Breaking

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀ နှစ်ပြည့်အခမ်းအနား စတင်ကျင်းပ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်၍ မိန့်ခွန်းပြောကြား

နေပြည်တော်၊  အောက်တိုဘာ ၁၅ 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I)၌ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိသည် ။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့၀င်များ၊ နိုင်ငံတော်၀န်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲ့၀င်များ ၊ညှိနှိုင်းရေးကော်မတီဝင်များ (NSPNC) တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ၊အသင်းအဖွဲ့များ၊အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊နိုင်ငံခြားသံတမန်များ၊ မီဒီယာများ၊ သတင်းမီဒီယာကောင်စီ၊ စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတမှ ကိုယ်စားလှယ်များ၊လေ့လာသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုဖော်ဆောင်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလ ၁၅ ရက်တွင်လက်မှတ် ရေးထိုးခဲ့ကြသည်။ ယနေ့ကျရောက်သည့်  NCA(၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့်အတူ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ “ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့ (အောက်တိုဘာလ ၁၅ ရက်)မှစတင်ကာ  ၁၇ ရက်နေ့အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဦးစီး၍ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် ကျင်းပပြုလုပ်မည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)၏ (၁၀) နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကိုဆန်းစစ်သုံးသပ်ရန် ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့်အမြင်များကို မျှဝေနိုင်ရန်အတွက် အဓိက သက်ဆိုင်ရာအဖွဲ့အစည်းများ၊ Stakeholders များအကြား ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် ကျယ်ပြန့် သောတွေ့ဆုံဆွေးနွေးမှုများကို မြှင့်တင်ရန်၊အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊ နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်စသည့် အကြောင်းအရာ၊ ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုက်အဝန်းတည်ဆောက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတို့၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလားသူအဖွဲ့အစည်းများအား ကြိုတင်ကန့် သတ်ချက်များမထားပဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်၍ အကျိုးရလဒ်များ၊ အကြံပြုချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ (၁၀) နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကိုမျှဝေ၍ အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ခြင်းလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရေးအတွက် NCA တွင် ပါဝင်ခဲ့ကြသူများ ၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူများ၊ ပါဝင်ပတ်သက်သူ Stakeholders များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ သတင်းမီဒီယာများ၊ ကဏ္ဍအသီးသီးမှ တက်ရောက်လာကြသူများအနေဖြင့် အချင်းချင်းအမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းနှင့် အလွတ်သဘောကျယ်ပြန့်စွာဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

54263

© 2022 - 2025 News. All Rights Reserved.