ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းက လွှတ်တော်ကို စတင်ဖွင့်လှစ်ပေး

 

2023 ၊ ဇူလိုင် ၄

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းဟာ ဇူလိုင် ၃ ရက်မှာ လွှတ်တော်အစည်းအဝေးတွေ စတင်ဖွင့်လှစ်ပေးပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တ ၆ ပတ်တုန်းက ရွေးကောက်ပွဲမှာ အံ့အားသင့်စရာ အနိုင်ရခဲ့တဲ့ Move Forward ပါတီရဲ့ အစိုးရသစ်ဖွဲ့နိုင်ရေး ကြိုးပမ်းမှုကို ထိုင်းတော်ဝင်ထီးနန်းအနေနဲ့ တစုံတရာ မကန့်ကွက်ဘဲ ဘုရင်က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

ကြင်ယာတော်မိဖုရားခေါင် စုသီတာ (သုသိတာ) နဲ့အတူ ယှဉ်တွဲပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ ဘုရင်မဟာဝိဇယက “အဖြူရောင်ယူနီဖောင်းဝတ် လွှတ်တော်အမတ်တွေအနေနဲ့ ထိုင်းပြည်သူတွေအပေါ် ကိုယ်စားပြုပေးရမယ့် အလုပ်ဝတ္တရားကို ဦးထိပ်ပန်ဆင်ကြရန်” အလေးပေး မှာကြားခဲ့ပါတယ်။

“နိုင်ငံ့တိုးတက်ရေးလုပ်ငန်းစဉ်ဟာ အမတ်မင်းတွေရဲ့ အရည်အချင်းနဲ့ ရိုးသားမှုအပေါ် မူတည်လိမ့်မယ်။ ဒီအချက်ကို အားလုံးနားလည်သဘောပေါက်ကြရင် အလုပ်ဝတ္တရားဟာ ချောချောမွေ့မွေ့ အောင်မြင်မှာပါ” လို့ သူက အတိုချုပ် သဘောထားမှတ်ချက်ပေးခဲ့ပါတယ်။

ဘန်ကောက်မြို့ မြစ်ကမ်းနံဘေးရှိ ကြီးမားလှသောအဆောက်အအုံသစ်မှာ ဘုရင်မဟာဝိဇယက ထိုင်းလွှတ်တော်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ‘

ဘန်ကောက်မြို့တော်မှာ လူငယ်မဲဆန္ဒရှင်တွေရဲ့ တခဲနက်ထောက်ခံမှုကို ရခဲ့တဲ့ Move Forward ပါတီဟာ လူမှုကွန်ရက်မီဒီယာကနေ မဲဆွယ်နေခဲ့ခြင်းကလည်း ညွန့်ပေါင်းအစိုးရသစ်ဖွဲ့နိုင်ဖို့ လုံလောက်တဲ့ထောက်ခံမှုရရှိရေးအတွက် ရှုပ်ထွေးစေနိုင်တယ်လို့ တချို့နိုင်ငံရေးအစိတ်အပိုင်းတွေက စိုးရိမ်နေခဲ့ကြတာပါ။

Move Forward ဟာ လွှတ်တော်ထဲမှာ လူကြိုက်များပြီး ရေပန်းစားနေတဲ့ ဖြူထိုင်းပါတီနဲ့ ပူးပေါင်းသွားမှာဖြစ်ပါတယ်။ အဲဒီပါတီနှစ်ရပ်ဟာ လွှတ်တော်အမတ်နေရာတွေကို ခွဲဝေယူခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရာမှာလည်း တညီတညွတ်တည်း သဘောတူညီချက် ရယူနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် ဇူလိုင် ၃ ရက် လွှတ်တော်ဖွင့်လှစ်ပွဲအခမ်းအနားဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ပြီးကတည်းက ဘုရင့်ကျောထောက်နောက်ခံပြုစစ်တပ်နဲ့ သူတို့ရဲ့မဟာမိတ်ပါတီကို ထိုင်းနိုင်ငံရေးလောကထဲမှာ ချေမှုန်းလိုက်နိုင်ပြီလို့ မီဒီယာတွေက ရေးသားကြပါတယ်။

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43527

© 2022 - 2025 News. All Rights Reserved.