၂၀၂၅ ၊ မေ ၃၁
အိုရှိုးရဲ့ စာအုပ်တွေ မဖတ်တော့ဘူးလို့ နေခဲ့တာ ခုထွက်လာတဲ့ စာအုပ်က 'ဓမ္မပဒ (ဗုဒ္ဓလမ်းစဉ်)' ဆိုတော့ ဖတ်ကြည့်သင့်တယ်လို့ ကိုယ့်ဟာကိုယ် တိုက်တွန်းပြီး ဖတ်ခဲ့ရတယ်။ ဒီစာအုပ်ကို ဆရာနိုင်ဦး မြန်မာပြန်ပြီး ၂၀၂၅ ဖေဖော်ဝါရီမှာ ယဉ်မျိုးစာပေက ပထမအကြိမ် ပုံနှိပ်ထုတ် ဝေခဲ့တာ ဖြစ်ပါတယ်။ မူရင်းစာအုပ်က ]The BHAMMAPADA (The way of the Buddha) ဖြစ်ပါတယ်။ ခု ထုတ်ဝေလိုက်တဲ့ စာအုပ်က အတွဲ (၁) လို့ ဆိုတယ်။ (Osho) အိုရှိုးရဲ့ ကျမ်းဦးစကားမှာ 'ကျုပ် လူတစ်ယောက်ချင်းအနေနဲ့ ပြောမယ်ဆိုရင် ဗုဒ္ဓဂေါတမ ဘုရားရှင်ကို အလေးစားဆုံး၊ အချစ်ခင်ဆုံးပါ။ ဘ၀ တစ်လျှောက်လုံးလည်း ဗုဒ္ဓဘုရားရှင်အကြောင်း အများကြီး ပြောလာခဲ့ပါတယ်။ အခြားလူတွေအကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ အထူးပြောချင်တာက ဝန်ခံရရင် ဗုဒ္ဓကို ရင်ထဲမှာ မရှိဘဲ 'သခင်ယေရှု' အကြောင်း မပြောနိုင်ပါဘူး။ အဲဒီလိုပဲ 'မိုဟာမက်တမန်တော်'အကြောင်းလည်း မပြောနိုင်ပါဘူး။
'အဓိက အချက်ကတော့ ဗုဒ္ဓဘုရားရှင် ရင်ထဲမှာ မကိန်းအောင်းဘဲ ကျုပ်အနေနဲ့ အခြားအကြောင်း အရာတွေပြောဖို့၊ ဟောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗုဒ္ဓရှင်ဟာ ကျုပ်အသွေးအသားပါ၊ အရိုးခြင်ဆီပါ။ တိတ်ဆိတ်ခြင်းရဲ့ တေးဂီတလည်း ဖြစ်ပါတယ်။'...
'ဓမ္မပဒဆိုတဲ့ အဓိပ္ပာယ်က မှန်ကန်သောလမ်း (သို့) တိတိကျကျ ပြောရရင် သစ္စာတရားရဲ့ ခြေရာတွေပါ။ အဲဒီတော့ ဝိရောဓိဖြစ်နေတာ ခင်ဗျားတို့ မြင်ကြပါ သလား...'(စာ-၁)
'ဓမ္မပဒအမည်ရ ဗုဒ္ဓတရားတော်မှာ ဝိရောဓိတွေ၊ ဆန့်ကျင်ဘက်တွေ အများကြီးပါပဲ။ အဲဒီဝိရောဓိတွေကို ကျော်နိုင်မယ့်လူ ကျုပ်ကလွဲပြီး ဘယ်သူမှမရှိဘူးဆိုတာ မယုံပါ။ ဓမ္မပဒအမည်ရ တရားတော်မှာ တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်နေတာတွေ၊ အငြင်းပွားဖွယ်ရာတွေကို ဟောကြား ပေးထားတာပါ။ ဘုရားရှင်ဟောကြားတဲ့ ပဋိပက္ခတွေ၊ ဝိရောဓိတွေဟာ အလွန်လှပတာကြောင့်ပဲ ဓမ္မပဒဟာ ဧဝရတ်တောင်ကြီးလိုပါပဲ။ တောင်စဉ်တောင်တန်းတွေ အမြောက်အမြားရှိပေမယ့် ဧဝရတ် တောင်ထိပ်ကိုတော့ ဘယ်သူမှ မရောက်နိုင်ကြပါဘူး' (စာ-၂၁)
အိုရှိုးရဲ့ ကျမ်းဦးစကားမှာ ဓမ္မပဒဆိုတာ ဝိရောဓိတွေ၊ ဆန့်ကျင်ဘက်တွေ၊ ပဋိပက္ခတွေ၊ အငြင်းပွားဖွယ်ရာတွေ ပါနေတယ်လို့ အကြိမ်ကြိမ် ဖော်ပြထားပါတယ်။ ပြီးတော့ အိုရှိုးဟာ ဗုဒ္ဓဘုရားရှင်ကို အလွန်ကြည် ညိုသယောင် ရေးခဲ့ပေမယ့် ဗုဒ္ဓဘုရားရှင်အပေါ် သံသယစကားတွေနဲ့ စော်ကားခဲ့တာတွေလည်း တွေ့ရပါတယ်။ အရိပ်နေနေ အခက်ချိုးချိုးဆိုတာ အိုရှိုးလို ရူးကြောင်ကြောင် ဒဿနဆရာတွေကို ပြောတာဖြစ်နိုင်ပါတယ်။ အိုရှိုးဟာ ဗုဒ္ဓတရားတော်တွေအကြောင်း ရှင်းပြသလိုလိုနဲ့ သူ့ကိုယ်သူ ဘုရားရှင်တွေနဲ့ တန်းညှိနေတာ အလွန်ရွံရှာစက်ဆုတ်ဖွယ် ဖြစ်ပါတယ်။
'ဗုဒ္ဓဘုရားရှင်နဲ့ ဖြစ်စေ၊ ယေရှုခရစ်တော်နဲ့ ဖြစ်စေ၊ ခရစ်သျှနနဲ့ဖြစ်စေ သူတို့နဲ့ကျုပ် ဘယ်လိုကွာ ခြားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရပါလိမ့်မယ်။ အဲဒီဘုရားရှင်တွေနဲ့ ဘယ်နေရာမှာ ခြားနားလဲဆိုတာ ရေရေရာရာ သိမှာပါ။ (စာ-၂၂၅)
သူ့ကိုယ်သူ ဘုရားတစ်ဆူလို့ မှတ်ယူပြီး ဘုရားချင်းပြိုင်နေတဲ့သဘော ပြောထားပါတယ်။ သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေကို ပြန်လည်ပို့ ချသူအဖြစ် အမွှမ်းတင်ချင်ပေမယ့် အိုရှိုးဟာ ဗုဒ္ဓတရားတော်တွေကို တကယ်နားမလည်ပါဘူး။
'ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့တာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။ အဲဒီနောက်ပိုင်း ပြောင်းလဲခဲ့တာတွေလည်း အများကြီးပါ။ ဂင်္ဂါမြစ်ကြီးလည်း စီးဆင်းဆဲ၊ အရာအားလုံး ပြောင်းလဲနေပါတယ်။ ယခုကမ္ဘာကြီးထဲ ဗုဒ္ဓဘုရားရှင် ကြွလာတယ်ဆိုရင်တောင် သူထွက်ခွာသွားတဲ့ ကမ္ဘာကြီးနဲ့ လုံးဝမတူတော့တာ နားလည်ပါလိမ့်မယ်။ ရာစုနှစ်ပေါင်း ၂၅၀၀ အတွင်း အကြောင်းအရာတွေ အသစ်များကြီး တိုးပွားလာပါတယ်။ ဥပမာ သိပ္ပံပညာအကြောင်း ဗုဒ္ဓဘုရားရှင် လုံးဝမသိ။ သိလည်းမသိနိုင်။ ဗုဒ္ဓဘုရား ရှင် သိသင့်တယ်လို့ ဆိုလိုတာမဟုတ်၊ မသိနိုင်ခဲ့တာပါ။ ကျုပ်တို့တွေ သတိပြုနေတဲ့ တော်တော်များများ ကိစ္စတွေကို ဗုဒ္ဓဘုရားရှင် စိတ်မဝင်စားခဲ့တာပါ။ အဲဒီအကြောင်းအရာတွေ အားလုံးကို ပေါင်းစုပေး ရမှာပါ။ ဆခ်ကမန်ဖရိုက်၊ ကားလ်မာ့က်ခ်နှင့် အယ်ဗက် အိုင်းစတိုင်း စသည်ဖြင့် ပညာရှင်တွေရဲ့ သဘောတရား သီအိုရီတွေကို ပေါင်းစုရမှာပါ။ အဲဒီအခါ ပိုပြီး ပိုပြီး ကြွယ်ဝလာမှာပါ။' (စာ-၂၂၆)
ဗုဒ္ဓဘုရားရှင်ဆိုတာ သဗ္ဗညုတရွှေဉာဏ်တော်ရှင်ပါ။ သဗ္ဗညုတဉာဏ်တော်ဆိုတာ စကြဝဠာ ကမ္ဘာလောကကြီးထဲမှာ သိစရာမှန်သမျှ မြူတစ်မှုန်တစ်စ မကျန်အောင် အကုန်သိတော်မူတာပါ။ အခါတစ်ပါး မြတ်စွာဘုရားဟာ ရဟန်းတော်များရှေ့မှာ မြေကြီးပေါ်က သဲမြေမှုန့်လေးတွေကော်ပြီး လက်သည်းတော်ပေါ် တင်လိုက်တယ်။
'ချစ်သား ရဟန်းတို့ ငါဟောခဲ့သော တရားတို့သည် ဟောဒီလက်သည်းပေါ်က မြေမှုန့်ပမာဏမျှ သာရှိတယ်။ ငါသိသော်လည်း မဟောဘဲ ချန်ထားခဲ့တဲ့ အကြောင်းအရာတွေက ဟောဒီမြေကြီးလောက် များတယ်'လို့ မိန့်တော်မူပါတယ်။ သိသော်လည်း ဟောရင် အကျိုးမရှိလို့ မဟောဘဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ဟောရင် ဟောသလောက် အကျိုးရှိတဲ့ ဒါန၊ သီလ၊ ဘာဝနာ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကိုသာ ဟောတော်မူခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာအကြောင်း ဗုဒ္ဓဘုရား မသိနိုင်လို့ အိုရှိုးက ဆိုပါတယ်။ သိလိုက်တာမှ ဒီကမ္ဘာကြီးအကြောင်းသာမက အနန္တစကြဝဠာကို ရွှေဉာဏ်တော်နဲ့ ထွင်းဖောက် ရှုမြင်နိုင်ပါတယ်။ ဒီနေ့ သိပ္ပံပညာရှင်တွေ တွေ့ရှိထားတဲ့ အဏုမြူထက်သေးငယ်တဲ့ ပရမာ အဏုမြူအထိ (ဓာတ်ခွဲခန်းမလို၊ မှန်ပြောင်းမလိုဘဲ) မြတ်စွာဘုရားက ရှုမြင်ဟောကြား တော်မူခဲ့ပြီးပြီ။ ဒီနေ့ခေတ် သိပ္ပံပညာရှင်တွေကလည်း ဗုဒ္ဓဘုရား ညွှန်ပြခဲ့တဲ့ ရုပ်သဘာဝကို ရင်သပ်ရှုမော တအံ့တသြနဲ့ ထောက်ခံနေကြပေပြီ။
စိတ်သဘာဝကို ဟောရာမှာလည်း စိတ်ဟာ တစ်စက္ကန့်လျှင် ကုဋေတစ်သိန်းနှုန်းနဲ့ ချုပ်ပျက်နေတယ်ဆိုတာကို အဘယ်သိပ္ပံပညာရှင် ဉာဏ်ဝင်စားနိုင်ပါမည်လဲ။ (ရုပ်က တစ်စက္ကန့်လျှင် ကုဋေခြောက်ထောင်နှုန်းနဲ့ ချုပ်ပျက်နေတယ်) ဆိုတာတွေ မည်သည့်သိပ္ပံပညာရှင်မှ လက်လှမ်းမမီ၊ ဉာဏ်မမီတဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။ တကယ် ဘာမှမသိတာက အိုရှိုးကိုယ်တိုင်ပါ။ သိချင်ယောင်ဆောင်ပြီး ဖြီးဖြန်းဟောပြောနေတာ ဖြစ်ပါတယ်။ အခြားသော အယူဝါဒတွေအပေါ်မှာ လိမ်ညာလို့ရချင်ရမယ် ဗုဒ္ဓဓမ္မအပေါ်မှာ လိမ်ညာလို့မရ၊ သိချင်ယောင်ဆောင်လို့ မရပါဘူး။
ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၂၅၀၀ အတွင်းမှာ ပြောင်းလဲခဲ့တာတွေ အများကြီးလို့ အိုရှိုးက ပြောတယ်။ ပြောင်းတယ်ဆိုတာက ပညတ်တွေ ပြောင်းသွားတာ၊ ပရမတ်က မပြောင်းဘူး။ ဒါကြောင့် ပရမတ္ထသစ္စာလို့ ခေါ်တယ်။ ဥပမာ ဆားဆိုတာ ဘုရှားပွင့်စဉ်ကတည်း ကလည်း ငန်တယ်၊ ဘုရားပရိနိဗ္ဗာန် ပြုပြီး နှစ်ပေါင်း ထောင်သောင်းမက ငန်နေဦးမှာပဲ။ ဆားဆိုတာ သူဌေးကြီးစားလည်း ငန်တယ်၊ ဆင်းရဲသား စားလည်း ငန်တယ်၊ နှစ်ကာလတွေ၊ အခြေအနေတွေ အပေါ်မူတည်ပြီး ပြောင်းလဲမသွားဘူး။ ဆားရဲ့ငန်တဲ့ သတ္တိ၊ ငန်တဲ့ဗီဇဟာ ဘယ်လိုအကြောင်းနဲ့မှ ပြောင်းလဲမသွားဘူး။ အဲဒါ ပရမတ္ထ သစ္စာ၊ ရုပ်နာမ်ရဲ့ အတွင်းသဘောကို သိတာ ပရမတ္ထသစ္စာ၊ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီးလေးပါး ဖောက်ပြန်နေပုံကိုသိတာ ပရမတ္ထသစ္စာ၊ အိုရှိုးက ပညတ်တွေ ပြောင်းသွားတာပဲ သိတယ်။ မပြောင်းလဲတဲ့ ပရမတ်ကို လုံးဝမသိဘူးဆိုတာ ထင်ရှားနေပါတယ်။
အိုရှိုးဟာ ဗုဒ္ဓဘုရား အရေခြုံပြီး လူလည် လူတတ်လုပ်ကာ ဗုဒ္ဓဘုရားကို ပြန်ဝေဖန်ချင်သူ၊ ဗုဒ္ဓ တရားတော်တွေကို နားလည်သယောင်နဲ့ အတ္တဥခွံထဲမှာ ချောင်ပိတ်မိနေသူ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ မူပိုင်ဖြစ်တဲ့ 'ဓမ္မပဒ'ကို သူ့ရဲ့ လူစဉ်မမီတဲ့ ဒဿနအကျိုးအပျက်တွေနဲ့ ရောသမမွှေ ဖျက်ဆီးပစ်သူ ဖြစ်တယ်။
ဓမ္မပဒမှာ တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်နေတာတွေ၊ အငြင်းပွားဖွယ်ရာတွေကို ဟောကြားထားတယ်လို့ အိုရှိုးက စွပ်စွဲထားတယ်။ ဘယ်လို ဝိရောဓိဖြစ်တယ်၊ ဘယ်ပုံအငြင်းပွားဖွယ် ဖြစ်နေတယ်ဆို တာကိုတော့ တစ်ကြောင်း၊ တစ်ဂါထာ တစ်ပါဒမှ ထုတ်မပြနိုင်ခဲ့ပါဘူး။ ဘုရားဟော ဓမ္မပဒမှာ ပုဒ်ပေါင်း ၄၂၃ ပုဒ် ပါဝင်ပါတယ်။ ဘယ်ပုဒ်မှာ ဝိရောဓိ ဖြစ်နေတယ်၊ ဘယ်နေရာမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေတယ်ဆိုတာ လုံးဝထောက် ပြနိုင်ခြင်း မရှိဘဲ အသားလွတ် စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဓမ္မပဒဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလွန်ရင်းနှီးတဲ့ ကျမ်းတစ်စောင် ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်ကပင် ကမ္ဘာ့သာသနာပြု ဆရာတော် အရှင်သေဋ္ဌိလက ပါဠိဘာသာမှ မြန်မာဘာသာပြန်ဆိုတော်မူခဲ့ပြီး ၁၉၉၅ မှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၈၆ မှာ ဆရာတော် ဗုဒ္ဓရက္ခိတက အင်္ဂလိပ်ဘာသာပြန်ဆိုပြီး စင်ကာပူမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီမြန်မာပြန်မူနဲ့ အင်္ဂလိပ်ဘာသာပြန် မူနှစ်ခုကို ပူးတွဲပြီး ၂၀၀၇ ဇန်နဝါရီမှာ စာပေလောကစာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။
ဆရာတော် အရှင်သေဋ္ဌိလ၊ ဆရာတော် ဗုဒ္ဓရက္ခိတတို့ရဲ့ အမှာစာများမှာ ဓမ္မပဒမှာ အငြင်းပွားဖွယ်ရာ ဝိရောဓိတွေ ပါတယ်လို့ လုံးဝမဖော်ပြထားပါဘူး။ ဆရာတော် ဗုဒ္ဓရက္ခိတရဲ့ အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒအမှာစာမှာ ဓမ္မပဒဆိုတာ 'ဘုရားရှင် ဟောကြားတော်မူခဲ့သော ပိဋကတ် ကျမ်းဂန်များ ထဲမှ ခုဒ္ဒကနိကာယ်၏ အနှစ်ချုပ်ဖြစ်၏'လို့ ဆိုပါတယ်။ ဓမ္မပဒဆိုတာ 'ဘဝသဘော သကန်များကို စစ်ကြောဝေဖန် ပိုင်းခြားပြီး ဒဿနအမြင်မှာဖြင့် ဟောကြားတော်မူသော တရားတော်များ'လို့လည်း ညွှန်းဆိုထားပါတယ်။
'လူပုဂ္ဂိုလ်ကို လိုက်၍ နေရာဌာနနှင့် အချိန် အခါကိုလိုက်၍ သာမန်လူများ နားလည်လွယ်၊ သဘောပေါက်လွယ်အောင် ဟောကြားခဲ့သော တရားတော်များ ပင်ဖြစ်သည်။ တစ်ခါတစ်ရံ၌ ဖြစ်ရပ်တစ်ခုကို အကြောင်းပြု၍ သော်လည်းကောင်း၊ အမေးပုစ္ဆာတစ်ခုကို အကြောင်းပြု၍ သော်လည်းကောင်း၊ သုတ္တန်တရားတော်ကို ဟောကြားခဲ့ရသည်များ ရှိလေသည်။ ယင်းသုတ္တန်တရားတော်များတွင် ပါရှိသော အကြောင်း အရာများကို စုစည်းထားသည့် စာစုပင်လျှင် ဓမ္မပဒ ပါဠိတော်ဖြစ်ပါသည်။'
'ခရစ်ယာန် ဘာသာဝင်များအဖို့ သမ္မာကျမ်းစာသည် အထွက်အမြတ်ဖြစ်သကဲ့သို့ အစ္စလာမ်ဘာသာဝင်များအဖို့လည်း ကုရ်အာန်ကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။ ဟိန္ဒူများအဖို့ ဝေဒကျမ်းများသည် အထွတ်အမြတ် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအဖို့မူ ဓမ္မပဒသည် အထွတ်အမြတ် ဖြစ်လေသည်'လို့ အမွှမ်းတင်ထားပါတယ်။ ဆရာတော် ဗုဒ္ဓရက္ခိတ ဓမ္မပဒတစ်ပုဒ်ကို ကဗျာတစ်ပုဒ်လို ခံစားရှုမြင်ထားတာလည်း ထူးခြားပါတယ်။ မှန်ပါတယ်။ ဓမ္မပဒ ပုဒ်ရေအမှတ် ၃၄၇ ကိုကြည့် ပါ။
ပင့်ကူသည် မိမိပြုလုပ်သော ပင့်ကူအိမ်သို့ ပြန်၍ကျသကဲ့သို့ ရာဂဖြင့် တပ်မက်ကုန်သော သူတို့သည် မိမိတို့ပြုသော တဏှာအလျဉ်သို့ ကျကုန်၏။ ပညာရှိတို့သည် ဤတဏှာအလျဉ်ကို ဖြတ်၍ ငဲ့ကွက်ခြင်းမရှိဘဲ အလုံးစုံသော ဆင်းရဲကိုစွန့်ကာ နိဗ္ဗာန်သို့ သွားကုန်၏။ (စာ-၃၄၉)
ထုတ်ပြစရာတွေ များလှပါတယ်။ ဓမ္မပဒဆိုတာ ဓမ္မကဗျာတွေပါပဲ။ ဒါကြောင့် ဆရာတော် ဗုဒ္ဓ ရက္ခိတက 'ဓမ္မပဒ ကဗျာစုများကို လေ့လာဖတ်ရှု၍ စိတ်အားထက်ထက်သန်သန် လက်တွေ့ကျင့်ကြံ သူတိုင်းသည် လွတ်မြောက်မှု သုခချမ်းသာကို ခံစားနိုင်လိမ့်မည်ဟု ဘုရားရှင်သည် ပြတ်သားစွာ မိန့်တော်မူခဲ့လေသည်'လို့ ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဓမ္မပဒပါဠိတော်ကို မက်စ်မူလာ၊ ဒေါက်တာ အက်စ်ရာဒါခရစ်ရှ်နန်တို့ ကဲ့သို့သော ထင်ရှားသည့် ပညာရှင်များက ရေးသားခဲ့သည်။ ဓမ္မပဒများကိုလည်း တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာ အဝန်းအဝိုင်းထဲမှ မဟုတ်သေး ပုဂ္ဂိုလ်အချို့၏ ရေးသားတင်ပြချက်များသည် ဘုရားရှင်ဟောကြားခဲ့သည်များနှင့် အနည်းငယ် တိမ်းစောင်းနေပေ သည်'လို့ မှတ်ချက်ပြုထားပါတယ်။
အိုရှိုးကတော့ အများကြီးတိမ်းစောင်းနေတဲ့ ဓမ္မပဒကို ဖျက်ဆီးသူလို့တောင် ဆိုနိုင်ပါတယ်။ ဓမ္မပဒလို့ အမည်ပေးထားပြီး အမေးအဖြေများကို သူလိုရာစွဲပြီး ဖွင့်ဆိုသွားတာ တွေ့ရပါတယ်။ မေးခွန်းတွေကလည်း ဗရုတ်သုတ်ခ နိုင်လွန်းလှပါတယ်။ 'ဘာကြောင့် ဖိုမဆက်ဆံရေးကို ကျွန်တော် စိတ်ကုန်နေရပါသလဲတဲ့။ ဖိုမ ဆက်ဆံရေးဟာ အင်မတန် ပင်ပန်းလှပါတယ်။ ဖိုမ ဆက်ဆံရေးရဲ့ ရူးသွပ်မှုကို မသိရင် ဖိုမကိစ္စကို ဖယ်ရှားလို့ မရနိုင်၊ အချည်းနှီး ဖြုန်းတီးပစ်နေတယ်ဆိုတာ မသိရင် ဖိုမကိစ္စကို ကျော်လွှားလို့ မရနိုင်ပါ။ ဖိုမကိစ္စတို့ ငြီးငွေ့ စိတ်ပျက်နေတယ်ဆိုတာ သဘာဝပါပဲ။ ဖိုမဆက် ဆံတယ်ဆိုတာ စွမ်းအင်တွေကို ကုန်ခန်းအောင် စွန့်ပစ်နေတာပါ။ (စာ-၂၃၄)
ဒီနေရာမှာ ဖိုမကိစ္စကို ပြစ်တင်ရှုတ်ချထား ပြီးတော့ နောက်တစ်နေရာမှာတော့ လိင်ဆက်ဆံရေးကို ချီးကျူးဖော်ပြထားပါတယ်။ 'လိင်ဆက်ဆံခြင်းကို ကျုပ်အနေနဲ့ ရှုတ်ချခြင်းမရှိ၊ လိင်ဆက်ဆံရေးဆိုတာ သဘာဝကိစ္စပါ။ သူ့ဟာသူ ကောင်းမွန်စွာ တည်ရှိနေတာပါ။ အဲဒီအရာကို ဘယ်သူမှ မဖျက်ဆီး၊ မနှောင့်ယှက်သင့်ပါ။ နက်ရှိုင်းလှတဲ့ လိင်ဆက်ဆံရေး အထွတ်အထိပ် အချိန်မှာ စိတ်အပါအဝင် အရာအားလုံး ပျောက်ကွယ် သွားတာပါ။ တစ်ကမ္ဘာလုံး ခေတ္တခဏ ရပ်တန့်သွားတာပါ။ ခင်ဗျားကိုယ်တိုင် ကမ္ဘာလောကကြီးရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘဲ အလွန်သန့်စင်တဲ့ အာကာသလေး တစ်ခုဖြစ်လို့နေပါတယ်' (စာ-၂၇၃)
ဖိုမဆက်ဆံရေးကို ရှုတ်ချတာလည်း အိုရှိုး၊ လိင်ဆက်ဆံရေးကို ချီးကျူးတာလည်း အိုရှိုးပါပဲ။ အိုရှိုးက အိုရှိုးပါပဲ။ ဓမ္မပဒနဲ့ အဝေးကြီးပါလို့ ဆိုရပေလိမ့်မယ်။ ဓမ္မပဒ မြန်မာပြန် မူအမျိုးမျိုးရှိသည့်အနက် ဆရာကြီး ဦးရွှေအောင်ရဲ့ ဓမ္မပဒ (ယမကဝဂ်)နှင့် ထေရဝါဒအုတ်မြစ် စာအုပ်ဟာလည်း အထူးထင်ရှားပါတယ်။ ဒီစာအုပ်ကို ၁၉၉၁ စက်တင်ဘာမှာ ပါရမီစာပေက ပထမအကြိမ် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ စာအုပ်ရဲ့ ထူးခြားချက် က 'နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့၊ ကမ္ဘာအေး'က နိဒါန်းရေးပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဓမ္မပဒကို 'နိဗ္ဗာန်၏ ခရီးလမ်းကြောင်း၊ တရားကိုသိရာသိကြောင်း၊ တရားအဖို့'ဆိုပြီး အနက်သုံးမျိုး ပေးထားပါတယ်။
'ဓမ္မပဒ ပါဠိတော်သည် ဗုဒ္ဓသာသနာ၌လည်းကောင်း၊ ဗုဒ္ဓဝါဒကို စုံစမ်းလေ့လာသူ ပညာရှိ လောကနှင့် စာပေလောက၌လည်းကောင်း အထင်ရှားဆုံး၊ အပျံ့နှံ့ဆုံး ဖြစ်သည်'လို့ ဆိုထားပါတယ်။ အိန္ဒိယအမျိုးသား ဆာရာတကရစ်သျှနန်ခေါ် ပညာရှိကြီးက 'ကမ္ဘာသူ ကမ္ဘာသားအချင်းချင်း၊ သူတို့၏ ယဉ်ကျေးမှုအချင်းချင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ခုနှင့်တစ်ခု နားလည်မှု၊ ဆက်စပ်မှု၊ ညီညွတ်မှုကိုလို သည်။ ကမ္ဘာ့နားလည်မှု၊ ကမ္ဘာ့ဆက်စပ်မှု၊ ကမ္ဘာညီညွတ်မှုအား အထောက်အပံ့၊ အကူအညီအဖြစ်ဖြင့် ဗုဒ္ဓသာသနာ ပိဋကတ်စာပေ၌ အထင်ရှားဆုံး၊ အကျော်ကြားဆုံး၊ တန်ခိုးအရှိန်အဝါ အကြီးဆုံးသော ဓမ္မပဒ ဘာသာပြန်ကို ပေးအပ်သည်'လို့ အလေးအနက် ဖော်ပြထားပါတယ်။
မနှိုင်းယှဉ်အောင် လှပသော ဂါထာတို့သည် အကြံဉာဏ်ပေးရန်အတွက်ဖြစ်စေ၊ အမျိုးမျိုးသော ဆင်းရဲဒုက္ခ လျော့ပေါ့သက်သာရန်အတွက် ဖြစ်စေ၊ ကောင်းသတင်းကျော်စောရန်အတွက် ဖြစ်စေ၊ ထိုးထွင်း၍ သိမြင်ရန်အတွက်ဖြစ်စေ ဘယ်အခါမှ အချည်းအနှီးမဖြစ်၊ တစ်ခုခုအတွက် အကျိုးရှိသည်သာ ဖြစ်သည်ဟု သိဟိုဠ်သား အရှင်နာရဒ၏ အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒနိဒါန်း၌ ဖော်ပြထားသည်'လို့ နိုင်ငံတော် ဗုဒ္ဓသာသနာတော်အဖွဲ့က ကောက်နုတ်ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာဆိုင်ရာ ပညာရှိကဝိ အဆူဆူတို့က ဓမ္မပဒကို ဘယ်လိုပင် အလံတံခွန် ထူပြထားပါသော်လည်း အိုရှိုးရဲ့ ဒဿနအကျိုးအပျက်တွေကြားမှာ ဓမ္မပဒဟာ မရှုမလှ ပျက်စီးခဲ့ပါပြီ။ ဗုဒ္ဓဘုရား ရှင်ကို ကြည်ညိုချင်ယောင်ဆောင်ပြီး ဘုရားဟော ဓမ္မပဒကို ခေါင်းစဉ်တပ်အသုံးချကာ ပေါက်ကရဝါစာ အရူးချေးပန်း ပရမ်းပတာ ရေးသားဟောပြပြောထားတာတွေကို ဗုဒ္ဓဘာသာ ပညာရှင်များ လက်ပိုက်ကြည့်နေမှာလားလို့ မေးခွန်းထုတ်လိုက်ချင်ပါတယ်။
မှတ်ချက်။ ။ ယခုထုတ်ဝေထားတာ အတွဲ (၁)။ အတွဲ (၂)၊ အတွဲ (၃)တွေ လာလတ္တံ့တွေ၊ ဘေးဥပါဒ်တွေ ရှိနေပါသေးတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )