၂၀၂၅ ၊ အောက်တိုဘာ ၅
ခေတ်ပြိုင်သမိုင်းကို ဖြတ်သန်းရင်း အတိတ်သမိုင်းကို စိတ်ဝင်စားသူ လူငယ်အယ်ဒီတာတစ် ယောက်ပို့ပေးတဲ့ ဆရာမ ဒေါ်နီနီမြင့်ရဲ့ အဆင့်ဆင့်ပြောင်းလဲလာသော မြန်မာ့သမိုင်း(ပထမ)တွဲကို တစ်ထိုင်တည်းပြီးအောင် ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ၂၀၂၅ သြဂုတ်လမှာ Bagan Princess Publications က ပုံနှိပ်ထုတ်ေ၀ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်မှာ အခန်း(၃)ခန်း ပါဝင်တယ်။ အခန်း(၁)က 'ရှေးဟောင်း မြန်မာ့ မြို့တော်များနှင့် မြန်မာနိုင်ငံတည်ထောင်ခြင်း}၊ အခန်း(၂)က ရှေးခေတ် မြန်မာနိုင်ငံတော် အုပ်ချုပ်ရေးစနစ်များ၊ အခန်း (၃) က ကိုလိုနီခေတ် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုများတို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းစာအုပ်တွေကတော့ အတော်များပါတယ်။ ဦးလေးမောင်၊ ဦးဘခိုင်၊ သခင်တင်မြ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့် စသည်ဖြင့် အမျိုးသားလွတ်မြောက်ရေး သမိုင်းကို မှတ်တမ်းတင် ရေးသားပြုစုခဲ့ကြတာ ကျေးဇူးတင်ဖွယ် ကောင်းလှပါတယ်။
ဒေါ်နီနီမြင့်ရဲ့ စာအုပ်မှာ သမိုင်းပါမောက္ခ ဦးထွန်းအောင်ချိန်ရဲ့ အမှာစာမှာ ]၆ ရာစုမှ စတင်သော မြန်မာ့သမိုင်းသည် နှစ်ပေါင်း ၁၄၀၀ ကျော်ရှည်သော သမိုင်းဖြစ်သည်'လို့ ဖော်ပြထားပါတယ်။ ဒေါ်နီနီ မြင့်ရဲ့ ရှေးဟောင်းမြန်မာ့မြို့တော်များနှင့် မြန်မာနိုင်ငံတည် ထောင်ခြင်းဆိုတဲ့ အခန်းမှာ ဖတ်ခဲ့ရတာက 'မြန်မာနိုင်ငံ သမိုင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ (မြို့ပြများ ထူထောင်သည့်ခေတ်)ဟူ၍ ယဉ်ကျေးမှု အဆင့်ဆင့်သို့ ရောက်ခဲ့သဖြင့် နှစ်ပေါင်း ၂၂၀၀ ကျော်ခန့်ကစ၍ လူ့အဖွဲ့အစည်း များဖြင့် မြို့ပြလူနေမှု စနစ်တစ်ရပ် ထူထောင်လျက်နေထိုင်ခဲ့ကြသည်'လို့ ဖြစ်ပါတယ်။ (စာ-၂၄-ရှု)
ပါမောက္ခ ဦးထွန်းအောင်ချိန်က မြန်မာ့သမိုင်းကို နှစ်ပေါင်း ၁၄၀၀ ကျော်လို့ ဆိုထားပြီး ဒေါ်နီနီ မြင့်ကတော့ မြန်မာ့သမိုင်းကို နှစ်ပေါင်း ၂၂၀၀ ကျော်လို့ ဖော်ပြထားရာ ပညာရှင်နှစ်ဦးကြားမှာ အကွာအဝေးတစ်ခုရှိနေပြီလို့ ပြောနိုင်ပါတယ်။
'ထို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း သန်း ၄၀ မှစပြီး လူသားမျိုးနွယ်များ နေထိုင်ခဲ့ကြကြောင်း ပုံတောင်ဒေသ၊ ပုံတောင် ပရိုင်းမိတ်များမှ သိရှိရသည်။ ပုံတောင်ပရိုင်းမိတ်များ၏ ထူးခြားချက်များမှာ အဆင့်နိမ့် ပရိုင်းမိတ်များမှ အဆင့်မြင့် ပရိုင်းမိတ်သို့ ကူးပြောင်းသည့် လက္ခဏာများပါရှိသော ကြောင့် ကမ္ဘာပေါ်ရှိ လူတူပရိုင်းမိတ်သည် ပုံတောင်ဒေသမှ ကမ္ဘာ့အစောဆုံးဟု သုတေသနပြုခဲ့ကြ သဖြင့် 'လူသားအစ မြန်မာက'ဟု ကမ္ဘာက အသိအမှတ်ပြု လက်ခံခဲ့ကြသည်။'(ဒေါ်နီနီမြင့်၊ စာ-၂၃)
သမိုင်းအထောက်အထားများအရ မြန်မာ့သမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ကပင် စတင် အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဆရာမ ဒေါ်နီနီမြင့်က ပျူမြို့ပြနိုင်ငံများဖြင့် သက်သေထူပြထားပါတယ်။
'ရှေးဟောင်းမြန်မာ မြို့ပြနိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဝတီး၊ မိုင်းမော(ပင် လယ်)၊ ဟန်လင်း၊ အလယ်ပိုင်းတွင် ဗိဿနိုး၊ သရေခေတ္တရာ၊ အနောက်ဘက်တွင် ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး၊ အောက်ပိုင်းတွင် သုဝဏ္ဏဘူမိ မြို့ဟောင်းများကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့်သော ယဉ်ကျေးမှုနှင့် လူနေမှုဓလေ့ထုံးစံကို ထင်ရှားစွာ သိမြင်နိုင်မည်ဖြစ်သည်။' (စာ-၂၄)
'ဝတီးခေတ်ယဉ်ကျေးမှု ထွန်းကားသည့်ကာလမှာ သံခေတ်နှောင်းပိုင်းကာလမှ ပျူခေတ်ဦး စောစောပိုင်းကာလအတွင်း ထွန်းကားခဲ့လိမ့်မည်ဟု သုံးသပ်ပါသည်'လို့ ဝတီးမြို့ဟောင်းမှ တူးဖော်ရရှိခဲ့တဲ့ မြေအရိုးအိုး၊ ရောင်စံမြေပုတီးစေ့များ၊ ဝတီးမြို့ဟောင်းပုံစသည်တို့ကို ဓာတ်ပုံများနဲ့တကွ သက်သေထူ ပြထားပါတယ်။ ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းတို့ကရခဲ့တဲ့ ပျူခေတ် ရွှေ၊ ငွေ၊ ဗုဒ္ဓရုပ်ပွား တော်များ၊ မြေမီးဖုတ် ရုပ်ကြွအုတ်ချပ်များကို အထောက်အထားပြကာ မြို့ဟောင်းများရဲ့ သမိုင်းကြောင်းကိုလည်း မိတ်ဆက်ပေးထားပါတယ်။
ဆရာမ ဒေါ်နီနီမြင့်ဟာ ရှေးဟောင်းသမိုင်းကြောင်းတွေကို ပုံပြင်ဆန်တယ်။ ဒဏ္ဍာရီဆန်တယ်ဆိုပြီး ပစ်ပယ်ခြင်းမပြုပါ။ သမိုင်းရာဇဝင်ရဲ့ အရှိတရားကို လက်ခံတင်ပြထားတာ တွေ့ရပါတယ်။
'ထိုအရပ်ဒေသတွင် ဗိဿနိုးနတ်မင်းမှ စတုရန်းအားဖြင့် တာလေးထောင်ကျယ်ဝန်းသော မြို့ပြထီးနန်း ဖန်ဆင်းတည်ထောင်ပေးပြီး သိကြားမင်းမှ အတုလ စည်တော်ကို ဆက်သခဲ့သည်။ စည်ကို တီးခတ်ခြင်းဖြင့် ရေအဟုန်ပြင်းစွာ ကျရောက်လာသော ချောင်းကို ရန်ပယ်ချောင်း (ရန်သူမဝင်နိုင်အောင် ချောင်းရေဖြင့် တားဆီးထားသောချောင်း)ဟု ခေါ်သည်။ မြို့၏ အနောက်ဘက်တွင် မင်းသမီး ပျော်ပါးရန် ဖန်ဆင်းထားသော အင်းကန်နှင့်ဆက်သည့် မြောင်းကို ဖောင်တော်ပေါက်ဟု ခေါ်သည်။ ထိုမင်းသမီး၏ မယ်တော် ဘီလူးမလာရောက်နေထိုင်စေရန် တစ်ခုတည်းသော အင်းထောင့်၌ ဂူတည်၍ထားသည်။ ထိုအရပ်ကို ဂူအင်းထောင့်ဟု ခေါ်သည်။ သတို့သမီးငယ် ပန်ထွာဆုတောင်းခဲ့ဖူးသော အတိတ် စကားကြောင့် ပြည်တော်ကို ပန်ထွာပြည်၊ ဗိဿနိုးနတ်မင်း ဖန်ဆင်းပေးသော မြို့ဖြစ်သောကြောင့် မြို့တော်ကို ဗိဿနိုးမြို့ဟု ခေါ်ဝေါ်ကြောင်း ရေးဖွဲ့ဖော်ပြထားသည် ကို တွေ့ရှိရသည်။} (စာ-၄၉)
အလွန် ခမ်းနားကြီးကျယ်လှတဲ့ သရေခေတ္တ တရာမြို့ဟောင်း အကြောင်းကိုလည်း အတော်ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ရပါတယ်။ သရေခေတ္တရာဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ဗျာဒိတ်တော်နဲ့အညီ ပေါ်ပေါက်လာတဲ့မြို့လို့ ညွှန်းဆိုထားပါတယ်။
'သရေခေတ္တရာမြို့ဟောင်းတွင် ထေရဝါဒဗုဒ္ဓ ဘာသာ အားကောင်းခဲ့သည်ကို မြေပြင်ပေါ်ရှိ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ၊ ဘဲဘဲ၊ လေးမျက်နှာ စသည်များအပြင် တူးဖော်တွေ့ရှိရသည့် အထောက်အထားများအရ သိရှိရပါသည်။' (စာ-၆၇)
ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်မှာ ရှင်အရဟံရဲ့ အဆုံးအမနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ စတင် အုတ်မြစ်ချခဲ့တယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့တော့ ကွဲလွဲနေတယ်လို့ ဆိုနိုင်ပါတယ်။
'ထို့ကြောင့် သရေခေတ္တရာ မြို့ဟောင်းသည် (BC.Z - AD9) ရာစုအထိ ထွန်းကားခဲ့ပြီး အရှေ့တောင် အာရှမြို့ပြများတွင် အချမ်းသာဆုံး၊ အကြွယ်ဝဆုံးဖြစ်ကြောင်း လေ့လာသိရှိရသည်။ ပျူမြို့ဟောင်းများထဲတွင်လည်း အကြီးမားဆုံးဖြစ်ခဲ့သည်။' (စာ-၇၁)
မွန်၊ ရခိုင်တို့ရဲ့ ရှေးဟောင်းမြို့များအကြောင်းကို ရေးခဲ့ပြီးနောက် 'ရှေးခေတ် မြန်မာနိုင်ငံတော် အုပ်ချုပ်ရေးစနစ်များ' အကြောင်းကို ဆက်လက်တင်ပြထားပါတယ်။
'တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သော ပဒေသ ရာဇ်မင်းတို့မှာလည်း သာသနာကို ချီးမြှင့်ခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သကဲ့သို့ မိမိတို့သည်လည်း သာသနာပြုမင်းအဖြစ် ဖြစ်ပေါ် လာရသည်ကို အလေးဂရုပြုခဲ့ကြသည်။ မင်းဆရာဘုန်း ကြီးများလည်း ရှိခဲ့ကြသည်။ ပြည်သူတို့ အနေနှင့်လည်း သာသနာထွန်းကား ပြန့်ပွားစေရန် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။ သို့ဖြင့် မြန်မာနိုင်ငံ၏ ရှေးလူမှုအဖွဲ့အစည်းသည် ယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံလျက် သမိုင်းခေတ်များအလိုက်ဖြစ် ထွန်းတည်ရှိလာခဲ့သည်။' (စာ-၁၀၂)
'နိုင်ငံတော်အုပ်ချုပ်ရေးတစ်ရပ်လုံးကို ဦးစီးခေါင်းဆောင်ပြု၍ ကြီးကြပ်စီမံကွပ်ကဲရသူမှာ ဘုရင် ဖြစ်သည်။ ဘုရင့်တန်ခိုးအာဏာမှာ အဆုံးအစမရှိ ကြီးမားလှသည်။ နိုင်ငံတော်အတွင်း မည်သူမျှတုပ ပြိုင်ဆိုင်ခွင့် မရှိအောင် တန်ခိုးကြီးလှသော မင်းကို မြန်မာတို့က အီဂျစ်တို့ ယူဆလက်ခံသကဲ့သို့ ဘုရားအဖြစ်သော်လည်းကောင်း၊ မက်ဆိုပိုတေးမီးယားမှာကဲ့သို့ ဘုရား၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ရှေးတရုတ်ပြည်မှာကဲ့သို့ ဘုရား၏ အလိုတော်အတိုင်းသာ အုပ်ချုပ်ခွင့်ရနေသူဟု လည်းကောင်း မယူဆ ကြချေ။ မဟာသမ္မတမင်းမှ ဆင်းသက်လာသော အရိုက်အရာခံ ဘုရင်(သို့) မြတ်စွာဘုရား၏ ဗျာဒိတ်တော်အတိုင်း ပေါ်ပေါက်လာရသော ဘုရင်၊ 'ရှေးပေးဖူးသောကံနှင့်အညီ ထီးဖြူဆောင်းတော်မူရသော ဘုရင်' ဟူ၍သာ ပြောဆိုလက်ခံကြလေသည်။'
'ဤနည်းဖြင့် မြန်မာလူမှု အဖွဲ့အစည်း၏ အကြီးအမှူး မင်းဧကရာဇ်အဖြစ် ဦးဆောင်ခဲ့သော ဘုရင်အား ဘုန်းရှင် ကံရှင်ဟုလည်းကောင်း၊ သကျသာကီမင်းမျိုး စကြာဝတေးမင်း၊ ဗောဓိသတ္တ မဟာသမ္မတ၊ ဓမ္မရာဇာစသည်ဖြင့် ယုံကြည်မှု ပုံစံအမျိုးမျိုးနှင့်အတူ မင်းတို့ ၏ ဘုန်းလက်ရုံးကို အခြေပြု တည်ဆောက်ထားသည်။ ပဒေသရာဇ်မင်းတို့၏ အမိန့်တော်များတွင် 'အတိတ်ဘ၀က ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီထူးတို့ကြောင့် ပြည်သူ သတ္တဝါတို့အကျိုး ကယ်တင်စောင့်ရှောက်ရန်အလို့ငှာ မင်းအဖြစ်ကို ရယူသည်'ဟူ၍လည်းကောင်း၊ 'အတိတ်ဘ၀ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီထူးတို့ကြောင့် ရွှေတွင်း၊ ငွေတွင်း၊ ပတ္တမြားတွင်း၊ လက်နက်စကြာသခင် ဆင်ဖြူများရှင်'ဟူ၍လည်းကောင်း၊ ရေးသားဖော်ပြလေ့ရှိရာ မင်း (ဘုရင်) အဖြစ်သို့ ရောက်ရှိလာသူသည် အတိတ်ဘ၀ ကုသိုလ်ကံကြောင့် မင်းအဖြစ်ကို ရောက်လာခြင်း ဖြစ်ပြီး သာသနာကို ချီးမြှင့်ပေးရန်၊ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန်အတွက် မင်းအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သကဲ့သို့ ဘုန်းကံပါရမီတို့ကြောင့် တိုင်း ပြည်ဖွံ့ဖြိုးစည်ပင်ခြင်းဖြစ်သည်ဟု ယုံကြည် လက်ခံခဲ့ကြသည်။' (စာ-၁၀၄)
ရှေးခေတ်ဘုရင်တို့ရဲ့ အုပ်ချုပ်ရေးကို ဒီနေ့ခေတ် လက်ဝဲအမြင်နဲ့ တိုင်းတာပြီး ]ပြည်သူတို့၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်းမရှိ'လို့ ဝေဖန်တတ်ကြပါတယ်။ ဒေါ်နီနီမြင့်က မင်းကျင့်တရား ဆယ်ပါးနဲ့အညီ အုပ်ချုပ်ခဲ့တဲ့ မင်းတွေရဲ့ လက်ထက်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ကြောင်း တုံ့ပြန်ရေးသားထားပါတယ်။ အနော်ရထာနှင့်အလောင်း စည်သူတို့ကို သက်သေထူပြထားပါ တယ်။ ပြီးတော့ မင်းနှင့် ပြည်သူကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိပုံကိုလည်း ဘိုးဘိုးအောင်နဲ့ ဘိုးတော်ဦး ဝိုင်း(ဗဒုံမင်း)တို့ရဲ့ ဆက်ဆံရေးဖြင့် သက်သေထူပြထားပါတယ်။ ကျေးတောသား ဘုန်းကြီးကျောင်းသား မောင်အောင်နဲ့ ရွှေနန်းတွင်းက မောင်ဝိုင်းတို့ဟာ အလွန်ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီအကြောင်းတွေကို တချို့က ပုံပြင်ဒဏ္ဍာရီလို၊ ပါးစပ်ရာဇဝင်လိုလို နှိမ့်ချပြောဆိုနေကြရာ ဆရာမဒေါ်နီနီ မြင့်က 'ထိုပါးစပ်ရာဇဝင်များသည် မှတ်တမ်းဝင် မှတ်တမ်းတင်ထိုက်သော သမိုင်းမှတ်တမ်းများဟု ယူဆနိုင်ပါသည်'လို့ မှတ်ချက်ပေးရေးသားထားတာ တွေ့ရပါတယ်။ (စာ-၁၀၉-ရှု)
'မင်းဟူသည် ရှေးထုံစဉ်လာအရ ဘိသိက်ခံမှ သာလျှင် မင်းမြောက်သည်ဟူ၍လည်းကောင်း၊ မင်းဘုန်း တန်ခိုးအာနုဘော် ကြီးမားသည်ဟူ၍လည်းကောင်း၊ ဘိသိက်ခံမင်းဧကရာဇ် အုပ်စိုးမှ နိုင်ငံစည် ပင်သာယာ၍ သာသနာတော် ထွန်းလင်းသည်ဟူ၍ လည်းကောင်း ရဟန်းရှင်လူတို့က ယုံကြည်သည်။' (စာ-၁၀၀)
'မြန်မာဘုရင်များသည် မင်းစည်းစိမ်ရယူပြီး နောက် ငါးနှစ်ပြည့်ခဲ့သော် မုဒ္ဓါဘိသိက်ခံယူရာတွင် ဘုရင်ဖြစ်သူ ကိုယ်တိုင်က အမတ်များ၊ ဝန်ကြီးများနှင့် ပုဏ္ဏား၊ ဟူးရား၊ သမားတို့ရှေ့မောက်တွင် သာသနာတော်အကျိုး၊ တိုင်းသူပြည်သားတို့၏ အကျိုးကို ဆောင်ရွက်ပါမည်ဟု ရွတ် ဆိုတိုင်တည်ရသည်။'
'ထိုသို့ မုဒ္ဓါဘိသိက်ခံယူပြီးမှသာ အုပ်ချုပ်သူ ၏ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ ယူနိုင်သည့် အယူအဆ တစ်ရပ်လည်းရှိခဲ့သည်။ မုဒ္ဓါဘိသိက်ခံမင်းဖြစ်ပြီးမှသာ လျှင်သာသနာတော်ကို ပြုစုနိုင်သည်။ သိမ်မြေကို အမိန့် ပေးနိုင်သည်။ လွှတ်တက်၍ တရားစီရင်နိုင်ပေသည်။ ပြည်သူတို့ထံမှ အခွန်အခကိုလည်း တရားဝင် တောင်းခံ သုံးစွဲနိုင်သည်ဟူသည့် အယူအဆ ရှိသကဲ့သို့ နိုင်ငံလည်း သာယာဝပြောသည်ဟု အယူအဆရှိသည်'လို့ ဆိုပါတယ်။ မင်းကြီးညို၊ သာလွန်မင်း၊ ဗဒုံမင်း၊ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ဟာ မုဒ္ဓါဘိသိက်ခံယူခဲ့တဲ့ မင်းတွေဖြစ်တယ်လို့ သာဓကဆောင်ပြခဲ့ပါတယ်။ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်တည်ဆောက်ရေးမှာ အသက်သွေးကြော ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
'အုပ်ချုပ်သူမင်းနှင့် ပြည်သူသည် သဟဇာတဖြစ်ရန် အလွန်ပင်အရေးပါသည်။ မြန်မာဘုရင်များ ကိုယ်တိုင် ဘုရားဆုပန်သည့် မင်းဟူ သော အယူအဆလည်းရှိခဲ့သည်။ အုပ်ချုပ်သူမင်းကိုလည်းကောင်း၊ ပြည်သူပြည်သားတို့ကိုလည်းကောင်း၊ သာသနာတော်အဆုံးအမနှင့် ထိန်း ချုပ်ထားသည်။ မြန်မာဘုရင် များသည် မင်းကျင့်တရားဆယ်ပါး၊ တိုင်းပြည် ကြီးပွားရာကြီးပွားကြောင်းဖြစ်သော အပရဟာနိယတရား ခုနစ်ပါး၊ သင်္ဂဟတရားလေးပါးဟူ၍ ကိုယ်ကျင့်တရားများကို ထိန်းသိမ်းစောင့် ရှောက်တတ်ကြရပေမည်။ ခေတ်အဆက်ဆက်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့သော လူ့အဖွဲ့အစည်းသည်လည်း မင်္ဂလာတရားနှင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းနည်းအတတ်ကို ပြဆိုသော 'လောကနီတီ' ကို အစဉ်အလာအားဖြင့် သင်ကြားခံယူတတ်သည့် လူ့အဖွဲ့အစည်းတစ် ရပ်ဖြစ်လာသည်။ ဤသို့ဖြင့် ဗုဒ္ဓသာသနာထွန်းကားပြန့် ပွားလာခဲ့သည့် နောက်ပိုင်းကာလများတွင် ရှေးမြန်မာတို့၏ လူနေမှုစနစ်သည် လိုက်နာကျင့်သုံးရမည့် နီတိများ ဖြင့် လူမှုဆက်ဆံရေးကို အပြန်အလှန် ထိန်းသိမ်းလာခဲ့ကြသည်။' (စာ-၁၁၃)
'ဤသို့ ဖွဲ့စည်းတည်ထောင်ခဲ့သော ရှေးမြန်မာလူ့အဖွဲ့အစည်းသည် မင်းနှင့် ရဟန်း၊ မင်းနှင့် ပြည်သူ၊ ရဟန်းနှင့်ပြည်သူဟူ၍ သာသနာကို အခြေခံထားလျက် ဖွဲ့တည်ခဲ့သော လူ့အဖွဲ့အစည်းမျိုးဖြစ်သည့် အတွက်ကြောင့်ပင် မြန်မာရှေးပဒေသရာဇ်မင်းများလက်ထက် မြန်မာတို့၏ တတ်သိနားလည်မှု သည်လည်း သာသနာအဆုံးအမ၊ လူ့လောကကျင့်ဝတ်၊ အုပ်ချုပ်သူတို့ သိအပ်သော တရားနှင့် ကျင့်အပ်သော တရားများဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားခဲ့သည်ဟု ဆိုရပေမည်။' (စာ-၁၂၃)
၁၈၈၅ ခုနှစ်နောက်ပိုင်း အင်္ဂလိပ်တွေ မြန်မာတစ်ပြည်လုံးကို သိမ်းယူပြီးချိန်မှာ မြန်မာတို့ အစဉ်အဆက် ကျင့်သုံးလာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဓလေ့ထုံးတမ်းနဲ့ လူမှုစည်းကမ်းတွေ တဖြည်းဖြည်း မှေးမှိန်သွားပြီး အင်္ဂလိပ်တို့ရဲ့ နိုင်ငံရေးဓလေ့စရိုက်များက အစားထိုးနေရာယူ လွှမ်းမိုးလာခဲ့တယ်လို့ ဆိုပါတယ်။ အုပ်ချုပ် ရေး၊ တရားစီရင်ရေးနဲ့ မြို့ပြလူနေမှုပုံစံ ပြောင်းလဲသွားပေမယ့် မြန်မာတို့ရဲ့ အသွေးထဲ အသားထဲ နှလုံးအိမ်ထဲက ဗုဒ္ဓဘာသာကတော့ မြန်မာ့လူနေမှုဘဝမှာ ထိပ်ဆုံးက ရှိနေဆဲ၊ အင်္ဂလိပ်တွေ ပြောင်းလဲလို့ မရနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဗုဒ္ဓဘာသာတော်ကြီး ဖြစ်တယ်ဆိုတာ အလွန်သိသာ ထင်ရှားစွာ တွေ့ခဲ့ရပါတယ်။
'မျိုးချစ်စိတ်ရှိသော လူငယ်များသည် အသင်းအဖွဲ့များ ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်လာကြသည်။ ၁၉၈၇ တွင် မော်လမြိုင်၌ သာသနာ့ဓရအသင်း၊ မြင်းခြံတွင် ဗုဒ္ဓကလျာဏမိတ္တအသင်း၊ မန္တလေးတွင် ဗုဒ္ဓသာသ နာ့နုဂ္ဂဟအသင်း၊ ပုသိမ်၌အသောကအသင်း၊ ၁၉၀၄ တွင် ရန်ကုန်ကောလိပ်၌ ဗုဒ္ဓဘာသာ အသင်းများအသီး သီးဖွဲ့စည်း၍ ဘာသာ၊ သာသနာအကျိုးကို ဆောင်ရွက်လျက်ရှိကြသည်။ ထို့ပြင် မုံရွာ လယ်တီဆရာတော်ဘုရားကြီး၏ အဘိဓမ္မာသံခိပ်အသင်းများနှင့် နိုင်ငံခြားဗုဒ္ဓသာ သနာပြုအသင်း၊ သာသနာ့ဟိတအသင်းများကို နိုင်ငံအနှံ့အပြားတွင် ဖွဲ့စည်းတည်ထောင်လာကြသည်။'(စာ-၁၃၀)
၁၉၀၆ မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ ကြွေးကြော်သံနဲ့ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)ကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးပါတီများဟာ ဘာသာရေး အသင်းအဖွဲ့တွေဆီက စတင်မြစ်ဖျား ခံလာတာဖြစ်တယ်လို့ ဆရာမဒေါ်နီနီမြင့်က သုံးသပ်ဖော်ပြထားပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။