တရားမဝင် လိုင်စင်မဲ့ကားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖမ်းဆီးနေ

၂၀၂၃ ဇွန် ၂

တရားမဝင် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော လိုင်စင်မဲ့ မော်တော်ယာဉ်အမျိုးမျိုးကို လက်ဝယ်ထားရှိအသုံးပြုမောင်းနှင်နေသူများအား ဇွန် (၁) ရက်မှ စတင်ကာ တစ်နိုင်ငံလုံး၌ စစ်ဆေးဖမ်းဆီးနေပြီဖြစ်ပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ပူးပေါင်းစစ်ဆေးရေး အဖွဲများအနေဖြင့် ဘားအံမြို့၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် လိုင်စင်မဲ့မော်တော်ယာဉ်အမျိုးမျိုးအား လက်ဝယ်ထားရှိသူ၊ အသုံးပြုမောင်းနှင်သွားလာနေမှုနှင့် ပတ်သက်၍ ပညာပေးကာလအဖြစ် အသိပေးကြေညာခဲ့ပြီးဖြစ်သည့်အတွက် ထပ်မံတွေ့ရှိပါက မော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည့်အပြင် ထောင်ဒဏ် (၃) နှစ်အထိ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်မှ စတင်ကာ လိုင်စင်မဲ့မော် တော်ယာဉ်များ လက်ဝယ်ထားရှိ အသုံးပြုစီးနင်းခြင်းများကို ပူးပေါင်းအဖွဲများဖြင့် လှည့်လည်စစ်ဆေးသွားမည်ဖြစ်ဟုလည်း ဆိုသည်။

အကယ်၍ စစ်ဆေးတွေ့ရှိပါက လိုင်စင်မဲ့မော်တော်ယာဉ်အား ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး လက်ဝယ်ထားရှိ အသုံးပြုသူအား ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူသွားမည်ဟုလည်း ဘားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ အသိပေးထားသည်။

ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူခံရပါက(၃) နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

Total Views ~ 206

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43526

© 2022 - 2025 News. All Rights Reserved.