Breaking

ရွေးကောက်ပွဲက အရွေ့တစ်ခု ဖြစ်တယ်ဆိုတာ စစ်ရှောင်တွေက နားလည်ထားကြတယ် . . . ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေ အတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာနှင့် ဆက်သွယ် မေးမြန်းခြင်း

၂၀၂၅ ၊ အောက်တိုဘာ ၃၀

    ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ၊ ရွေးကောက်ပွဲအလွန် အလားအလာ၊ ပြည်နယ်တွင်းအခြေအနေတို့နှင့်ပတ်သက်၍ ကချင် ပြည်နယ် ပြည်သူ့ပါတီ (KSPP) အထွေထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာအား  ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပါတီ ရပ်တည်ဆောင်ရွက်နေတဲ့ ပါတီမူဝါဒက  ဘာဖြစ်မလဲ။
UMRCJ    ။    ။
NCA နှစ်ပတ်လည်မှာလည်း အားလုံးပြောထားပြီးပြီ။ အဓိကကတော့ ပါတီအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းရေးဆိုတာ ကျွန်တော်တို့ပါတီရဲ့ အစကတည်းက မူဝါဒမှာလည်း ပါပြီးသားဖြစ်ပါတယ်။ ပါတီအနေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းရေးဆိုတဲ့အပေါ်မှာ ရပ်တည်သွားမှာပါ။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားတွေအနေနဲ့က ဖက်ဒရယ်စနစ်ကို လို လားကြတယ်။ ကျွန်တော်တို့နိုင်ငံက စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တဲ့အခါကျတော့ ဖက်ဒရယ်စနစ်ကိုရမှသာလျှင် နိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုက ပိုပြီး သက်ရောက်မှုရှိမယ်လို့ ခံယူထားတာကိုး။ အဲဒီလို ခံယူထားတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းရေးဆို တာ ကျွန် တော်တို့ပါတီရဲ့ အဓိကမူဝါဒပါ။ နောက်တစ်ခုကကျတော့ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အဲဒါလည်း ကျွန်တော်တို့ရဲ့ အခြေခံမူဖြစ်တာပေါ့။ ကျွန်တော်တို့ပါတီက လူမျိုးဘာသာမရွေး အားလုံးပါဝင် သက်ရောက်နိုင်တယ်။ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင် ပြီးတော့မှ ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုတဲ့ အပေါ်မှာ အခြေခံ ရပ်တည်ထားတဲ့ ပါတီဖြစ်ပါတယ်။

TREND ။        ။ ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုအခြေအနေ ပြောပြပါဦး။
UMRCJ    ။    ။
ကချင်ပြည်နယ်မှာက တကယ်တမ်း လွှတ်တော်အသီးအသီးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းက ၇၀ လောက် ရှိတယ်။ ၇၀ က PR ရော၊ FPTP ရော ပေါင်းပေါ့။ နောက်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အပါအဝင်ပေါ့။ ၇၀ လောက်ရှိတဲ့အထဲမှာ ကျွန်တော်တို့ပြည် နယ်ရဲ့ နယ်မြေအခြေအနေရယ်၊ ကျွန်တော်တို့ပါတီ အခြေအနေနဲ့ဆိုရင် အားလုံးပေါင်း ကိုယ်စားလှယ်လောင်းက PR ရော၊ FPTP ရော ၂၅ ဦး ဝင်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ၇၀ လုံး အပြည့်ဝင်မပြိုင်နိုင်တဲ့ အကြောင်းအရင်းကတော့ ဘယ်နေရာတွေက ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ တွက်ချက်မှုတွေပေါ့။ ဘယ်နေရာတွေကတော့ ရွေးကောက်ပွဲမှာ လျော့သွားနိုင်သလဲဆိုတဲ့ အခြေအနေ၊ နယ်မြေအခြေအနေ သုံးသပ်ခဲ့တာတွေ ရှိတာပေါ့။
    ဆွမ်ပရာဘွန်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် အဲဒီမြို့နယ်တွေကတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမပြုနိုင်တဲ့ မြို့နယ်တွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတယ်။ အဲဒီအထဲကမှ ၁၄ မြို့နယ်ကို ကျင်းပမယ်လို့ ပြည် ထောင်စုရွေးကောက် ပွဲကော်မရှင်က သတ်မှတ်ကြေညာခဲ့ပါတယ်။ လေးမြို့နယ်ကတော့ မကျင်းပနိုင်ဘူးပေါ့။ ကျွန်တော်တို့ သုံးသပ်ထားတာကလည်း အဲဒီရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ မြို့နယ်လေးခုပေါ့။ နဂိုကတည်းက အဲဒီမြို့နယ်တွေရဲ့ အခြေအနေကို တွက်ထားတာလဲပါတော့ အဲဒီမြို့ နယ်တွေက ဝင်မပြိုင်ဘူးလို့ ဆုံးဖြတ်ထားတာ။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ဆီမှာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်တဲ့အခါမှာ အဓိကကတော့ ကျွန်တော်တို့ ပါတီဝင်တွေကိုပဲ ဦးစား ပေးတာပေါ့။ ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ ပါတီဝင်‌တွေကိုပဲ ဦးစားပေးရွေးချယ်ခဲ့တယ်။ အဲဒီလို ရွေးချယ်ခဲ့တာကြောင့်လည်း ၇၀ လုံး မပြိုင်နိုင်တော့ဘဲ ၂၅ ဦးပဲ ဝင်ပြိုင်မယ့်အခြေအနေ ဖြစ်သွားတာပေါ့။ နည်း နည်းတော့ အားနည်းသွားတာပေါ့။


TREND ။        ။ ကျင်းပမယ့် ၁၈ မြို့နယ်မှာ ပါတီအတွက်၊ ဘယ်မြို့နယ်က ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုဖြစ်မလဲ။
UMRCJ    ။    ။
ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုအရှိဆုံးက ဗန်းမော်တစ်ခရိုင်လုံးပေါ့။ စိန်ခေါ်မှုတွေများပါတယ်။ လက်ရှိအနေအထားမှာလည်း ဗန်းမော်ကို တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ဖို့ လိုသေးတယ်လို့ မြင်တယ်။ အဲဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကာလကို ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ အနေအထား တစ်ခုလည်း ရှိနေပါတယ်။ နောက်တစ်ခါ ဝိုင်းမော်မြို့ နယ်ဘက်မှာလည်း တချို့ကျေးရွာ တွေမှာက ရွေးကောက်ပွဲနဲ့ပတ်သက်ရင် စိန်ခေါ်မှုတွေရှိတယ်။ စိန်ခေါ်မှုကဘာလဲဆိုရင် နယ်မြေတွေကို တပ်မတော်က တစ်ခြမ်းသိမ်းထားတယ်။ တစ် ခြမ်းမှာလည်း တစ်ဖက်လက်နက်ကိုင်တွေက ရှိနေတာ ပေါ့။ ဆိုတော့ ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ မဲဆန္ဒနယ်တွေ UEC က ထပ်ပြီးကြေညာဖို့ရှိတယ်။ အဲဒီအခြေအနေက Final ပဲ။ ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအရဆိုရင် ရွေးကောက်ပွဲမကျင်းပမီ တစ်လမှာ ကြေညာဖို့ရှိတယ်‌ဆိုတော့ နိုဝင်ဘာ ၂၈ ရက်လောက်ဆိုရင် မဲဆန္ဒနယ်တွေ ထပ်ပြီးကြေညာ မယ်လို့ထင်တယ်။ အဲဒါကိုလည်း တစ်ချက်ကြည့်ရမယ်။ ဘယ်နေရာတွေကို ထပ်ပယ်ဖျက်မလဲ၊ တိုးလာမလဲပေါ့။ ရွေးကောက်ပွဲကျင်းပတယ်ဆိုတာက နယ်မြေအခြေအနေအပေါ်၊ လုံခြုံရေးအခြေအနေအပေါ်မူတည်ပြီး ကျင်းပရတဲ့အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ မဲဆန္ဒနယ်ထပ် ပြီး ကြေညာနိုင်တယ်လို့သုံးသပ်တာပါ။

TREND ။        ။ လက်ရှိ ဗန်းမော်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နယ်မြေအခြေအနေ သိရသလောက် ပြောပြပါဦး။
UMRCJ    ။    ။
သတင်းတွေအရကတော့ လိုင်းပေါ်မှာတွေ့ရသမျှ သတင်းမျိုးစုံ မြင်ရတာပေါ့။ စစ်ရေးဆိုတော့ ပြောရတာလည်း ခက်ပါတယ်။ နိုင်ငံတော် အစိုးရ တပ်မတော်ကတော့ ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတော့ ရွေးကောက်ပွဲ မတိုင်ခင်ရအောင် တပ်မတော်က ပြန်ပြီး ထိန်းချုပ် လိမ့်မယ်လို့ ထင်ပါတယ်။ အခုကလည်း ဗန်းမော်ရဲ့ တချို့တစ်ဝက်ကို တပ်မတော်က သိမ်းထားပြီးပြီ။ ရွေးကောက် ပွဲမတိုင်ခင် တပ်မတော်က အလုံးစုံ ပြန်ထိန်းချုပ် လိမ့်မယ်ထင်ပါတယ်။ အလုံးစုံပြန်သိမ်းဖို့ လိုသေးတာပေါ့။ နယ်မြေတည်ငြိမ်မှ ရွေးကောက်ပွဲကို ပြန်ပြီး ကျင်းပမယ့် အနေအထားရှိတာကိုး၊ ကျွန်တော့်အမြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဗန်းမော်ဆိုတာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တာကိုး။ လက်ရှိအခြေအနေက သိရသလောက် ကချင်ပြည်နယ်မှာကတော့ ဗန်းမော်က တစ်ခရိုင်လုံးနီးပါး လောက် KIA က ခေတ္တစိုးမိုးထားတာပေါ့။ မံစီ၊ မိုးမောက်၊ ရွှေကူတော့ လွတ်နေတယ်။ အဲဒီမှာ ဗန်းမော်၊ မံစီ၊ မိုးမောက်တို့က  KIA က ခေတ္တစိုးမိုး ထားတော့ သီပေါတို့၊ ကျောက်မဲတို့နဲ့ မတူညီတာက ဗန်းမော်နဲ့ မိုးမောက်နဲ့ဆိုရင် မြေပြင်မှာကြည့်လိုက်ရင် ကျေးရွာ‌တွေက တစ်ဆက်တစ်စပ်တည်း အကုန်လုံး ဆက်စပ်မှုရှိတယ်။ မံစီကလည်း နည်းနည်းလောက်ပဲရှိတော့တယ်။ ဗန်းမော်၊ မံစီ၊ မိုးမောက် အကုန်လုံးက ဆက်စပ်မှုရှိတော့ အဲဒီမြို့နယ်တွေကို တပ်မတော်က အလုံးစုံပြန်ထိန်းချုပ်နိုင်မှ ဗန်းမော်ကတည် ငြိမ်အေးချမ်းမှာပါ။ ဗန်းမော်နဲ့မိုးမောက်နဲ့က ကျေးလက်တွေအကုန်လုံး လမ်းဘေးမှာ အိမ်‌ခြေတွေ အကုန်လုံး ဆက်စပ်နေတယ်။ အဲဒီလိုဆက်စပ်နေတော့ ဗန်းမော်ရပေမယ့်လည်း မိုးမောက်တို့၊ မံစီတို့က ရှိသေးတာကိုး။ အဲဒီတစ်ကြောလုံး အလုံးစုံ ပြန်ထိန်းချုပ်မှပဲ သီပေါ၊ ကျောက်မဲတို့လို ပုံစံလုပ်လို့ရမယ် ထင်တယ်။ ပြီးတော့ စစ်ရှောင်တွေကလည်း တခြားမြို့နယ်‌တွေ ရောက်နေကြတော့ သူတို့ ဗန်းမော် ပြန်လာဖို့ အခြေအနေကလည်း ရှိနေသေးတယ်။ ဗန်းမော်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်။ တပ် မတော်ကလည်း တိုက်နေတာရှိနေသလို တစ်ဖက်ကလည်း အင်အားဖြည့်တင်းပြီး ပြန်တိုက်နေတာ ရှိတာပေါ့။ စစ်ရေးကိစ္စကတော့ သုံးသပ်ရခက်ပါတယ်။ ကျွန်တော်တို့ သုံးသပ်မိတာ‌ကတော့ ဗန်းမော် တစ်ခုတည်းတင်မကဘဲ မိုးမောက်တို့၊ မံစီတို့ အဲဒီတစ်ကြော‌တွေကိုပါ တည်ငြိမ်အောင်လုပ်ပြီးမှသာလျှင် ဗန်းမော်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပိုပြီးအဆင်ပြေနိုင်မယ်လို့ မြင်ပါတယ်။

TREND ။        ။ ရှမ်းမြောက်က TNLA ခေတ္တစိုးမိုးထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို တပ်မတော်က ပြန်သိမ်းပြီး နယ်မြေတည်ငြိမ်ရေးနဲ့ အစိုးရယန္တရားလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနေပါတယ်။ ဗန်းမော်ခရိုင် တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်လိုမျှော်လင့်လဲ။
UMRCJ    ။    ။
ပဋိပက္ခဖြစ်ပွားတဲ့ ဒေသမှာတော့ တပ်မတော်က ပြန်သိမ်းပြီး နယ်မြေတည်ငြိမ် အေးချမ်းအောင်မဖြစ်မနေ လုပ်ကိုလုပ်ရမယ်။ နယ်မြေတည်ငြိမ် ရေးဆိုတာကတော့ အများကြီးပါလာတာပေါ့။ အများကြီး ပါလာတယ်ဆိုတာက လက်နက်ကိုင်ပဋိပက္ခ တစ်ခုတည်း မဟုတ်ဘူးပေါ့။ ကျန်းမာ ရေး၊ ပညာရေး၊ ဌာနဆိုင်ရာလုပ်ငန်းတွေလည်ပတ်ဖို့ ဒါတွေအားလုံး ပါလာတာပေါ့။ အဲဒီလိုလုပ်ပြီးမှပဲ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေက လုပ်လို့အဆင်ပြေသွားတာပေါ့။ ဆိုတော့ ဗန်းမော်ဘက်မှာလည်း အခု ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ  ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ်ဆိုတာ သိသာနေတယ်၊ အဲဒီလို သုံးသပ်မိပါတယ်။ အဓိကကတော့ ဗန်းမော်သိမ်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေး လုပ်မယ်ဆိုရင် သက်ဆိုင်ရာဌာနတွေကိုလည်း သီပေါ၊ ကျောက်မဲတို့လိုလုပ်မယ်လို့ ထင်ပါတယ်။
    လုပ်ပြီးရင် ရွေးကောက်ပွဲက လုပ်ရကိုင်ရတာ အဆင်ပြေသွားမယ်ပေါ့။ ပြီးတော့ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာရဲ့ ပြောဆိုမှုတွေကလည်း လွတ်သွားမယ်။ရွေးကောက်ပွဲဖြစ်ဖို့ လုပ်နိုင်ဖို့က နည်းလမ်း တွေတော့ ရှိမှာပါ။ ရွေးကောက်ပွဲ‌ဆိုင်ရာ ဥပဒေမှာတော့ရှိပါတယ်။သက်ဆိုင်ရာ မြို့ နယ်တွေမှာ ကျင်းပလိုက်မယ်။ ပုံမှန်ကျင်းပတဲ့ပုံစံအတိုင်း တပ်မတော်က ထိန်းချုပ်ထားတဲ့ မြို့နယ်မှာ မဲရုံ သုံး၊ လေးရုံဖွင့်မယ်။ ကျန်တဲ့နေရာတွေမှာ ကြိုတင်မဲနဲ့ လုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းရှိတယ်။ ဒါက ရွေးကောက်ပွဲကို ကျော်ဖြတ်နိုင်တဲ့ နည်းလမ်းပေါ့။နောက်နည်းလမ်းတစ်ခုကတော့ အဲဒီမြို့ကို အလုံးစုံပြန် လည်ထိန်းချုပ် ပြီးတော့ အဲဒီဒေသက စစ်ဘေးရှောင်တွေကို အကုန်ပြန်ပို့လိုက်တဲ့ နည်းလမ်းတစ်ခုရှိတယ်။ အဲဒါဆိုရင် ရွှေ့ပြောင်းတွေအကုန်လုံး ဗန်းမော်ကို ရောက်မယ်။ ဗန်းမော်မှာ ရွေးကောက်ပွဲလုပ်မယ်ပေါ့။ လုပ်ရမယ့် လုပ်ငန်းစဉ်ကတော့ တော် တော်တော့ များပါတယ်။ အခု တော်တော်များများမှာ ပုံစံ ၁၅ နဲ့ ပို့ထားတာတွေ များပါတယ်။ ဒါကတော့ ရွေးကောက်ပွဲလုပ်ရင် သက်သက် သာသာတော့ ရှိလိမ့်မယ်။ ဗန်းမော်ကို တပ်မ တော်က အလုံးစုံသိမ်းပြီး နယ်မြေတည်ငြိမ်အောင် လုပ်မယ်၊ တစ်ပြိုင်နက်တည်းမှာပဲ ရွှေ့ပြောင်းတွေအ ကုန်လုံးကို ဗန်းမော်ကိုပြန်ပို့မယ်။ သူတို့ရောက်လာမှ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် နည်းနည်းခက်မယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗန်းမော်သည် ဒီဇင်ဘာ ၂၈ ရက်မှာ ပထမအကြိမ် ရွေးကောက် ပွဲလုပ်မယ့် အပိုင်း(၁) မှာ ပါနေတဲ့ အခါကျတော့ ကျင်းပတဲ့အခါမှာ နယ် မြေတည်ငြိမ်တဲ့ သုံး၊ လေးနေ ရာမှာ မဲရုံ‌တွေ ဖွင့်လိုက်မယ်၊ ဖွင့်ပြီးရင် ကျန်တဲ့ယာယီရွှေ့ပြောင်းစခန်းတွေမှာ ကြိုတင်မဲနဲ့ပဲ သွားနိုင်ဖို့ များတယ်လို့ မြင်ပါတယ်။ 

TREND ။        ။ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေကြလဲ။
UMRCJ    ။    ။
စစ်ဘေးရှောင်တွေကတော့ မြစ်ကြီးနားမှာလည်း စခန်းတွေ ၄၀ ကျော်လောက်ရှိတယ်။ ထိုနည်းတူစွာပဲ မန္တလေးမှာလည်းရှိတယ်။ မေမြို့မှာလည်း တချို့ရှိတယ်။ ရန်ကုန်မှာလည်း ရှိတယ်။ အဲဒီ စစ်ဘေးရှောင်တွေက ပထမဆုံး မိုးမောက်တို့၊ မံစီတို့မှာ တိုက်ပွဲတွေ ဖြစ် လာတော့ ဗန်းမော်ထဲကို ဝင်လာကြတယ်။ ဗန်းမော်မှာ ဖြစ်လာတော့ ဗန်းမော်ကနေ မြစ် ကြီးနားဘက်ကို ပတ်ပြေးလာကြတာ။ တချို့ကျတော့လည်း ရွှေကူနားမှာ သွားနေကြတာပေါ့။ တချို့ကျတော့လည်း မထူးဘူးဆိုပြီး မန္တလေးမှာ သွား‌နေကြတယ်။ အများဆုံးကတော့ နီးစပ်တဲ့ မြစ်ကြီးနားကို ပြေးလာကြတာပေါ့။ အဲဒီအခြေအနေမှာ သူတို့ စစ်ရှောင်စခန်းတွေ မှာနေရတာ အခက်အခဲတွေ အများကြီး ကြုံနေရတယ်။ သူတို့အနေနဲ့ အရွေ့ တစ်ခုကို လိုချင်နေကြတယ်။ ဒီလိုစစ်ရှောင်စခန်းတွေမှာ နေရတယ်ဆိုတာက ကိုယ့်အိမ်ကိုယ့်ရာမဟုတ်‌တော့ အခန်းကျဉ်းကျဉ်းလေးမှာပဲ နေရတယ်။ သွားလာရတယ်။ နောက်တစ်ခုကျတော့ ရပ်တည်ရေး အတွက်လည်း ခက်ခဲကြတယ်။ တချို့ဆိုရင် ထွက်ပြီးမှ အပြင်အလုပ်တွေလုပ်ရတယ်။ ကိုင်ရတယ်ဆို တော့ အခက်အခဲမျိုးစုံ ကြုံရတာပေါ့။ ကျွန်တော်တို့ မေးကြည့်တယ်။ ဆိုတော့ အရွေ့တစ်ခုတော့ သူတို့ လိုချင်ကြတယ်။ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲမှာ ကချင်စစ်ဘေးရှောင်တွေ မဲထည့်ကြလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူတို့အိမ်ပြန်ချင်နေကြပြီ။ ကိုယ့်ဒေသကို ပြန်ချင်နေတဲ့ အခါကျတော့ ဘာပဲပြောပြော ရွေးကောက်ပွဲကနေ အရွေ့တစ်ခုဖြစ်တဲ့အတွက်ကြောင့် သူတို့လည်း မဲထည့်ဖို့ စိတ်ထဲမှာ ရှိနေကြပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ပုံစံ ၁၅ နဲ့ ပတ်သက်ပြီး မဲပေးဖို့ စာရင်းသွားကောက်တဲ့အခါ  သူတို့က လွယ်လွယ်ကူကူ ရှောရှောရှူရှူ ပေးကြပါတယ်။ ဒါက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားလို့သာ လွယ်လွယ်ကူကူ လုပ်ကိုင်ဆောင်ရွက်ပေးကြတာပါ။ တချို့ကို ကျွန်တော်မေးကြည့်ပါတယ်။ အိမ်ပြန် မယ်ဆိုရင် ဟိုရောက်သွားရင် ခင်ဗျားတို့ အိမ်မရှိဘူး၊ တချို့ဆိုရင် အိမ်တွေပျောက်သွား ပြီပဲဆိုတော့ရတယ်၊ ဖြစ်အောင် ပြန်ပြီးကြိုးစားမယ်လို့ ပြောပါတယ်။ တချို့စစ်ဘေးရှောင် တွေဆိုရင် သူတို့ သားသမီး တွေမှာ အလုပ်အကိုင် ရှိထားပြီးပြီဆိုတော့ သူတို့အတွက်က သူတို့မြို့ကို ပြန်မယ်။ ပြန်တည်ဆောက်မယ်ပေါ့၊ အဲဒီလိုပုံစံမျိုးတွေ၊ အဲဒီလို အ‌တွေးတွေက များပါတယ်။ စခန်းတွေမှာ နေရတာက ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့ သူတို့ အိမ်ပြန်ချင်ကြတာ။ ပြီးတော့ ရွေးကောက်ပွဲက အရွေ့တစ်ခုဖြစ်တယ်ဆိုတာ သူတို့ နားလည်ထားကြတယ်။ ပြီးတော့ ဒီတစ်ခေါက် စစ်ရှောင်တွေက အရင်နဲ့မတူတာက မြို့ပေါ်နေတဲ့ သူတွေပါ စစ်ရှောင်တာကိုး။ အရင်တုန်းက စစ်ရှောင်တယ်ဆိုတာ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေက စစ်ရှောင်ခဲ့တာ။ အခုက မြို့ပေါ်နေထိုင်သူတွေက သူတို့ရဲ့ရပ် တည်မှု အခက်အခဲတွေအရ စစ် ရှောင်လာတော့ ရွေးကောက်ပွဲဟာ အရွေ့တစ်ခုဖြစ်မယ်လို့ မြင်ကြတယ်။ ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်ချင် ကြတယ်။

TREND ။        ။ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့နဲ့ပတ်သက်ပြီး ပါတီအနေနဲ့ ဘယ်လိုမျိုးဖြစ်စေချင်လဲ၊ ဒီအပေါ် ဘာပြောချင်လဲ။
UMRCJ    ။    ။
နိုင်ငံရေးပါတီ ဆိုတာကတော့ ပြည်သူကို အခြေပြုပြီးတော့မှ ပြည်သူ့အပေါ်မှာ တည်ဆောက်ရတာကိုး။ ပြည်သူ့ဆန္ဒကို သွေဖည်လို့ မရပါဘူး။ ပြည်သူတွေက လောလောလတ်လတ် အိမ်ပြန် ချင်တာပေါ့ဗျာ။ နောက်တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေချင်ကြတယ်။ နောက်တစ်ချက်က ကောင်း ကောင်းမွန်မွန်နဲ့ လုပ်ကိုင်စားသောက်ချင်ကြတာပေါ့။ စစ်ရှောင်စခန်းမှာ သူတို့ ကျပ်ကျပ်တည်း တည်း နေကြရတယ်။ အရင်တုန်းက လွတ်လွတ်လပ်လပ် နေလာခဲ့ရတဲ့သူတွေကိုး။ အဲဒီလို ကိုယ့်အိမ် ကိုယ့်ရာမှာ နေလာခဲ့ရတဲ့သူတွေဆိုတော့ သူတို့အတွက်က စိတ်ပိုင်းဆိုင်ရာ တွေလည်း မတူညီတဲ့ ထိခိုက်ခံစားတွေ ရှိကြတာပေါ့။ ဒါကတော့ ကျွန်တော်တို့ မြင်ထားတဲ့ အနေအထားတွေပေါ့။ ကျွန်တော်တို့ကတော့ နယ်မြေတည် တည်ငြိမ်ငြိမ် ဖြစ်သွားစေချင်ပါတယ်။ အဲဒီအပေါ်မှာလည်း အတတ်နိုင်ဆုံး တတ်နိုင်တဲ့ကူညီပေးတာမျိုး ဒီလောက်ပဲ လုပ်ပေးနိုင်သေးတာပေါ့။

TREND ။        ။ ရွေးကောက်ပွဲအလွန် အခင်းအကျင်းကို ဘယ်လိုသုံးသပ်ချင်လဲ။
UMRCJ    ။    ။
ကျွန်တော်တို့ မြင်တာကတော့ ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်ပွဲမှာ နိုင်ငံရေးအရ အကြံပြုချက်တွေများတယ်။ စီးပွားရေး အကြံပြုချက်တွေလည်း များပါတယ်။ အကြံပြုချက်တွေများတဲ့ အခြေအနေတွေကို ကြည့်လိုက်တဲ့အခါကျတော့ ဘာပဲပြောနေပြောနေ ရွေး ကောက်ပွဲ အလွန်ကာလက အခြေအနေတစ်ခုကတော့ ပြောင်းလဲသွားမှာပါ။ လွှတ်တော်ပေါ်လာမယ်၊ အစိုးရတစ်ရပ် ပေါ်လာမယ်။ အဲဒီလို ပြောင်းလဲတဲ့အခါမှာ အဓိက လုပ်ဆောင်ရမှာက လက်ရှိဖြစ်ခဲ့တဲ့ အရာတွေအပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက်ဘယ်လိုကောင်းအောင် လုပ်ကြမလဲဆိုတာကတော့ ဒီကိစ္စကလွှတ်တော်မှာ ဆွေးနွေးတင်ပြကြ မယ်လို့ မြင်ပါတယ်။ ပဋိပက္ခတွေ ဖြစ်လာခဲ့ရတယ်။ ဖြစ်လာပြီး ပဋိပက္ခအပေါ်မှာ သက်ရောက်မှုတွေ၊ နောက်ဒီပဋိပက္ခတွေ နောင်မပေါ်ပေါက်ဖို့ စသည်ဖြင့် ဒါတွေကို လွှတ်တော်မှာ တော်တော်ဆွေး နွေးကြ မယ်လို့ မြင်ပါတယ်။ တည်ငြိမ်အေးချမ်းမှသာလျှင် ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေက အောင်မြင်မှာကိုး။ ဆိုတော့ ရွေး‌ကောက်ပွဲအလွန်မှာကတော့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စကတော့ ပီပီပြင်ပြင် တွန်းအားပေး ဆောင်ရွက်ကြမယ့် အခင်းအကျင်းလို့ မြင်တယ်။ ဒါကြောင့်လည်း ရွေး ကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေက အကောင်းဘက်ကို ရွေ့လာမယ်လို့ သုံးသပ်မိပါတယ်။

TREND ။        ။ ရွေးကောက်ပွဲ အလွန်မှာ ဘယ်လိုအစိုးရမျိုး ပေါ်ပေါက်စေချင်လဲ။
UMRCJ    ။    ။
နောင်ပေါ်ပေါက်လာမယ့် အစိုးရတစ်ရပ်ကတော့ တော်တော်လေးကို တိုင်းပြည်အကျိုးအတွက် လုပ်ချင်ကိုင်ချင်တဲ့ စိတ်ရှိတဲ့သူတွေ၊ စိတ်ရင်း စေတနာကောင်းတဲ့သူတွေ၊ ထက်မြက်တဲ့သူတွေပါဝင်မှပဲ အရွေ့တစ်ခုက ကောင်းကောင်းမွန်မွန် ဖြစ်မယ်လို့ မြင်ပါတယ်။ ဒါကလည် နယ်မြေပေါင်းစုံ၊ လူမျိုးပေါင်းစုံ အဲဒီလိုဘက်ပေါင်းစုံကနေ ပါဝင်မှအရွေ့တစ်ခုက ကောင်းကောင်းမွန်မွန် ဖြစ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ တက်လာမယ့် အစိုးရအတွက်က တော်တော်ကြီး စိန်ခေါ်မှု ကြီးမားနိုင်လို့ပါပဲ။ ပေါ်ပေါက်လာမယ့် အစိုးရတစ်ရပ်အတွက်လည်း လုပ်ကိုင်ဆောင်ရွက်ရမယ့် ဝန်ထုပ်ဝန်ပိုးတွေများတယ်။ ခါတိုင်းနဲ့ မတူလောက်အောင်ကို နိုင်ငံရေးရာကိစ္စတွေ၊ တာဝန်‌တွေအရမ်းများမယ်။ ဒါတွေက အရင်ပေါ်ပေါက်ခဲ့တဲ့ လွှတ်တော်အစိုးရတို့နဲ့ အခြေအနေခြင်း မတူညီနိုင်ဘူးလို့လည်း မြင်ပါတယ်။

TREND ။        ။ ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရွေ့တစ်ခုဖြစ်တဲ့အကြောင်း ဖြည့်စွက်ပြောကြားပေးပါဦး။
UMRCJ    ။    ။
တော်တော်များများ ပြောနေကြတာကတော့ ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်တာကတော့ အရွေ့တစ်ခုဖြစ်တယ်။ တကယ်လည်း အရွေ့တစ်ခုရွေ့ဖို့အတွက် လိုလားနေကြတယ်။ မရွေ့ဘဲနဲ့နေလို့ရှိရင် လက်ရှိဖြစ်နေတဲ့ အရာတွေက ပိုမို နက်ရှိုင်းလာမှာပေါ့။ ပိုမိုလည်း ကြီးထွားလာမှာပေါ့။ ဆိုတော့ အရွေ့တစ်ခု‌ရွေ့မလား၊ ဒီအတိုင်းပဲ နေမလားဆိုတဲ့နေရာမှာ အရွေ့တစ်ခုကတော့ ရွေ့ရလိမ့်မယ်။ အဲဒီအရွေ့ဟာ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကနေ အရွေ့တစ်ခု ရွေ့နိုင်ဖို့အတွက် ပြည်သူတွေဘက်ကလည်း သေချာစဉ်းစားပြီးတော့မှ ပါဝင်ကြမယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်ကြီး ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ (ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF File Download Link

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56011

© 2022 - 2025 News. All Rights Reserved.