တောင်သူလယ်သမားများအတွက် တစ်သီးပုဂ္ဂလ အမတ်အဖြစ် မအူပင် ဦးစိန်ဝင်း လယ်ဝေးမှဝင်ရောက် အရွေးခံမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄
    တစ်သီးပုဂ္ဂလဝင်ပြိုင်၍ အစိုးရမဖွဲ့နိုင်သော်လည်း တောင်သူလယ်သမားများအတွက် ကိုယ်စားပြု၍  နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ပြောသည်။ 
    "တစ်သီးပုဂ္ဂလ ဝင်ပြိုင်တာက ကျွန်တော်လည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်ချင်လို့ပါ။ တခြားတော့မရှိပါဘူး။ ပါတီနဲ့ဝင်ပြိုင်ရင်တော့ နိုင်ငံရေးအစစ်အမှန် ပိုလုပ်လို့ရတာပေါ့ဗျာ။ ပါတီထောင်တယ်ဆိုတာ အင်နဲ့အားနဲ့ စုပေါင်းပြီး အလုပ်လုပ်ရတာကိုး။ ပါတီပုံရိပ်ကောင်းရင် ကောင်းသလို ပါတီက လူတွေ အရည်အချင်းရှိရင်ရှိသလို အစိုးရဖွဲ့လို့ ရတာပေါ့။ တစ်သီးပုဂ္ဂလအနေနဲ့ ဘယ်လောက်ပဲတော်တော် အစိုးရဖွဲ့လို့မရဘူး။ ဒါကြောင့်လည်း ပါတီထောင်ကြတာပေါ့။ နိုင်ငံရေးရည်မှန်းချက်ကတော့ တစ်ဦးတည်းလည်း တစ်ဦးအလျောက် အလုပ်လုပ်နိုင်ပါတယ်။ ပါတီကလည်း ပါတီအလိုက်လုပ်ကြမှာပါ။ နိုင်ငံရေးစွမ်းဆောင် ချက်ရှိသော်ငြားလည်း ပြည်သူ့သဘောထားနဲ့ မကိုက်ညီတာလည်း ရှိကောင်း ရှိမယ်။ အဲဒီတော့ တစ်သီးပုဂ္ဂလကျတော့ ဘယ်လူတန်းစားကို ကိုယ်စားပြုမလဲ။ ဘယ်ဟာကို ဦးစားပေးပြီး လုပ်မလဲ။ အစီအစဉ်တွေ လွတ်လွတ်လပ်လပ် ချမှတ်လို့ရတယ်။ ဒီငါးနှစ်မှာတော့ ဘယ်ဟာကို ဦးစားပေးမယ်။ နောက်သက်တမ်းကျရင် ဘယ်အရာကိုပြောမယ်။ အစရှိသဖြင့် တစ်ယောက်တည်း ဆိုတော့ အစီအစဉ်ကို စိတ်ကြိုက်ဆွဲလို့ရတယ်။ ကျွန်တော်ကတော့ တောင်သူလယ် သမားရေးရာ ကိစ္စတွေ ဆောင်ရွက်မယ်။ အားလည်းသန်တယ်။ လက်ရှိမှာလည်း တောင်သူတွေ အခက်အခဲတချို့ ဖြစ်နေကြတယ်။ စပါးဈေးလည်းကျတော့ သင့်တင့်တဲ့ ဈေးနှုန်း ရစေချင်တယ်။ စပါးက တစ်ဧက စိုက်ရင် ၁၂ သိန်းကနေ ၁၅ သိန်းလောက် ကုန်တယ်။ အခု စပါးဈေးက တင်း ၁၀၀ မှ ရှစ်သိန်း၊ ကိုးသိန်းပဲ ရှိတယ်။ အဲဒီလို ကိစ္စတွေ အဆင်ပြေအောင် ကျွန်တော်ကြိုးစား ဆောင်ရွက်ချင်ပါတယ်"ဟု ၎င်းကပြောသည်။ 
    ၂၀၁၅ ရွေးကောက်ပွဲတွင် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဦးစိန်ဝင်းသည် ၂၀၁၇ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (National United Democratic Party) (NUDP) တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ကာ ပြည်သူ့ပါတီသို့ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် နုတ်ထွက်ခဲ့သူဖြစ်သည်။ 
    ဦးစိန်ဝင်းအနေဖြင့် လာမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး တောင်သူလယ်သမားများ၊ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ မြေယာပြဿနာ ဖြေရှင်းပေးရေး၊ စိုက်ပျိုးစရိတ် လုံလောက်စွာ ထုတ်ချေးပေးရေး စသည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။   ကွန်းဈာန်

Total Views ~ 49

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.