တောင်သူ တစ်ဦးလျှင် သိန်း ၇၀၀၊တောင်သူ အစုအဖွဲ့ ၁ ဖွဲ့အတွက် သိန်း ၅၀၀၀ နှစ်ဆင့်ချေးငွေများ ထုတ်ချေးမည်

၂၀၂၃ ၊ ဇွန် ၄

တောင်သူများအား စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများအဖြစ် တောင်သူ တစ်ဦးလျှင် သိန်း ၇၀၀၊တောင်သူ အစုအဖွဲ့ ၁ ဖွဲ့အတွက် သိန်း ၅၀၀၀ နှစ်ဆင့်ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ရယူနိုင်ရန်တောင်သူဦးကြီးများသို့ အသိပေးကြေညာချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်ပြီး လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့အတွက် အရင်းအနှီးလိုအပ်ချက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေများကို ၁ နှစ်လျှင် အတိုးနှုန်း ၅% ဖြင့် ထုတ်ချေးပေးမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၇၀ဝ၊ တောင်သူအစုအဖွဲ့(၁)ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅၀၀၀ အထိ ရယူထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက်ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာအရောင်းပြခန်း ကုမ္ပဏီများထဲတွင်ရွေးချယ်ဝယ်ယူနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အသိပေးထားသည်။

ချေးငွေပေးဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက်၃ နှစ် ၃ ရစ်၊ အဆိုပါစက်များမှအပ ကျန်စက်ကိရိယာများအတွက် ၅ နှစ် ၅ ရစ် ပေးဆပ်သည့်စနစ်ဖြစ်ပြီး ချေးငွေရယူလိုသော တောင်သူဦးကြီးများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်၍ ချေးငွေအတွက် တင်သွင်းရမည့် အာမခံနှင့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး ချေးငွေလျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

Total Views ~ 316

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43512

© 2022 - 2025 News. All Rights Reserved.