၂၀၂၃ ဇွန် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမ်းနီ လျှပ်စစ်မြစ်ရေတင်စီမံကိန်း မြေနေရာ (သုည ဒသမ ၂၂) ဧကအတွက် မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးအရာရှိ ဦးတင်ကိုဦးက ကော့ကရိတ်မြို့ ကမ်းနီကျေးရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီစဉ်နှင့် ပတ်သက်၍ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ ရေကြီးနစ်မြုပ် မိုးစပါးများ အောင်ရေရရှိရေး၊ ဆောင်းသီးနှံနှင့် နွေစပါး၊ နွေသီးနှံများ သီးထပ်စိုက်ပျိုးလာနိုင်ပြီး တောင်သူများ အကျိုးဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း ကမ်းနီ မြစ်ရေတင်တစ်ခု လုပ်မည်ဆိုလျှင် ပင်မရေတင်စခန်းအတွက် မြေနေရာ၊ ရှင်းလင်းဆောင်၊ ဝန်ထမ်းအိမ်ရာ လိုအပ်လျက်ရှိသဖြင့် အဆိုပါမြေနေရာအတွက် တောင်သူ၏ လယ်မြေအား အသုံးချသည့်အတွက် တောင်သူနစ်နာကြေး ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကရင်ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက မြေနေရာ (သုည ဒသမ ၂၂) ဧကအတွက် လျော်ကြေးငွေ ကျပ်သိန်း (၆၀)ပေးအပ်ရာ ကမ်းနီကျေးရွာ တောင်သူ ဦးစိန်ပုမှ လက်ခံရယူခဲ့ကြောင်း သိရသည်။