်မှုဆိုင်ရာ သဘောထားကိုလည်း သူက ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချခဲ့၏။' (စာ-၆၁)
တကယ်တော့သူဟာ ဟစ်တလာရဲ့ နာဇီဝါဒကို ဆန့်ကျင်ဖို့ လန်ဒန်က ပြန်လာတာပါ။ ဘေးလွတ်ရာမှာ နေနိုင်ပါလျက်က တိုင်းပြည်အတွက် အန္တရာယ်ဇုန်ထဲ ခုန်ဆင်းခဲ့တာပါ။ သူဟာ ငယ်စဉ်ကတည်းက ခရစ်ယာန်ဘာသာရေးမှာ နှစ်နှစ်ကာကာ သက်ဝင်ခဲ့သူ၊ သို့သော် ဟစ်တလာဆန့်ကျင်ရေး နိုင်ငံရေးနဲ့ပတ်သက်လာတဲ့အခါ 'ဘုရားကျောင်းက သူ့ရပ်တည်မှုကို လက်မခံနိုင်၍ ထုတ်ပယ်လိုက်သည်'တဲ့။ (စာ-၅၉)
သူ့ကို နာဇီတွေက မျက်စိဒေါက်ထောက်စောင့် ကြည့်နေရာက ဖမ်းဆီးပြီး ထောင်ထဲပို့လိုက်တယ်။ ထောင်ထဲရောက်သွားပြီးမှ သူ့အတွေး၊ သူ့အရေးတွေက ပိုပြီးတောက်ပ၊ ပိုပြီး ရင့်ကျက်လာခဲ့ပါတယ်။ 'သေမင်းနဲ့ပတ်သက်ပြီး ဘဝက အဓိပ္ပာယ်အပြည့်အ၀ ရှိနေပြီးဖြစ်ချိန် အရာရာတိုင်းအတွက် လောင်းကြေးထပ်ပြီးချိန်မျိုးမှာလာခဲ့ပါ။ ကျွန်တော်တို့ ဆန္ဒရှိရှိ ကြိုဆိုရဲပါသည်}စတဲ့ အရေးအသားတွေ ဖြစ်ပါတယ်။ သူဟာ ချစ်တဲ့မာရီယာ အပါအဝင် အားလုံးကို စွန့်လွှတ်ပြီး အသက်(၃၉)နှစ်မှာ ကွပ်မျက် ခံခဲ့ရပါတယ်။
နောက်တစ်ယောက်ကလည်း နာဇီဝါဒ ဆန့်ကျင်ရေးသမားတစ်ဦးပါပဲ။ ဒါပေမဲ့ သူဟာ နိုင်ငံရေးသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ နာဇီတွေရဲ့ သံဖနောင့်အောက်က ဂျူးတွေကို ကယ်တင်ခဲ့လို့ 'ရာအောဝေါလင်းဘတ်'ဆိုတဲ့ သူ့နာမည်ကို ဂျူးလူမျိုးတွေကတစ် သက်မမေ့နိုင်အောင် မော်ကွန်းရေးခဲ့ပါတယ်။ သူဟာ အထက်တန်းကျကျနဲ့ ဘဝစည်းစိမ် ယစ်မူးခံစားနေနိုင် သူဖြစ်ပါလျက် နာဇီတွေလက်က ဂျူးတွေကို ကယ်တင်ဖို့ ဟန်ဂေရီကို ရောက်ခဲ့တယ်။ သူရောက်သွားချိန်မှာ ဟန်ဂေရီဂျူး ရာခိုင်နှုန်း ၇၀ ဟာ အနှိပ်စက်ခံဘဝနဲ့ သေဆုံးသွားကြပါပြီ။ ကျန်တဲ့ဂျူးတွေက ထောင်ထဲမှာ ...။
ဝေါလင်းဘတ်က ဟန်ဂေရီဆိုင်ရာ ဆွီဒင်သံ အဖွဲ့ရဲ့ အတွင်းရေးမှူးအနေနဲ့ ရောက်လာခဲ့တာပါ။ ဟန်ဂေရီမှာ ကျန်နေသေးတဲ့ ဂျူးတွေကို ဆွီဒင်နိုင်ငံကူး လက်မှတ်ရအောင်လုပ်ပြီး ကယ်ထုတ်ဖို့ အပြင်းအထန် ကြိုးစားခဲ့တာပါ။ သေတွင်းထဲ ရောက်နေတဲ့ ဂျူးတွေကို စီးနင်း ကယ်ဆယ်ပြီး ဂျူးတွေ ရှင်သန် လွတ်မြောက်ရေးအတွက် သူ့အသက်ကို လောင်းကြေးထပ်ပြီ ပေးဆပ်စွန့်စားခဲ့တာပါ။ သူ့အသက်(၃၃) နှစ်မှာ ဝေါလင်းဘတ်ရဲ့ ဘဝဇာတ်ကြောင်းဟာ ပျောက်ကွယ်သွားခဲ့ပေမယ့် ဒီလောက် အသက်ငယ်ငယ်နဲ့ အလွန်ကြီးကျယ်တဲ့ လုပ်ရပ်ကြီးတွေကို ဖော်ဆောင်နိုင်ခဲ့တဲ့ သူ့သတ္တိကို ကမ္ဘာ့သမိုင်းမှာ မော်ကွန်း တင်ထားခဲ့ပါတယ်။ (စာ-၃၉၆-ရှု)
'သတ္တိ'စာအုပ်ရဲ့ ရှေ့ဆုံးမှာ ဖော်ပြထားတဲ့ ရောဘတ်ကနေဒီဟာ သူ့အစ်ကို ဂျွန်အက်ဖ်ကနေ ဒီလိုပဲလုပ်ကြံခံရပါတယ်။ သစ်လွင်တဲ့ ပြည်သူ့အာဏာအပ် နှင်းရေးအတွက် မနေမနား ကြိုးစားနေစဉ် လုပ်ကြံခံရ ခြင်းဖြစ်ပါတယ်။ 'နယ်လ်ဆင်မင်ဒဲလား'တို့၊ 'မာတင်လူ သာကင်း'တို့အကြောင်းတွေကတော့ အများသိပြီးဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ ရည်မှန်းချက်တွေအတွက် အသက်ပင်သေသေ ဘဝကို ပေးဆပ်ပြီး သတ္တိပြခဲ့သူတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်သူနာပြု အဲဒစ်ကာဝဲကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့သော စစ်ပြေးအကျဉ်းသားများကို ကယ်ဆယ်ရေးအတွက် အန္တရာယ်တွေ ဝိုင်းဝိုင်းလည်နေသည့် ကြားကခြသေ့်စိတ်မျိုးဖြင့် လှုပ်ရှားခဲ့၏'လို့ ဆိုပါတယ်။ စစ္စလီဆောင်းဒါးဆိုတဲ့ (သူနာပြုမှ ဆရာဝန်ဖြစ် လာသူ)ကလည်း 'သေလုနီးပါး လူနာများအား ပိုဂရုစိုက် နိုင်ရေးအတွက် ဇွဲခက်ကြိုးပမ်းခဲ့၏}လို့ မှတ်တမ်း တင်ထားပါတယ်။
'အမှောင်ခေတ်မှသည် ယနေ့ခေတ်သို့တိုင် ဝမ်းနည်းကြေကွဲစရာများက ကျွန်တော်တို့အား ဖိစီးနှိပ်စက်နေချိန်မျိုးမှာ ဘဝတွင် အစစ်အမှန်ဖြစ်သော တန်ဖိုးအကြီးမားဆုံးလည်းဖြစ်သော အကြောင်း အရာများသည် ပို၍ ရှင်းလင်းကြည်လင် ပြတ်သားလာကြောင်း ကျွန်တော်မကြာခဏ ကိုယ်တွေ့မြင်ခဲ့ဖူးသည်။ အစစ်မှန်ဆုံးနှင့် တန်ဖိုးအကြီးဆုံးတွေထဲမှသတ္တိသည် ပိုအစစ်မှန်ဆုံး၊ ပို၍ တန်ဖိုးအကြီးမားဆုံး ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်'လို့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းက သတ္တိကို အမွှမ်းတင်ထားပါတယ်။
ဂေါ်ဒွန်ဘရောင်းတို့ရဲ့ ဗြိတိသျှတွေဟာ ကမ္ဘာပတ်ပြီး နယ်ချဲ့လာခဲ့ရာ ကမ္ဘာမှာ သတ္တိအလွန် ကောင်းတဲ့ လူမျိုးတစ်မျိုးကို တအံ့တသြ တွေ့ရှိသွားခဲ့ပါတယ်။ အဲဒီလူမျိုးကတော့ 'မြန်မာ'လူမျိုးပဲ ဖြစ်ပါတယ်။ ကနေဒီတို့၊ ဂေါ်ဒွန်ဘရောင်းတို့က အနောက်တိုင်းသားတွေရဲ့သတ္တိကို မှတ်တမ်းတင်ဂုဏ်ပြု ရေးဖွဲ့ခဲ့သလို 'မြန်မာ့သတ္တိ'ကိုလည်း ဗိုလ်မှူးဘသောင်းက 'သတ္တိ'ဆိုတဲ့အမည်နဲ့ စာတစ်အုပ်ရေးခဲ့ပါ တယ်။
'မြန်မာ့သတ္တိကို မြန်မာ့ရာဇဝင်တစ်လျှောက်လုံးက သက်သေခံ ထွန်းပြလျက်ရှိသည်။ သူမတူနိုင်လောက်အောင် သတ္တိပြောင်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်များကား ရေတွက်၍မကုန်။ သေနင်္ဂဗျူဟာစစ်ချီ စစ်တက်နည်း၊ ဆင်စီးမြင်းစီး၊ ဓားလှံကျွမ်းကျင်မှုတို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသည်ချည်း ဖြစ်ပေသည်'လို့ စာအုပ်အဖွင့်မှာ ဥဒါန်းကျူးထားပါတယ်။
မှန်ပါတယ်။ မြန်မာရာဇဝင်ကို ဘယ်နေရာကပဲ ပိုင်းကြည့်ကြည့် မြန်မာ့သတ္တိကို ဂုဏ်ယူဖွယ်တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်နဲ့ ဇာတိမာန်ချိုးနှိမ်ခံရတဲ့ လစ်ဘရယ်ဒီမိုကရေစီခေတ်မှာ မြန်မာ့သတ္တိ ပျောက်ဆုံးမသွားအောင် ဗိုလ်မှူးဘသောင်းက ဖော်ထုတ်ရေးသားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာ့သမိုင်းရာဇဝင်ထဲက ကြီးကျယ်ထင်ရှားတဲ့ အကြောင်းအရာတွေကို လူငယ်မောင်မယ်များအတွက် မှတ်စုပုံစံ၊ ကျောင်းသင်ခန်းစာ ဆန်ဆန် ရေးပေးထားတာ တွေ့ရပါတယ်။ ဒီစာအုပ်မှာ ပုဂံခေတ် နရပတိစည်သူ မင်းကြီးလက်ထက် သူရဲကောင်း 'ရန်မန်ငထွေး'မှသည် လွတ်လပ်ရေး ကြိုးပမ်းမှုခေတ် ဗိုလ်ဗထူးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့အထိ သတ္တိဂုဏ်ကို ဖွင့်ပြနိုင်တဲ့ အကြောင်းအရာ ၂၃ ပုဒ် ပါဝင်ပါတယ်။ ဒီစာအုပ်ကို ၂၀၁၆ ဇူလိုင်လမှာ ဖူးပွင့်ဝေေ၀ စာအုပ်တိုက်က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
သက္ကရာဇ် ၅၃၆ ခုနှစ်မှာ နန်းတက်တော်မူတဲ့ ပုဂံပြည့်ရှင် နရပတိစည်သူမင်းဟာ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားနှစ်ဆူကို ထီးတော်တင်ဖို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာခဲ့ပါတယ်။ တစ်နေရာအရောက်မှာ ရွှေဖောင်တော် တန့်ရပ်သွားပါတယ်။ မိကျောင်းကြီး တစ်ကောင်က ဟန့်တား နှောင့်ယှက်နေ ခြင်းပဲ ဖြစ်ပါတယ်။
'မင်းနှင့်တကွသော ဖောင်တော်စီးအားလုံးတို့လည်း ရုတ်တရက်ဖြစ်သောကြောင့် မည်သို့မျှ မကြံသာဘဲရှိစဉ်တွင် ရန်မန်ငထွေးဟူသော သူရဲကောင်းသည် ရေဝယ်ဆင်း၍ ငုပ်ပြီးသော် သန်လျက်နှင့် ထိုးကျပ်၍ မိကျောင်းသေလေ၏။ ယင်းကဲ့သို့ ကျားကိုလည်း တစ် ယောက်ချင်းသတ်စေ၏။ ဆင်ကိုလည်း တစ်ယောက်ချင်း သတ်စေ၏။ မင်းကြီးလည်း သတ္တိပြောင်ပြောင်နှင့် ရန်အောင်ဖန်များသူ ဖြစ်သော ကြောင့် ပေးခဲလှစွာသော 'အနန္တသူရိယ'အမည်ကို ပေးတော်မူဘိ၏။ (မှတ်ချက်။ မျက်ဖြေလင်္ကာ လေးပိုဒ်ကို ရေးသားသူ အနန္တသူရိယသည် အခြားတစ်ဦးဖြစ်သည်။)
ထိုနေ့မှစ၍ ရပ်စွန်ပြည်နား ခိုးသားဓားပြ သူပုန်သူကန် ရှိသောအခါ 'အနန္တသူရိယ'ကို စေတော်မူ၏။ ထိုသို့သွား၍ လုပ်ကြံရသည်ရှိသော် ရန်သူတို့ကို အရှင်ရအောင် ဖမ်းယူ၍ ယူခဲ့သည်ကားများ၏။'
ပုဂံခေတ်မှာ ဘုန်းတန်ခိုးအာနုဘော်ကြီးမားလှတဲ့ ပေါင်လောင်ရှင်မဟာကဿပကို ဆရာနေရာ မှာထားပြီး ဘုရား၊ သိမ်၊ ကျောင်းများကို လှူဒါန်းသူ ဖြစ်တယ်။ ရန်မန်ငထွေး(အနန္တသူရိယ)ဟာ လက်ရုံးရည်နှလုံးရည် သတ္တိဗျတ္တိနဲ့ ပြည့်စုံတဲ့ သူရဲကောင်းအဖြစ် ရာဇဝင်မှာ စာတင်ခဲ့ပါတယ်။
သက္ကရာဇ် ၈၀၀ ကျော်ခန့် ရှင်စောပု လက် ထက် မွန်သူရဲကောင်း 'သမိန်ဗရမ်း'ဟာလည်း အလွန်သတ္တိကောင်းသူဖြစ်တယ်။
'တစ်ခါသော် ကုလားတို့သည် သင်္ဘောခုနစ်စင်းနှင့် တိဂုံမြို့သို့ ဆိုက်ရောက်လာကြပြီ' မွန်ပြည် ကြီးသည် ရွှေ၊ ငွေ၊ ရတနာပေါ၍ ရဲမက်ဗိုလ်ပါများလည်း ကောင်းကြပါသည်။ သို့ပါသောကြောင့် သူရဲ ကောင်း တစ်ယောက်ချင်း တိုက်လိုပါသည်။ ကျွန်တော်တို့က ရှုံးခဲ့သော် ကုန်အပြည့်ပါသော ဤသင်္ဘော ခုနစ်စင်းကို သိမ်းယူပါ။ ကျွန်တော်တို့က နိုင်ခဲ့သော် သင်္ဘောနှင့်ကုန် တန်ဖိုးကိုပေးပါ' (စာ-၁၁)
တစ်ယောက်ချင်းတိုက်မယ်ဆိုပေမယ့် ကုလားတို့ဘက်က လူမဟုတ်ဘဲ ဧရာမလူဝံ တိရစ္ဆာန်ကြီး ဖြစ်နေတယ်။ သမိန်ဗရမ်းက မင်းမှူးမတ်ဗိုလ်ပါ ပရိသတ် စုံညီရှေ့မှာ လူဝံကြီးကို လက်ဗလာနဲ့ (လက် နက်မကိုင် ဆောင်ဘဲ)တိုက်ခိုက်တယ်။ လူဝံကြီးလဲကျ သေဆုံး သွားတဲ့အထိ သမိန်ဗရမ်းရဲ့ တိုက်ချက်က ပြင်းထန်လှတယ်။ (ကုလားတို့လည်း အမြို့မြို့ကို တိုက်လာခဲ့သည်မှာ အောင်သည် များလေပြီ။ ဤမြို့မှာ မှ ရှုံးရပေသည်'ဟုဆိုလျက် သင်္ဘောနှင့်ကုန်များကို ဆက်ကြလေသည်။)လို့ မှတ်တမ်းတင်ထားပါတယ်။
ဘုရင်ခေတ်မှာ မင်းမှုထမ်းတို့သာ စွမ်းသည် မဟုတ်။ ဘုရင်၊ မင်းညီ၊ မင်းသားတို့လည်း ဘုန်းလက်ရုံးအာဏာဖြန့်ကြက်ရာမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံတော် မူကြပါပေတယ်။ ဘုရင်မင်းခေါင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာတို့မှသည် အလောင်းဘုရား ဦးအောင်ဇေယျတို့အထိ စစ်မြေပြင်မှာ ကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့သူတွေ ဖြစ်ပါတယ်။
'ဆင်ဖြူရှင်မင်းတရားကြီးဘွဲ့ခံ ဘုရင့်နောင် မင်းတရားလက်ထက် သက္ကရာဇ် ၉၂၇ ခုနှစ်တွင် သူပုန်သူကန်တို့ မိုင်းစံမြို့မှ အခိုင်အလုံ ခံသောကြောင့် မင်းတရားကြီး၏သားတော် မဟာဥပရာဇာ၊ သမက်တော် အင်းဝဘုရင် သတိုးမင်းစော၊ တူတော်မင်းရဲကျော်ထင်တို့ ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်သည်။ ...အင်း၀ ဘုရင်သတိုးမင်းစောလည်း ဆင်တော်သန်မြန်စွာနှင့် မြို့ သစ်တပ်ကို တိုက်တော်မူသည်။ မြို့ထိပ်က လှံနှင့်ချလေသည်။ လက်ယာပေါင်တော်ကို စူး၍ ဆင်တော်သို့ သုံး သစ်ဝင်သော ဟူ၏။ ထိုသို့ စူးတော်မူသော်လည်း လှံတော်ကို နှုတ်တော်မမူ၊ လှံရိုးကို လက်သုံးတော်ဓားနှင့် ဖြတ်၍ မြို့ကိုတိုက်တော် မူသည်။ မိုင်းစံတစ်မြို့လုံးကို ရတော်မူလျှင် ဝမ်းမြောက်ဝမ်းသာ ပတ်စည်စောင်းညင်း တီးမှုတ်၍ တစ်ညဉ့် လုံးပွဲခံကုန်သည်။ အင်းဝဘုရင်သတိုး မင်းစောလည်း ပေါင်တွင်ထိသောလှံကို စစ်အောင်မြင်တော်မူမှ နှုတ်၍ ဆေးဝါးကုသတော်မူသည်။ ဤကား မြန်မာတို့၏ သတ္တိပြတိုက်ပွဲခန်းတည်း။' (စာ-၂၀)
မြန်မာ့သတ္တိက ဖော်ပြလို့ မကုန်နိုင်အောင် သမိုင်းရာဇဝင်မှာ ရှင်သန်နေလျက် ရှိပါတယ်။ ဗိုလ်မှူး ဘသောင်းက ခေတ်အဆက်ဆက် ပေါ်ထွက်ခဲ့တဲ့ သူရဲကောင်းတို့ရဲ့သတ္တိကို သိသာရုံမျှ မိတ်ဆက်ပေး ထားခြင်း ဖြစ်ပါတယ်။ ခေတ်သစ်သို့ ကူးဝင်ခါစလို့ဆိုနိုင်တဲ့ ၁၉ ရာစုနှောင်းပိုင်းမှာ ကမ္ဘာအနှံ့ နယ်ချဲ့လာတဲ့ အင်္ဂလိပ်တွေနဲ့ မြန်မာတို့ စတင် ရင်ဆိုင်ကြရပြီ ဖြစ်ပါတယ်။ ဘကြီးတော်မင်းလက်ထက် ခရစ်နှစ် ၁၈၂၄ ခုမှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားခဲ့ရာ စစ်သူကြီး မဟာဗန္ဓုလရဲ့ ဦးဆောင်မှုအတိုင်း မြန်မာတွေ တိုက်ခဲ့ကြတယ်။ ရှေ့ချီတပ်ရဲ့ ဦးစီးချုပ်အဖြစ် စာဆိုတော် မြဝတီမင်းကြီး ဦးစကို တာဝန်ပေးတယ်။ စာဆိုတော်ဆိုပြီး ပျော့နွဲ့နေမယ် မထင်နဲ့။
'ရှေးဦးစွာ အင်္ဂလိပ်တို့နှင့် ကန်တော့ပလ္လင်တွင် ဆိုင်ပြိုင်တိုက်ခိုက်ရလေသည်။ အင်္ဂလိပ်တို့ မခံမ ရပ်နိုင်၊ ကိုယ်လွတ်သာ ပြေးကြရသည်။ ထိုတွင် တစ်ရက်နားပြီး ဆက်လက်ချီတက်ပြန်၍ ပန်းဝါမြို့သို့ ဆိုက်ရောက်လျှင် ဒုတိယအကြိမ် အင်္ဂလိပ်တို့နှင့် ဆိုင်ပြိုင်တိုက်ခိုက်ရပြန် သည်။ အင်္ဂလိပ်တို့တွင် ဆင်၊ မြင်း အလုံးအရင်း၊ စစ်ပါရီ အမှုထမ်း လူတစ်သောင်းကျော် ရှိသောကြောင့် မြဝတီ မင်းကြီးဦးစ၏ အင်အားနှင့်စာသော် နှစ်ဆကျော်မျှ ရှိလေသည်။ သို့ရာတွင် မြန်မာ့ဒဏ်ကို အင်္ဂလိပ်တို့မခံနိုင်၊ လုံးဝရှုံးကြ ရသည့်အပြင် အကြီးပြုသူ အင်္ဂလိပ်ဗိုလ်များ အားလုံးလိုလိုပင် တိုက်ပွဲ၌ ကျဆုံးရချေသည်။' (စာ-၂၉)
'ထိုအတောအတွင်း ပင်လယ်၀ နတ်မြစ် (Naaf River)တွင် အင်္ဂလိပ်တို့က တပ်ခိုင်တပ်လုံတည် လုပ်စွဲရပ်လျက်ရှိကြောင်း သိရပြန်လေရာ မြဝတီမင်းကြီး ချီတက်တိုက်ခိုက်လေသောအခါ တတိယ အကြိမ်အောင် ပွဲခံရပြန်၏။'
အဲဒီတုန်းက ကမ္ဘာ့နံပါတ်တစ် စူပါပါဝါ အင်္ဂလိပ်ကို မြဝတီမင်းကြီးဦးစ ဆုံးမလိုက်ပုံဟာ ကမ္ဘာကြီး တုန်သွားလောက်တယ်။ မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ပြခဲ့တယ်လို့ပြောရင် မလွန်ပါဘူး။ မြဝတီမင်းကြီးရဲ့ဆရာ၊ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ဗန္ဓုလအကြောင်းကို ဒီလိုဖော်ပြထား ပါတယ်။
'မဟာဗန္ဓုလသည် မဏိပူရအရေး၊ အာသံအရေးတို့တွင် အထူးထင်ရှား ကျော်စောလာခဲ့သည်။ တစ်ဖန် အင်္ဂလိပ်-မြန်မာ နယ်စပ်တွင်လည်း အင်္ဂလိပ်များကိုယ်တိုင်က အံ့သြချီးမွမ်းရလောက်အောင် မြန်မာ့သတ္တိအစွမ်းကို စွမ်းစွမ်းတမံ ပြခဲ့သည်။' (စာ-၃၁)
ဗိုလ်မှူးဘသောင်းက အင်္ဂလိပ်နယ်ချဲ့နဲ့ ဖြစ်ရတဲ့ တိုက်ပွဲထဲက သူရဲကောင်းများကို အထူးမှတ်တမ်းတင် ဖော်ပြထားပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဝက်ထီးကန်တိုက်ပွဲမှာ ရှမ်းစော်ဘွားနဲ့အတူ ရှမ်းအမျိုး သမီးသုံးဦး မြင်းကိုယ်စီစီးလျက် ဓားလွတ်ကိုင်ကာ တိုက်ပွဲဝင်ခဲ့ပုံကို ဖော်ပြရေးသားထားပါ တယ်။ ၁၈၅၃ ခုနှစ်အတွင်း အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မြတ်ထွန်းဆိုရင် အင်္ဂလိပ်တွေကိုယ်တိုင် ရိုသေလေး စားရလောက်အောင် သတ္တိပြောင်လွန်းလှပါတယ်။
အဲဒီနောက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ကာလမှာ မင်းဘူးနယ်က ဗိုလ်ရွဲနှင့် ဗိုလ်ဥတ္တမ၊ ရှိမ်းမ ကားနယ်ကဗိုလ်ရိုင်း၊ ဝန်းသိုစော်ဘွားကြီး စသည်ဖြင့် သူရသတ္တိပြည့်ဝလွန်းလှသော သူရဲကောင်းများအကြောင်း ကိုလိုနီခေတ်မှာတော့ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ၊ ဆရာစံ၊ ရဲဘော်သုံးကျိပ်နှင့် ဗိုလ်မှူးကြီး ဗထူးတို့အထိ သတ္တိနှင့် သက်ဆိုင်ရာများကို ထိထိမိမိရေးသားထားပါတယ်။ ရှေးကဘိုးဘွားသူရဲ ကောင်းများရဲ့ ကျေးဇူးကြောင့်ရလာတဲ့ လွတ်လပ်ရေးကြီးကို တာဝန်သိသိ သစ္စာရှိရှိ၊ သတ္တိပြည့်ပြည့်ဖြင့် ထိန်းသိမ်းကာကွယ်စောင့် ရှောက်ကြပါလို့ လူငယ်မောင်မယ်များကို အလေးအနက် မှာကြားထားပါတယ်။ (မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )