2023၊ ဇွန်လ ၂၅
ရုရှားပြည်တွင်းမှာ ဝါဂနာကြေးစားတပ်ဟာ မော်စကိုအထိ ချီတက်ဖို့ ကြိုးစားပေမဲ့ အဲဒီတပ်ရဲ့ခေါင်းဆောင် ယေဂင်နီပရီဂိုရှင်က ကရင်မလင်သမ္မတနန်းတော်နဲ့ အချိန်အတွင်းသဘောတူညီချက်ရခဲ့လို့ နောက်ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို တပ်တွင်းပုန်ကန်မှုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သူအာဏာရခဲ့ပြီး ဆယ်စုနှစ် ၂ခုကျော်အတွင်း အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ခဲ့ပေမဲ့ ဇွန်လ ၂၄ရက်မှာပဲ ပြန်လည်ငြိမ်သက်သွားခဲ့ပါတယ်။
အဲဒီပုန်ကန်မှုဟာ သိသာထင်ရှားလှပြီး ကရင်မလင်နဲ့ ယူကရိန်းတို့အတွက် ၁၆ လကြာ စစ်ပွဲအခင်းအကျင်းကို တစ်မျိုးပြောင်းလဲသွားစေခဲ့ပါတယ်။ ရုရှားဟာ သူ့ရဲ့မြို့တော် မော်စကို ကာကွယ်ဖို့အတွက် ရုရှားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းစစ်မြေပြင်ကနေ ကမန်းကတန်းခေါ်ယူခဲ့ရပါတယ်။

ဝါဂနာကြေးစားတပ်ရဲ့ခေါင်းဆောင် ယေဂင်နီပရီဂိုရှင်ရဲ့ကွပ်ကဲမှုအောက်မှာ ဝါဂနာလက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ကမ္ဘာတဝန်းအံ့မခန်းဖြစ်ခဲ့ရပြီး အသိအမှတ်ပြုခဲ့ရပါတယ်
ပူတင်ဟာ အချိန်နဲ့တပြေးညီ ရုပ်သံလိုင်းမှ အရေးပေါ်မိန့်ခွန်းပြောခဲ့ရာမှာ “ဒါဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်ပြီး နောက်ကျောကို ဓါးနဲ့အထိုးခံရတာဖြစ်ကြောင်း၊ ယူကရိန်းမြေပေါ် သေခဲ့ရတဲ့ရုရှားစစ်သည်တော်အတွက် သစ္စာဖောက်တဲ့လုပ်ရပ်ဖြစ်တာမို့ ထိထိရောက်ရောက် အရေးယူမယ်” ဆိုပြီး မနေ့က ဇွန်လ ၂၄ ရက်မှာ သတိပေးခဲ့ပါတယ်။
ပရီဂိုရှင်ဟာ ကြေညာထားတဲ့သဘောတူညီချက်အရ အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံထဲသွားပြီး လက်နက်ကိုင်ပုန်ကန်မှုတွေကို ပြန်ရုပ်သိမ်းပေးမယ်ဆိုပြီးတော့ ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီပက်စကော့ဗ်က ပြောပါတယ်။
ပုန်ကန်ရာမှာ ပါဝင်ခဲ့သူတွေကို တရားစွဲမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရက အာမခံထားသလို မပါဝင်သူတွေကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက စာချုပ်ခံဝန်တွေနဲ့ ကမ်းလှမ်းထားတယ်လို့ အေပီသတင်းဌာနက ရေးသားပါတယ်။
ဝါဂနာတပ်တွေဟာ ရုရှားနိုင်ငံရဲ့တောင်ပိုင်းရှိ စစ်ရေးအဆောက်အအုံတစ်လုံးကို သိမ်းယူခဲ့ကြပြီး မြို့တော်ကို ချီတက်ဖို့ ဟန်ပြင်နေတုန်းမှာပဲ ဇွန်လ ၂၄ ရက်၊ ဗလာဒီမာပူတင်ရဲ့မိန့်ခွန်းက တီဗီဖန်သားပြင်မှာ ထွက်ပေါ်လာခဲ့ပါတယ်။
ပရီဂိုရှင်နဲ့ သူ့တပ်တွေကို လွတ်မြောက်ခွင့်ပေးတဲ့နေရာမှာ ပူတင်ရဲ့ အမြင့်ဆုံးရည်မှန်းချက်ကတော့ သွေးထွက်သံယိုမှုတွေနဲ့ အတွင်းစည်း ထိပ်တိုက်တွေ့မှုတွေ ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်လို့ ကရင်မလင်ပြောခွင့်ရသူ ပက်စကော့ဗ်က ဆက်လက်ပြောကြားခဲ့ပါတယ်။