၂၀၂၅ ၊ စက်တင်ဘာ ၂၅
ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းနဲ့ ရွေးကောက်ပွဲအလွန်ကာလ အခြေအနေ၊ ကရင်ပြည်နယ်အတွင်းက ကရင်လက်နက်ကိုင်တို့ရဲ့ ရွေးကောက်ပွဲ သဘောထားနဲ့ ဒေသခံလူတို့ရဲ့ အခြေအနေတို့နှင့်ပတ်သက်၍ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရတဲ့ အမြင့်ဆုံး နိုင်ငံရေးမျှော်မှန်းချက်က ဘာဖြစ်မလဲ။
MAPS ။ ။ ပါတီတစ်ရပ်အနေနဲ့ ပြင်ဆင်နေတာကတော့ ရွေးကောက်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲ အချိန်အခါ ကျရောက်လာရင်တော့ ဘယ်လိုဖြစ်လာမလဲ၊ ဒါကတော့ အဲဒီအချိန် အခါကျမှပဲသိရမှာပါ။ လက်ရှိအနေအထားကတော့ ဖြစ်နိုင်ခြေ၊ အောင်မြင်နိုင်ခြေ ရှိပါတယ်။ ကရင်ပြည်နယ်မှာလည်း ရွေးကောက်ပွဲ ပထမအပိုင်း ဖြစ်နိုင်ခြေရှိပါတယ်။ ရွေးကောက်ပွဲပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်ပါတီငယ်လေးဖြစ်တော့ ပြည်ခိုင်ဖြိုးပါတီတို့လို့ ပါတီကြီးတွေကတော့ မယှဉ်နိုင်ဘူးပေါ့။ ပါတီငယ်အချင်းချင်းကတော့ သူမသာ၊ ကိုယ်မသာပါပဲ။ မျှော်မှန်းချက်အနေနဲ့ ကတော့ FPTPက သိပ်မမျှော်မှန်းရဲဘူး၊ PR မှာ နည်းနည်းပါးပါး ဝင်မလား၊ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ မျှော်မှန်းထားပါတယ်။ ပါတီအနေနဲ့ကတော့ ပြည်သူ့လွှတ်တော် ခုနစ်နေရာမှာ နှစ်နေရာမှာပဲ ဝင်နိုင်မယ်။ ပြီးတော့ တိုင်းရင်းသားလွှတ်ဝောာ် သုံးနေရာမှာ တစ်နေရာမှာပဲ ဝင်နိုင်မယ်။ ကျန်တဲ့နေရာတွေကတော့ အပြည့်ဝင် တင်နိုင်ပါမယ်။ သံတောင်နဲ့ ကြာအင်းဆိပ်ကြီး နှစ်မြို့နယ်ကတော့ မတင်နိုင်ဘူး။ ကိုယ်စား လှယ်လောင်းအရေအတွက်ကတော့ ၂၅ ယောက်ကျော်လောက်တော့ ဝင်နိုင်မယ်လို့ လျာထားပါတယ်။ ဆိုတော့ပါတီထောင်ပြီဆိုရင် လူတွေက တချို့ပြောကြတယ်။ ပါတီထောင်ပြီဆိုရင် အာဏာရချင်၊ နေရာလိုချင်တယ်ပေါ့။ ကျွန်တော်တို့ကတော့ အဲဒါက မဟုတ်ဘူးလို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အဲဒါထက်ပို ပြီးတော့ အလေးအနက်ထားတာက တိုင်းရင်းသားတွေအတွက် ပြောရေးဆိုခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ လွှတ်တော်ထဲမှာ လူမျိုးစု၊ မျိုးနွယ်စုတွေအတွက် ပြောနိုင်ဆိုနိုင်၊ ပြောခွင့်ဆိုခွင့်ရအောင် အဓိက လုပ်မှာပါ၊ အာဏာပါဝါကတော့ ရရင်လည်းယူတယ်၊ မရရင်လည်း ကိစ္စမရှိဘူးပေါ့လေ။ အဲဒီအနေအထားပါ။ အခုဟာက ဖက်ဒရယ်ဒီမိုကရေစီ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း ဆိုတဲ့ဟာကို ပြောတော့ ပြောနေကြတယ်၊ ဒါပေမဲ့ အဓိပ္ပာယ်ဖော်တဲ့နေရာမှာ တစ်ယောက်နဲ့တစ် ယောက်မတူဘူး။ မတူတဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေက အဲဒါကို အဓိကလို ချင်တယ်။ လွတ်လပ်မှု၊ ညီမျှမှု၊ တန်းတူမှု မရှိလောက်သေးဘူး၊ ရှိရင်လည်း အပြောလောက်ပဲရှိတယ်။ လက်တွေ့မဖြစ်ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာလည်း မရသေးဘူးဆိုတဲ့ အနေအထားမျိုး။ ကျွန်တော်တို့က တော့ မဟာဗျူဟာအနေနဲ့ အဲဒါကို လိုလားတယ်၊ လိုချင်တယ်။ ဒါကြောင့် ပါတီအနေနဲ့က တိုင်းရင်းသားတွေအတွက် ပြောရေးဆိုခွင့်ရှိတာ၊ ပြောရေးဆိုခွင့်ရတာက အမြင့်ဆုံး မျှော်မှန်းချက်ပဲ။ ပြောရေးဆိုခွင့် ပိုပိုရအောင်ကတော့ ဥပမာ ပြည်နယ်ဝန်ကြီး ချုပ်တို့လို နေရာမျိုးတို့လို၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့လို နေရာမျိုး၊ လွှတ်တော်တက်ခွင့်ရတာမျိုးတွေက တိုင်းရင်းသားတွေအတွက် ပြောရေးဆို ခွင့်ရမယ့် နေရာတွေပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုနေရာမျိုးလို့တော့ မပြောလိုဘူး။ ကျွန်တော်တို့ အဓိကပြောချင်တာက ပြောရေးဆိုခွင့်အတိုင်း ပြောနိုင်ဆိုနိုင်၊ ပြောပိုင်ဆိုပိုင်ခွင့်ရတဲ့ အနေအထားမျိုးကို ကျွန်တော်တို့ လိုချင်တာ၊ ဒါအဓိကပဲ။
TREND ။ ။ ရွေးကောက်ပွဲအခင်းအကျင်း ဘယ်လိုဖြစ်လာမယ်လို့ သုံးသပ်မိလဲ။
MAPS ။ ။ တစ်ပြည်လုံးစည်းရုံးမယ့် ပါတီတွေက ကိုးပါတီလောက် ရှိတယ်။ အဲဒီထဲက လေးပါတီ ဖျက်သိမ်းခံခဲ့ရတယ်။ ကျွန်တော်ကြည့်တာကတော့ တစ်ပြည်လုံးပါတီတွေက သူ့ရဲ့ သတ်မှတ်တဲ့အရေအတွက် တွေရအောင် မနည်းလုပ်ယူနေရတယ်။ အဲဒီလိုလုပ်နေရတော့ ပါတီကြီးတစ်ပါတီက ဥက္ကဋ္ဌဆိုရင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းရှာပေးဖို့ ကျွန်တော့်တောင် အကူအညီတောင်းတယ်။ ဒါက နေရာရဖို့၊ မဲအနိုင်ရဖို့ မဟုတ်ဘူးပေါ့။ Quota မပြည့်လို့၊ ခွဲတမ်းမပြည့်လို့၊ ကိုယ်စားလှယ် လောင်းတင်ရမယ့် အရေအတွက် မပြည့်လို့ပါဆိုတော့ ကျွန်တော့်မှာလည်း အားလုံးမဝင်နိုင်တဲ့ အခက်အခဲရှိတော့ ကူညီလို့မရဘူးလို့ ပြန်ပြောရတယ်။ အဲဒါကိုကြည့်မယ်ဆိုရင် ပါတီကြီးတွေလည်း မလွယ် လောက်ဘူးပေါ့၊ ငွေကြေးသြဇာပြည့်စုံတဲ့ ပါတီကြီးတွေကတော့ အခက်အခဲမရှိလောက်ဘူးလို့ ထင်တယ်။ ဒီလို အခင်းအကျင်းမျိုးမှာ ကျွန်တော်တို့ ပါတီငယ်လေးတွေကလည်း Something ပေါ့၊ တစ်ခန်းတစ် ကဏ္ဍကနေပြီးတော့ ပါဝင်ခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက်လေးတွေတော့ ရှိတာပေါ့။ အများစုကတော့ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေရမယ်၊ ကျွန်တော်တို့တစ်တွေလည်း မျှော်လင့်ချက်လေး နည်းနည်းပါးပါး တော့ ရှိမယ်ထင်ပါတယ်။ အရင်တုန်းကလို မရတာထက်စာရင် နည်းနည်း မျှော်လင့်ချင်ပါတယ်။

TREND ။ ။ ပါတီတချို့က PR အရ ကိုယ်စားလှယ်လောင်း အခက်အခဲတွေရှိလို့ မဲဆန္ဒနယ်တချို့ ချန်လှပ်ခဲ့တာ၊ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အခက်အခဲရှိတာ မျိုးကြားရပါတယ်။ ပြည်နယ်ပါတီတစ်ခုအနေနဲ့ ဒီအခြေအနေအပေါ် ဘာပြောချင်လဲ။
MAPS ။ ။ အခက်အခဲကတော့ သေချာပေါက်ရှိကြမှာပါ။ အခုဟာက FPTP က တစ်ယောက်ပဲ ဝင်လည်းရတယ်၊ အပြည့်အစုံဝင်လည်း ရတယ်။ ဒါပေမဲ့ PR က အကုန်လုံးဝင်ရတယ်။ ဥပမာ သူတို့ သတ်မှတ်ထားတဲ့ မြို့နယ်ခုနစ်ခုဆိုရင် ခုနစ်ယောက်ဝင်ရတယ်။ အဲဒါက တော်တော်လေး ခက်ခဲတယ်။ အဲဒီလိုခက်တော့ ကျွန်တော့်ပါတီဝင်တွေ EC တွေ၊ CEC တွေထဲကပဲ အားလုံးဝင်ပြိုင် မယ်ဆိုတာမျိုး ကျိန်းသေတွက် လို့မရခဲ့ဘူးပေါ့လေ။ မရတော့ ရိုးရိုးသာမန်ပါတီဝင်တွေကိုလည်း ပြန် ထည့်ပြီးတော့ လုပ်ရတယ်။ အဲဒီအခါမှာ တချို့လည်း စိတ်ပါတာရှိသလို တချို့လည်း ဘဏ္ဍာရေး အခက် အခဲရှိနေတော့မနည်းဘူး ပြည့်အောင်လုပ်ယူရတယ်။ ကိုယ်စားလှယ်လောင်း အခက်အခဲကတော့ အဲ ဒီလို အပိုင်းလေးတွေရှိတယ်။ ပြည်နယ်အဆင့်မှာကတော့ နည်းနည်းလွယ်တယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အဆင့်ကတော့ မလွယ်ဘူး။ ပြည်သူ့လွှတ်တော်ဆိုရင် ခုနစ်မြို့နယ်ရှိတာ နှစ်ယောက်ပဲ တင်နိုင်တယ်။
TREND ။ ။ လာမယ့်ရွေးကောက်ပွဲဟာ ပါတီ ငယ်လေးတွေ၊ တိုင်းရင်းသားပြည်နယ်ပါတီ ငယ်လေးတွေအတွက် ဘယ်လိုအခွင့်အလမ်းမျိုးတွေ ရစေနိုင်မလဲ။
MAPS ။ ။ သိပ်တော့ မမျှော်လင့်ရဲသေးဘူး၊ FPTP က နိုင်သူအကုန်ယူ၊ နိုင်သူအကုန်ယူထဲမှာ အများဆုံး ခုနစ်မြို့နယ်ဆိုရင်ဆိုကြပါစို့၊ ပါတီကြီးတစ်ခုကပဲ ရသွားပြီဆိုပါစို့၊ သူရသွားတဲ့ ခုနစ်မြို့နယ်က မဲတွေကို ပေါင်း၊ ပေါင်းတော့မှ PR မှာ အချိုးကျပြန်ယူမှာလေ။ ဥပမာ ခိုင်လုံမဲအားလုံး ခုနစ်သောင်းရတယ်ဆိုပါစို့၊ ဒီဘက် PR မှာ ဝင်တဲ့ ကိုယ်စားလှယ်က ခုနစ်ယောက်ဆိုရင် ခုနစ်သောင်းကို ခုနစ်နဲ့စား တစ်သောင်းဖြစ်မှာပေါ့။ အဲဒီအခြေခံနဲ့တွက်ပြီးတော့ ပါတီတစ်ခုက မြို့နယ်အားလုံးက FPTP နဲ့ရတဲ့ မဲစုစုပေါင်း ၂၅၀၀၀ လောက် ရခဲ့မယ်ဆိုရင် သူက ကိုယ်စား လှယ်နှစ်ဦးနဲ့ ကြွင်းကျန်မဲ၊ နောက် အခြားက မဲသုံးသောင်းရမယ်ဆိုရင် သုံးဦးနဲ့ ကြွင်းကျန်မဲ အဲဒီလိုဆိုတော့ FPTP မှာ နိုင်သူအကုန်ယူ စနစ်ကတည်းက ပါတီကြီးတွေက မဲကများနေပြီ။ PR ကို ပြန်စဉ်းစားတဲ့အခါမှာ အဲဒီခိုင်လုံမဲ ခုနစ်သောင်းထဲက သူက မဲခြောက်သောင်းရမယ်ဆိုရင် ခြောက်ယောက်က သူ့ပါတီရတယ် ဖြစ်သွားပြီ။ ဒါတောင် ကြွင်းကျန်မဲက ဘယ်လိုအခြေအနေလည်း ဆိုတာရှိသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီငယ်လေးတွေက သိပ်ပြီး မျှော်လင့်ချက် မထားရတာအဲဒါပါ။ ဒါကြောင့် PR မှာ ပါတီကြီးတွေပဲ စားသွားမလားတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ကတော့ တစ်ယောက်တလေ၊ နှစ်ယောက်လောက်ပဲပေါ့။ ဥပမာ ကရင်ပြည်နယ်မှာ FPTP က ခုနစ်ယောက်ဆိုရင် PR က ခုနစ်ယောက်၊ အဲဒီ PR ခုနစ်ယောက်ကလည်း FPTP က အများဆုံးရတဲ့သူကပဲ PR မှာလည်း မဲကအများဆုံးသွားမှာပဲ။ အများဆုံးသွား မယ်ဆိုတော့ အဲဒီ FPTP နိုင်တဲ့ပါတီကြီးကပဲ PR ထဲမှာ ရသွားနိုင်တယ်။ အလွန်ဆုံး ခုနစ်ယောက်မှာ ငါးယောက် သူတို့ဆီ ရောက်သွားပြီးတော့ ကျန်တဲ့နှစ်ယောက်ကတော့ အခြားနှစ်ပါတီက ရသွားနိုင်တယ်။ ဆိုတော့ PR က တိုင်းရင်းသားတွေ၊ မျိုးနွယ်စုတွေ များများပါဝင်ဖို့ စီစဉ်တဲ့ ဒီကိစ္စကြီးဟာ အလားအလာနည်းမယ်လို့ မြင်တယ်။ ကျွန်တော်တို့က ခုနစ်မြို့နယ်မှာ ငါးမြို့နယ်ပဲ ဝင်နိုင်မယ်ဆိုရင် အဲဒီကတည်းကိုက နှစ်မြို့နယ်ရဲ့ မဲတွေက ရှုံးပြီးသား၊ လျော့ပြီးသား ဖြစ်နေတာပေါ့။ အဲဒီမှာ အင်အားကြီးပါတီကြီးတစ်ခုက ခုနစ်မြို့ နယ်လုံး ဝင်ပြိုင်မယ်ဆိုရင် သူ့မဲက ခုနစ်မြို့နယ်ဆိုရင် အများကြီးလေ။ PR ကို ပြန်စဉ်းစားလိုက်တဲ့အခါ စုစုပေါင်းမဲနဲ့ တွက်လိုက်တဲ့အခါကျတော့ အဒီမှာတင် ကျွန်တော်တို့လို ပါတီငယ်လေးတွေအတွက် တစ်ဗန်းရှုံးတာပေါ့။ လက်တွေ့ကျရင်တော့ ဘယ်လိုဖြစ်လာမလဲတော့ မသိဘူးပေါ့လေ။ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေကိုလည်း လျှော့တွက်လို့မရဘူး၊ အထင်ကြီးတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ပါတီကြီး တွေ မဲမထည့်ဘဲ ကျန်တဲ့တခြားပါတီငယ်လေးတွေကို မဲထည့်ကြမယ်ဆိုတာမျိုး၊ ဥပမာ ခိုင်လုံမဲခုနစ် သောင်းမှာ ပါတီကြီးတစ်ခုက လေးသောင်းရတယ်၊ နောက်အခြားပါတီငယ်က နှစ်သောင်းရတယ်၊ ကျွန် တော်တို့ပါတီက မဲတစ်သောင်းရခဲ့တယ်ဆိုရင် လေးယောက်၊ နှစ်ယောက်၊ တစ်ယောက် အဲဒီလိုမျိုး တွက်လို့ရတာပေါ့။ အဲဒီလိုအခြေအနေဆိုရင် PR က တိုင်းရင်းသားတွေ၊ မျိုးနွယ်စုတွေ များများပါဝင်ဖို့ အလားအလာ နည်းမယ်လို့ စောစောက ခန့်မှန်းတွက်ချက်တာကလည်း မှားကောင်းမှားသွားနိုင်တယ်။
TREND ။ ။ လတ်တလော ဝေဖန်သံကြားနေရတာက လာမယ့်ရွေးကောက်ပွဲဟာ ပါတီကြီး တစ်ခုကပဲ အနိုင်ရအောင်ဆိုတာမျိုး လုပ်နေတယ်ပေါ့။ ကိုယ်စား လှယ်အချိုးကျစနစ် (MMP) လည်းပါတော့ အဲဒီလို ေ၀ ဖန်သလို ဖြစ်နိုင်ပါ့မလား။ ဘယ်လိုသုံးသပ်မိလဲ။
MAPS ။ ။ အဲဒီလို ဝေဖန်တာကိုတော့ ကြားတော့ကြားမိပါတယ်။ Facebook မှာလည်း တက်လာတာတွေ့ပါတယ်။ ပါတီကြီးတစ်ခုပေါ့ တည့်တည့်ပြောရရင် ဒီရွေးကောက်ပွဲ အခင်းအကျင်းက ပြည်ခိုင်ဖြိုးပါတီကိုပဲ အနိုင်ရစေတဲ့ အခင်းအကျင်းလို့ ဝေဖန်ကြတယ်။ ဒါက ဖြစ်နိုင်ခြေရှိသလို၊ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းက အဲဒီလို ဖြစ်လောက်မယ်မထင်ဘူးလေ။ ပါတီကြီးကို ဇောင်း ပေးတယ်ဆိုတဲ့ ဝေဖန်မှုတွေဟာ ဖြစ်နိုင်တာရှိသလို၊ မဖြစ်ဘူးလို့လည်း ပြောလို့ရ တယ်။ အဲဒီလောက်ပဲ မှတ်ချက်ပြုလိုပါတယ်။
TREND ။ ။ KNU အပါအဝင် ရွေးကောက်ပွဲကို မလိုလားတဲ့သူတွေ အဖွဲ့အစည်းတချို့ ခြိမ်းခြောက်မှုရှိနေတော့ ဒီအပေါ် ပါတီတစ်ရပ်အနေနဲ့ ဘာပြောချင်လဲ။
MAPS ။ ။ ကျွန်တော့်အမြင်အရကတော့ ကရင်တိုင်းရင်းသား အချင်းချင်းကတော့ ဒီလောက် အန္တရာယ်ပေးလောက်တဲ့အထိ မရှိလောက်ဘူးလို့ တွက်ဆတယ်။ ဒါပေမဲ့ အပေါ်ကထုတ်ပြန်တယ်၊ အောက်ခြေမှာကလည်း ဒါပဲ၊ ဒီကြေညာချက်အတိုင်းပဲ မင်းတို့မဲသွားမပေးရ၊ မင်းတို့ အရွေးမခံရဆိုတဲ့ ခြိမ်းခြောက်မှုက အောက်ခြေက လူငယ်ပိုင်းလေးတွေပေါ့။ ဒီအပေါ် နားမလည်တာလား၊ သဘောမပေါက်တာလား အဲဒီအန္တရာယ်တွေကတော့ ရှိကောင်းရှိနိုင်တယ်။ ကိုယ်စားလှယ်လောင်း သတ်သတ်မှတ်မှတ် မရှိသေးတဲ့အခါကျတော့ ဒါကတော့ ပြောလို့မရသေးဘူး။ ကိုယ်စား လှယ်လောင်း သတ်သတ် မှတ်မှတ် ရှိလာတဲ့အချိန်တို့၊ ရွေးကောက်ပွဲလုပ်တဲ့အခါကျရင် သူတို့ရဲ့ လှုပ်ရှားမှုက ဘယ်လိုရှိလာနိုင် မလဲပေါ့။ အထူးသဖြင့်ကတော့ လက်သုံးချောင်းသမားတွေနဲ့ ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေက နည်း နည်း ဒုက္ခပေးနိုင်မလားလို့။ ကျန်လက်နက်ကိုင် အဖွဲ့ဆိုတာကလည်း KNU ပါပဲ။ ကျန်တဲ့ ကရင့်လက် နက်ကိုင်အဖွဲ့တွေက ရွေးကောက်ပွဲကို မဆန့်ကျင်ဘူး။ ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးမယ့်အနေ အထားမျိုး မတွေ့ရဘူး။ KNU မှာတော့ PDF နဲ့ ပူးပေါင်းတဲ့၊ အဆက်အစပ်ရှိတဲ့ အဖွဲ့တွေကတော့ ကျွန်တော်တို့ နည်းနည်းစိုးရိမ်ရမယ်လို့ သုံးသပ်ချင်တယ်၊ အတိအကျကြီးတော့ မဟုတ်ဘူး၊ လေ့လာမိသလောက် သုံးသပ်တာပါ။
TREND ။ ။မူလ DKBA အဖွဲ့ကတော့ ရွေးကောက်ပွဲအောင်မြင်ရေး တပ်မတော်နဲ့ လက်တွဲပူး ပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ရွေးကောက်ပွဲသဘောထားတွေအပေါ် သုံးသပ်ပြပါဦး။
MAPS ။ ။ မူလ DKBA, DKBA မူရင်းပေါ့။ သူတို့က BGF နဲ့ သိပ်မကွာဘူးလေ။ နယ်ခြားစောင့်တပ် BGF ကလည်း အဲဒီလိုကြေညာတယ်။ ပြီးတော့ ဆုံစည်းမြိုင်က DKBA လည်း ရွေးကောက်ပွဲကို ထောက်ခံတယ်။ နောက်ပြီးတော့ PC ကလည်း ပြည်သူလူထုရဲ့ သဘောထားအတိုင်းပါပဲတဲ့။ ဒါကြောင့် ပြည်သူလူထုက မဲပေးမယ်ဆိုရင် သူတို့ကလည်း ဘာမှပြောမှာမဟုတ်ဘူး။ အနှောင့်အယှက်ပေးကြမှာ မဟုတ်ဘူး။ ပြတ်ပြတ်သားသား ပြောတာက KNU တစ်ခုပဲပြောတာ။ ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်ဆိုတာ KNU တစ်ခုပဲပြောတာ။ ကျန်တဲ့အဖွဲ့အစည်းတွေအားလုံးက ရွေးကောက်ပွဲကို လက်ခံကြတယ်။ ပူးပေါင်းကူညီမယ့် အနေအထားမျိုး တွေ့ရတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီဆိုတော့ ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရမယ့်အပေါ် ထောက်ခံပါတယ်။ ကြို လည်း ကြိုဆိုရမှာပါ။
TREND ။ ။ လက်ရှိ ပြည်တွင်းပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက တိုက်ပွဲဖော်ဆောင်နေတာတွေကိုရပ်ပြီး နိုင်ငံတော်အစိုး ရနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းမှုရရှိစေမယ် ယုံကြည်ထားကြောင်းနဲ့ လက်ရှိပဋိပက္ခများကို စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မယ်လို့ DKBA နှစ်ဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက်တွေ အပေါ် မှတ်ချက်ပြုပေးပါဦး။
MAPS ။ ။ တွေ့ဆုံဆွေးနွေးခြင်းသာလျှင် ဒီပဋိပက္ခတွေ ငြိမ်းချမ်းရေးပြဿနာတွေကို ဖြေရှင်းတဲ့နည်းပဲဆိုတာ ကျွန်တော်တို့ မကြာခဏပြောနေပါတယ်။ လက်နက်ကိုင်နည်းနဲ့ကတော့ ဘယ်လိုမှ အဆုံးမသတ်နိုင်ဘူး။ တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်၊ ပြောကြမယ်၊ ပြောကြဆိုကြမယ့်နည်းနဲ့သာလျှင် အကောင်းဆုံးပါပဲ။တကယ်တမ်း အဲဒီလို တွေ့ဆုံဆွေးနွေးမယ်၊ အနှစ်သာရရှိရှိ မှန်မှန်ကန် ကန်နဲ့ တွေ့ဆုံ ဆွေးနွေးအဖြေရှာကြမယ်ဆိုရင် ဒါတွေကို ကျွန်တော်တို့ အမြဲတမ်း ကြိုဆိုပါတယ်။
TREND ။ ။ ရွေးကောက်ပွဲကနေ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်စေမယ်၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုကြီး တည်ထောင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒီအပေါ် ဘယ်လိုသုံးသပ်မိလဲ။
MAPS ။ ။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူ ဒါမှမဟုတ် အနိုင်ရတဲ့ပါတီအပေါ် အများကြီး မူတည်နေတယ်လို့ မြင်တယ်။ ဥပမာအင်အားကြီး ပါတီတစ်ခုက မဲအများစုနဲ့ အနိုင်ရတယ်ဆိုပါစို့၊ အဲဒီပါတီကြီးက ပုဂ္ဂိုလ်တွေက တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို မသိဘူး၊ ဒါမှမဟုတ်ရင်လည်း မသိကျိုးကျွန်လုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ဟာက ရလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို နဂိုကတည်းကသိတယ်။ သူတို့လည်း ဖြည့်စွမ်းပေးချင်တယ်၊ စေတနာလည်းပါတယ် ဆိုရင်တော့ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့၊ ဖြစ်ချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ Facebook အွန်လိုင်းပေါ်မှာ တွေ့လိုက်ရတာ လေးတစ်ခုရှိတယ်။ ပါတီကြီးတစ်ခုက အနိုင်ရတယ်ဆိုရင် ဘယ်ပါတီနဲ့မှ ညွန့်ပေါင်းအစိုးရတို့၊ ဘာတို့ မဖွဲ့ဘူး။ လွှတ်တော်ဥက္ကဋ္ဌဆိုရင်လည်း သူပဲယူမယ်၊ ဝန်ကြီးချုပ်လည်း သူပဲ ယူမယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒီသတင်းကတော့ ဘယ်လောက်အထိ မှန်လဲတော့မသိဘူးပေါ့။ ၤခေနဘသသု မှာ တက်လာတာ ကို ပြောပြတာပါ။ အဲဒီလိုဆိုရင်တော့ တိုင်းရင်းသားတွေ လိုလားတဲ့အရာက ရောက်ပါ့မလား ဆိုတာကတော့ နည်းနည်း စဉ်းစားစရာ ဖြစ်တာပေါ့။ အဲဒီလိုပဲ မှတ်ချက်ပြုချင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အစိုးရတစ်ရပ်က ဘယ်လိုအစိုးရမျိုး ဖြစ်စေ ချင်လဲ။
MAPS ။ ။ အခုဟာက PR ဆိုတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးလိုက်ကတည်းကိုက တိုင်းရင်းသားတွေကို နေရာပေးချင်တယ်၊ တိုင်းရင်းသားတွေကို ပြောရေးဆိုခွင့်ရစေချင်တဲ့ သဘောမျိုးလို့ ယူဆထားပါတယ်။ အဲဒီလို ယူဆထားတာကြောင့် ရွေးကောက်ပွဲ စနစ်ကိုလည်း ဖန်တီး ထားတယ်၊ သို့သော် တကယ်တမ်းတော့ အဖြေက ထွက်မလာသေးဘူးပေါ့။ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ စနစ်က ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည်ဖော်တဲ့အခါ တလွဲဖြစ်သွားရင်တော့ ကျွန်တော်တို့ မျှော်မှန်းတာက ရလာမှာမဟုတ်ဘူး။ ကြိုပြီးတော့ စီစဉ်ထားတဲ့အတိုင်း၊ ကြိုပြီးတော့ မျှော်မှန်းထားတဲ့အတိုင်း တိုင်းရင်းသားတွေ အထိုက်အလျှောက် နေရာရလာမယ်ဆိုရင် ရွေး ကောက်ပွဲမှာ စောစောကလို ပါတီကြီးတစ်ခုကပဲ မဟုတ်ဘဲနဲ့ တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်လေး တွေ၊ ဒေသအသီးသီးမှာ နေရာပေးမယ်ဆိုရင် တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် ကို ရောက်သွားနိုင်တယ်လို့တော့ ယူဆပါတယ်။ ပြီးတော့ ညွန့်ပေါင်းဆိုတဲ့နေရာကတော့ အမျိုးမျိုးပေါ့။ ပါတီတွေ ဟိုနည်းနည်း ဒီနည်းနည်းစီပါတဲ့ ညွန့်ပေါင်းသဘောမျိုးလား၊ ဒါမှမဟုတ် တိုင်းရင်းသားတွေ အစုံပါတဲ့ ညွန့်ပေါင်းသဘောမျိုးလား၊ ဒါမှမဟုတ်ရင် တပ်မတော်လည်းပါမယ်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေလည်းပါမယ်၊ လူမျိုးစုတွေလည်း ပါသင့်သလောက်ပါမယ် ဆိုတဲ့ဟာပေါ့။ အဓိကက တိုင်းရင်းသားတွေ ရင်ထဲနှလုံးသားထဲမှာ ဘာမှယုံမှားသံသယဖြစ်ခြင်း၊ အမြင်မှားခြင်းဆိုတာမဖြစ်တဲ့ အစိုးရ တစ်ရပ်မျိုး ပေါ်ပေါက်စေချင်ပါတယ်။ အဲဒီလိုပုံစံမျိုး လိုလားပါတယ်။ တစ်ဖက်ကိုဖိပြီးတော့ မဟာဗမာလူမျိုးကြီးဝါဒလို့ သွားကျင့် သုံးရင်တော့ တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ဟာ လာတော့မှာမဟုတ်ဘူး။ မျှမျှတတပေါ့လေ၊ တတ်နိုင်သလောက် နည်းနည်းလေး စဉ်းစဉ်းစားစားလေးနဲ့ ခွဲဝေပြီးတော့ တာဝန်ပေး ကြမယ်ဆိုရင်တော့လည်း အလားအလာကောင်းတစ်ခုတော့ ရှိမယ်လို့ထင်ပါတယ်။
TREND ။ ။ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမယ့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေး ပါတီတွေ တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေး DKBA တတ်စွမ်းသမျှ ကူညီကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီအပေါ်အမြင်လေးပြော ပြပါဦး။
MAPS ။ ။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အားလုံးကို တရားမျှတစွာ ကျင့်သုံးမယ်ဆိုတာက သူတို့က ကရင်အဖွဲ့အစည်း၊ ရွေးကောက်ပွဲဝင်မှာက ကရင်ပါတီတွေတင်မကဘူး ကျန်တဲ့ ပြည်မပါတီကြီးတွေ၊ ဗမာပါတီတွေလည်းပါတယ်။ မွန်တို့၊ ပအိုဝ်းတို့လည်းပါတယ်။ ဆိုတော့ သူတို့ရဲ့သဘောထားက တစ်သမတ်တည်း ဖြစ်မယ်၊ ဖြစ်အောင်လည်း ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုး သူတို့ ထုတ်ပြန်တယ်လို့ ယူဆတယ်။ ကျွန်တော်တို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းမို့လို့ ကရင်ပါတီကို ဇောင်းပေးပြီးတော့ ထောက်ခံအားပေးမယ့်ပုံစံ မဟုတ်ဘူးဆိုတာမျိုး DKBA က ပြသလိုက်တာပေါ့။ ကျွန်တော်ကတော့ အဲဒီလိုပဲပြောချင်ပါတယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံရဲ့အနာဂတ်ကို ရှေးရှုပြီးတော့ ပြုပြင် ပြောင်းလဲရေး ပြည်သူ့ကိုယ်စားလှယ်တွေရွေးချယ် ခြင်းဖြစ်လို့ ပြည်သူတွေကို ဝန်းရံပံ့ပိုးသွားမယ်ဆိုတဲ့ သဘောထားကလည်း ဒါကတော့ အဲဒီလိုပဲ ပြောရမှာပါ။ သူတို့က ကရင်ပြည်နယ်မှာနေပြီးတော့ ကရင်တိုင်းရင်းသားတွေနဲ့အတူ ဆိုးတူကောင်းဖက်နေ နေရတယ်ဆိုတော့ ပြည်နယ်ရဲ့အကျိုးနဲ့ မျှတလွတ် လပ်မှုရှိဖို့လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် သူတို့အနေနဲ့က ထောက်ခံကြိုဆိုရမှာပါ။ DKBA တို့လို ကရင်လက်နက် ကိုင်အဖွဲ့တွေကတော့ ရွေးကောက်ပွဲပြုလုပ်မှပဲ အခု လက်ရှိအကြမ်းဖက်မှုတွေ လက်ရှိ အခက်အခဲပြဿနာတွေ တိုက်နေခိုက်နေကြတာတွေ လျော့သွားနိုင်မယ်လို့ သူတို့က ယူဆထားကြတယ်။ အဲဒီယူဆချက်ကလည်း မှားတယ်လို့ပြောလို့မရဘူး။ တကယ်တမ်း ရွေး ကောက်ပွဲပြီးတဲ့အခါ အဖြေတော့ ခဏစောင့်ပေးရမယ်။ ရလာတဲ့အဖြေအပေါ်မှာ ကျွန်တော်တို့က သုံးသပ်ချက်ထုတ်ပေးရမှာပေါ့။ အခုကတော့ မသုံးသပ်နိုင်သေးဘူးပေါ့။
TREND ။ ။ ရွေးကောက်ပွဲအပေါ် ကရင်ဒေသခံတွေရဲ့သဘောက ဘယ်လိုရှိနေကြလဲ။
MAPS ။ ။ ပြောရမယ်ဆိုရင် နည်းနည်း ခက်ခဲတဲ့ဒေသ၊ တိုက်ပွဲတွေ ဖြစ်မြဲဖြစ်နေတဲ့ဒေသတွေကတော့ ရွေးကောက်ပွဲဆိုတာထက် စားဝတ်နေရေးနဲ့ ဘဝလုံခြုံရေးအတွက်ပဲ စိတ်ဝင်စားနေကြတယ်။ ရွေးကောက်ပွဲက သူတို့အတွက် ဘာမှအကျိုးမရှိနိုင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ သူတို့ စိတ်မဝင်စားကြဘူး။ ဒီဘက်နည်းနည်း နားလည်တဲ့ဒေသတွေကတော့ စိတ်ဝင်စားမှု ရှိကြတယ်။ တချို့ကလည်း ဘာသိဘာသာ နေကြတာမျိုးရှိတယ်။ မဲမပေးလည်း ဘာမှမဖြစ်ဘူး။ နားလည်း မထောင်ဘူး၊ ဝါသနာလည်း မပါဘူး၊ စဉ်းလည်းမစဉ်းစားဘူးဆိုတဲ့ လူတချို့လည်း ရှိတယ်။ ရာခိုင်နှုန်း ၅၀ စီ လောက်တော့ ရှိနိုင်တယ်။ အခုက မဲပေးစက်နဲ့ပတ်သက် ပြီး မြို့ပေါ်မှာ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးတာတို့ လုပ်နေကြတာရှိတယ်။ နယ်တွေမှာတော့ လုပ်တာ သိပ်မကြားရသေးဘူး။ တစ်နေရာ၊ နှစ်နေရာလောက်တော့ လုပ်တယ်ထင်တယ်။ အဲဒါတွေကလည်း ပါတီတွေရဲ့ စည်းရုံးပြောဆိုမှုတွေအပေါ်မှာ မူတည်ပါတယ်။ ပါတီ ကိုယ်စားလှယ်လောင်းနဲ့ ပါတီလိုဂိုကိုပဲ ပြမယ်ဆိုတော့ ဘုမသိဘမသိ၊ လိုဂိုက ဘာမှန်းမသိ၊ ပါတီကိုယ်စားလှယ်က ဘာမှန်းမသိဆိုတဲ့ လူတွေကတော့ နည်းနည်းခွကျတယ်။ ပညာရေးကလည်း ဒီလောက်အဆင့်မရှိဘူး၊ အတန်းအောင်တာမရှိဘူးဆိုတဲ့ လူတွေဆိုရင် သူတို့အတွက် ပိုပြီးတော့ ခက်ခဲမယ်။ ဒါတွေအတွက် အသိပညာပေးမှုအများကြီး လုပ်ရမယ်လို့ ထင်ပါတယ်။
TREND ။ ။ ကရင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဖြည့်စွက်သုံးသပ် ပေးပါဦး။
MAPS ။ ။ အခု အခင်းအကျင်းအရဆိုရင် ကရင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲက ကောင်းကောင်းမွန်မွန် ဖြစ်သွားနိုင်ပါတယ်။ ပထမပိုင်းက ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နဲ့ သံတောင်မြို့နယ်ပေါ့။ သံတောင်မြို့နယ်ကတော့ တပ်မတော်ထိန်းချုပ်မှုရှိတဲ့နေရာတွေက အေးအေးဆေး ဆေးပါပဲ။ တစ်နေရာ၊ နှစ်နေရာလောက်ကတော့ နည်းနည်းခက်ခဲနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒေသခံလူထုတွေ ပြန်ပြီးတော့ မဝင်သေးဘူး။ စစ်ရှောင်ကနေ အိမ်ပြန်မရောက်ကြသေးဘူး။ ဟိုဘက် မြဝတီဆိုရင် မြို့ပေါ်ကတော့ ဘာမှပြောစရာမလိုဘူး။နယ်ဘက်မှာတော့ နည်းနည်းလေးအခြေအနေ လိုအပ်နေသေးတယ်ပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲအချိန်ကျရင်တော့ ဘယ်လိုလာဦးမလဲ မသိဘူးပေါ့။ ဘားအံကတော့ လုပ်လို့ရတယ်။ ဆိုတဲ့အခါကျတော့ နေရာတစ်ဝက် ကျော်လောက်ကတော့ အေးအေးဆေးဆေး မဲပေးနိုင် လိမ့်မယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပအောင်မြင် သွားပြီး သတ်မှတ်တဲ့ဦးရေ ရာခိုင်နှုန်း ၅၀ အထက်လောက် ကိုယ်စားလှယ်လောင်းတွေ၊ လွှတ်တော်ကိုယ် စားလှယ်တွေ ရလာမယ်ဆိုရင်တော့ လွှတ်တော် ပေါ်လာမယ်၊ အစိုးရဖွဲ့နိုင်မယ်ဆိုရင် မဆိုးဘူးပေါ့။ အခုအချိန်မှာက ရွေးကောက်ပွဲအလွန်ကာလကို သုံးသပ်ဖို့စောနေမလားလို့ပေါ့။ မပြောတတ်သေးဘူးပေါ့။ ချင်းတို့၊ ကယားတို့ကလည်း ဘယ်လိုဖြစ်လာ ဦးမလဲဆိုတာ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နည်းနည်းဝမ်း သာတာက ကရင်ပြည်နယ်က မြို့နယ်အကုန်လုံး ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲမလုပ်မယ့် မြို့နယ်မရှိဘူး။ ကျွန်တော်တို့ ကရင် ပြည်နယ် အေးအေးဆေးဆေး ဖြစ်လာကောင်းဖြစ်လာနိုင်တယ်လို့ တွက်မိပါတယ်။ အခုလက်ရှိကတော့ တိုက်နေ ခိုက်နေတာတော့ ရှိနေသေးတယ်ပေါ့။ လောလောဆယ်ကတော့ ကရင်ပြည်နယ်ရဲ့ ရွေးကောက်ပွဲအခြေအနေက ရာခိုင်နှုန်း ၅၀ အထက်လောက်အထိ ကောင်းကောင်းမွန်မွန် ဖြစ်သွားလိမ့် မယ်လို့ ယူဆပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )