၂၀၂၅ ၊ စက်တင်ဘာ ၁၉
နိုင်ငံတော်၏ ကူညီထောက်ပံ့မှု၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ၏ ပူပေါင်းဆောင်ရွက်မှုကြောင့် ဆောက်လုပ်ရေးပစ္စည်းဈေးကွက် ပြန်လည်ပြီးတော့ တည်ငြိမ်စ ပြုနေပါပြီ . . .
"၂၀၂၅ မတ်လ ၂၈ ရက်က မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ ထိုထိခိုက်မှုများတွင် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် ငလျင်ဖြစ်ပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာနိုင်ရန်အတွက် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ယင်းသို့ ကူညီဆောင်ရွက်ပေးခြင်းနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဈေးကွက်အခြေအနေများကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးနှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည် ဖော်ပြလိုက်ပါသည်။
TREND ။ ။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်အနေနဲ့ အခုလို ပြပွဲနဲ့ဟောပြောပွဲကျင်းပရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။
UKKL ။ ။ ကျွန်တော်တို့ မနက်ပိုင်းက MCEF အနေနဲ့ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်းတို့ နှစ်ဖက်စီးပွားရေးမိတ်ဖက်အနေနဲ့ စီးပွားရေးပြပွဲ ကျင်းပခဲ့တယ်။ အခု နေ့လယ်ကြတော့ ဆရာကြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်နဲ့ ဆရာဦးအောင်ထူးတို့က ငလျင်ဘေးအလွန်ကာလမှာ MSME တွေ စီးပွားရေးကောင်းမွန်အောင် ပြန်လည်တည်ဆောက်ဖို့အတွက် Build Back Better ဆိုပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသိပညာပေး ဆွေးနွေးပွဲကို လုပ်ဖြစ်သွားတာပါ။
TREND ။ ။ ငလျင်ဖြစ်ပြီး နောက်ပိုင်းမှာ အသင်းအနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နေလဲ။
UKKL ။ ။ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်အနေနဲ့ မန္တလေးငလျင်ကြီး စဖြစ်ပြီဆိုတာနဲ့ ရည်မှန်းချက်သုံးရပ်ထားပြီးတော့ လုပ်ခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပညာပေးရေးဆိုပြီးတော့ ဦးတည်ချက် သုံးရပ်ထားပြီးတော့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ကတော့ ပညာပေးရေးလု ပ်ငန်းစဉ်ထဲမှာပါတဲ့ ငလျင်ဖြစ်ပြီးတော့ အင်ဂျင်နီယာပညာရှင်ကြီးတွေ၊ အတတ်ပညာရှင်တွေနဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုကြတော့ ကျွန်တော်တို့ စီးပွားရေးဆိုင်ရာပေါ့။ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ပြန်လည်ကုစားနိုင်ဖို့ နည်းလမ်းတွေအတွက် အတွေးအခေါ်တွေ ပြန်လည်ပြီး ရရှိလာနိုင်အောင် စီစဉ်ပေးတာပါ။

TREND ။ ။ ငလျင်ဖြစ်ပြီးနောက်ပိုင်း ထပ်မံပြီးတော့ ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်အောင် ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲ။
UKKL ။ ။ ကျွန်တော်တို့ဆီမှာ နောက်ပိုင်း ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီ၊ အထပ်မြင့် ကော်မတီဆိုပြီး ပညာရပ်ဆိုင်ရာအသင်းတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ လုပ်ငန်းရှင်တွေပေါ့။ လုပ်ငန်းရှင်အသင်းနဲ့ ပညာရှင်အသင်းတို့က တက်တက်ကြွကြွနဲ့ အတူပူးပေါင်းဆောင်ရွက်ပြီးတော့ နောင်မှာ ဒါမျိုးမဖြစ်အောင် ဘယ်လို တည်ဆောက်ကြမလဲဆိုတာကို အနီးစပ်ဆုံး သက်ဆိုင်ရာဌာနဆိုင်ရာတွေက ကြီးကြပ်ပြီးတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။
TREND ။ ။ အခုနောက်ပိုင်းမှာ ထိခိုက်ပျက်စီးသွားတဲ့နေရာတွေကို ဘယ်လိုမျိုး ပူးပေါင်းဆောင် ရွက်နေပါသလဲ။
UKKL ။ ။ ငလျင်ဖြစ်ပြီးနောက်ပိုင်းမှာ ထိခိုက်ပျက်စီးသွားတဲ့ နေရာတွေကို အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် စသည်တို့သတ် မှတ်ထားတာတွေ ရှိပါတယ်။ ဒါကို ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်အနေနဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ပြောသွားသလို တိုင်းပြည်မှာ အရေးအရာ ပေါ်လာတဲ့အခါတိုင်း၊ သဘာဝဘေးအန္တရာယ်ပေါ်လာတိုင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေနဲ့ ထိပ်ဆုံးကနေ ဆောင်ရွက်နေသလို ငလျင်ဖြစ်တဲ့အခါမှာလည်း နေပြည်တော်၊ မန္တလေးနဲ့ ထိခိုက်မိတဲ့နေရာတိုင်းမှာ စောစောကပြောတဲ့ လုပ်ငန်းစဉ်သုံးရပ်ကို ချမှတ်ပြီးတော့ အခုလည်း တောက်လျှောက် လုပ်ပေးနေသလို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
TREND ။ ။ ငလျင်ဖြစ်ပြီး နောက်ပိုင်းမှာ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်က အမြင့်ဆုံး ဖြစ်ခဲ့တယ်။ ယခု ဈေးကွက်အခြေအနေလေး ပြောပေးပါဦး။
UKKL ။ ။ ငလျင်ပြီးတဲ့နောက်ပိုင်းမှာ သံချောင်း၊ ဘိလပ်မြေ စသည်တို့က အကြောင်းကြောင်းကြောင့် ဈေးတက်သွားတယ်။ အခုချိန်မှာတော့ ပြန်လည်ပြီးတော့ တည်ငြိမ်လာပါပြီ။ ဒါက နိုင်ငံတော်ရဲ့ ကူညီထောက်ပံမှုရော၊ သက်ဆိုင်ရာလုပ်ငန်းရှင်တွေရဲ့ ပူပေါင်းဆောင်ရွက်မှုရော၊ ဘိလပ်မြေဈေးတွေ ဆိုရင်လည်း ပြန်လည်ပြီးတော့ တည်ငြိမ်စ ပြုနေပါပြီ။ သံဈေးတွေဆိုရင်လည်း အရင်တုန်းက သုံးသောင်း၊ လေးသောင်းဖြစ်တဲ့အခါမှာ အခု နှစ်သောင်းအောက်ဆိုတော့ ပြန်ပြီးတော့ တည်ငြိမ်စ ပြုနေ ပါပြီလို့ ပြောလို့ရပါတယ်။
TREND ။ ။ လက်ရှိ အခြေအနေမှာ ဆောက်လုပ်ရေးဈေးကွက်အနေနဲ့ရော ဘယ်လိုရှိလဲ။
UKKL ။ ။ ဆောက်လုပ်ရေး ဈေးကွက်ကလည်း အစပိုင်းဖြစ်တုန်းက ကြောက်တာရော၊ ယုံကြည်မှု ထိခိုက်သွားတာကြောင့် နည်းနည်းနှေးသွားတယ်။ အခုဆိုရင် လုပ်ငန်းရှင်အသင်းတွေရော၊ ပညာရှင်တွေရောက ပညာပေးလုပ်ငန်းတွေနဲ့အတူ အကောင်းဆုံး ပြန်လည်တည်ဆောက်မယ်ဆိုတဲ့အတွက် နဂိုကထက်ပိုပြီး အကောင်းဘက်ကို ရောက်လာပါပြီ။ ငလျင်ဖြစ်ပြီး နောက်ပိုင်း ဖြစ်ဖြစ်ချင်းတော့ ခဏ ဖြစ်သွားတာပါ။ ဒါက ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ သဘာဝက အနိမ့်အမြင့် အတက်အကျတွေရှိတဲ့ သဘာဝဆိုတော့ အနိမ့်အမြင့် အတက်အကျတွေအတိုင်း လုပ်ငန်းရှင်တွေက ဆောင်ရွက်နေကြတာပါ။ အခုတော့ ပြန်လည် တည်ငြိမ်တဲ့ အခြေအနေရှိနေပါပြီ။
TREND ။ ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ အတူ MCEF က ပူးပေါင်းပြီး လှည်းကူးမှာ ဧက ၂၀၀ ရုပ်ရှင်မြို့တော်စီမံကိန်း အကောင်အထည်ဖော်မှု အပိုင်းလေးကိုလည်း ရှင်းပြပေးပါဦး။
UKKL ။ ။ အသင်းအနေနဲ့ကတော့ စီးပွားရေးလုပ်ငန်းရှင်အသင်းဖြစ်တဲ့အတွက် ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက မိတ်ဖက်တွေ၊ ညီနောင်တွေပါပဲ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တည်ဆောက်မယ့် ဧက ၂၀၀ ရုပ်ရှင်မြို့တော်စီမံကိန်း ဆောင်ရွက်မယ့် အပေါ်မှာ MCEF အနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်က ဘာကူညီလို့ရမလဲပေါ့နော်။ နည်းပညာပိုင်းဆိုင်ရာ တည်ဆောက်ရေးပိုင်းဆိုင်ရာ တွေကိုပါ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေတာပါ။ အခု အခြေအနေက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက EOI ခေါ်ထားပြီး အောင်မြင်တဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ယူနေတယ်လို့ သိရပါတယ်။ မကြာခင်မှာ တင်ဒါပရော ဂျက်တွေတင်ပြီး လုပ်ငန်းစတင်နိုင်တော့မှာဖြစ်တယ်လို့ ရည်မှန်းထားတယ်။ MCEF အနေနဲ့ကတော့ နည်းပညာအကူအညီပေးရေးနဲ့ အကြံပြုပေးရေးပေါ့၊ ကျွန်တော်တို့ကတော့ ကူညီပေးရေးအပိုင်းပါ။ ပြန်လည် တည်ဆောက်ရေးအပိုင်းမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လိုအပ်လာခဲ့ရင် မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အနေနဲ့ အပြည့်အဝကူညီပေးဖို့ ရှိပါတယ်။
TREND ။ ။ ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကြံပြုချက်လေးပေးပါဦး။
UKKL ။ ။ နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းကပဲ အရေးကြီးတာပါ။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် တည်ဆောက်ရေးလုပ်ငန်းကို စပြီး လုပ်ရတာပါ။ ဒါက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ဆောက်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာကလည်း အချိုးကျတာပေါ့။ တည်ဆောက်ဖို့ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ရတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင်လည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ရတယ်။ ဆောက်လုပ်ရေးလို့ ပြောပေမယ့် သူ့ရဲ့အဆင့်က အရမ်းကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ အုတ်၊ သဲ၊ ကျောက်ကအစ ရင်းနှီးမြှုပ်နှံတဲ့သူတွေအထိ ပြည်သူအားလုံးနဲ့ ပတ်သက်နေရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုး တက်မှသာ တိုင်း ပြည်ရဲ့စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ အားလုံး ကြိုးစားကြဖို့ လိုအပ်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UKKL ။ ။ ကျွန်တော်တို့က လူမှုရေးအသင်း လည်းဖြစ်တယ်။ လုပ်ငန်းရှင်အသင်းလည်း ဖြစ်တယ်။ လိုအပ်လာလို့ အကူအညီတောင်းရင် လိုအပ်တဲ့အခက်အခဲ၊ အကူအညီတွေကို MCEF ကို အကူအညီ တောင်းနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကူညီပေးဖို့ရှိပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )