ပါတီကြီးတစ်ခုက ဦးဆောင်၍ အစိုးရဖွဲ့နိုင်မည့် အနေအထားဖြစ်နေခြင်းကြောင့် အတိုက်အခံအင်အားစု များများရောက်နိုင်သည့် လွှတ်တော်ကြီးတစ်ခုဖြစ်ရန် ကြိုးစားသင့်ကြောင်း ဒေါက်တာညိုညိုသင်း ပြော

နေပြည်တော်၊ စက်တင်ဘာ ၂၄
    ပါတီကြီးတစ်ခုက ဦးဆောင်၍ အစိုးရဖွဲ့နိုင်မည့် အနေအထားဖြစ်နေခြင်းကြောင့် အတိုက်အခံအင်အားစုများများ ရောက်နိုင်သည့် လွှတ်တော်ကြီးတစ်ခုဖြစ်ရန် ကြိုးစားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ညိုညိုသင်းက ပြော သည်။ 
    "အမှန်ကတော့ ပါတီစုံပါဝင်တဲ့ လွှတ်တော်ကြီးဖြစ်ရင်တော့ ပိုကောင်းတယ်။ သို့သော်လည်း ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ အားကောင်းမောင်းသန် ပြန်ပြီးဝင်ဖို့ဆိုတာ အခြေအနေက အများကြီး မပေးဘူးလေ။ ဝင်ပြိုင်တဲ့ပါတီက နည်းပါးတဲ့အတွက် လွှတ်တော်ထဲရောက်မယ့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့က နည်းသွားမယ်။ အဲဒီတော့ အစိုးရကို ထိန်းကျောင်းနိုင်မှုအပိုင်းမှာ အားနည်း သွားမယ်လို့ ကျွန်မသုံးသပ်တယ်။ အခုအတိုင်းဆို မပြေးသော်ကန်ရာရှိ ပါတီကြီးတစ်ခုကပဲ ဦးဆောင်ပြီး တော့ အစိုး ရဖွဲ့နိုင်မယ့် အနေအထား ဖြစ်နေတယ်။ အဲဒါကြောင့် အတိုက်အခံအင်အားစုတွေ များ များရောက်နိုင်တဲ့ လွှတ်တော်ကြီးတစ်ခုဖြစ်ဖို့ အားလုံးက ကြိုးစားကြရင် ကောင်းမယ်"ဟု ၎င်းကပြောသည်။ 
    ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ငန်းများကို လွှတ်တော်ပြင်ပမှ လုပ်ဆောင်သွား မည်ဖြစ်ပြီး အစိုးရကို ထိန်းကျောင်းရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။ 
    "ကျွန်မ ဘယ်ကမှ မဝင်ပါဘူး။ ဘူးဆို ဖရုံမသီးဘူး။ အစောကတည်းက ကြေညာထားပြီးသား။ ကောလာဟလတွေ လူမှုကွန်ရက်မှာ ရေးနေကြတာ၊ လျှောက်ပြောနေကြတာ၊ မဟုတ်ပါဘူး၊ မဝင်ပါဘူး။ ကျွန်မက ကိုယ်နိုင်တဲ့ကဏ္ဍကနေ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်သွားမယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ ဒီတိုင်းပြည်ငြိမ်းချမ်းအောင် ပါဝင်သွားမယ်။ အခုလာ မယ့်လွှတ်တော်ထဲကို သွားဖို့ အစီအစဉ် မရှိဘူး။ ဒါပေမဲ့ အစိုးရကို ထိန်းကျောင်းဖို့၊ အစိုးရကို တာဝန်ယူမှုရှိရေး ဒါတွေကိုတော့ ရတဲ့နည်းနဲ့ ကြိုးစားသွားမယ်။ ကျွန်မတို့တွေ့ထားတဲ့ နည်းလမ်းတွေလည်းရှိတယ်။ တက်လာတဲ့ အစိုးရက ပြည်သူကို တာဝန်ယူဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့၊ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့အတွက်ကို ကျွန်မ အနေနဲ့ဆက်ပြီး ကြိုးစားသွားမယ်။ တတ်တဲ့ပညာနဲ့ပေါ့။ ကျွန်မကို ဝန်းရံမယ့်အသိုင်းအဝိုင်းလည်း ရှိပြီးသားဆို တော့လေ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လွှတ်တော်ကိုယ် စားလှယ်ရဲ့ လုပ်ငန်းတွေကို လွှတ်တော်ပြင်ပ လုပ်သွားဖို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေလည်း အများကြီးရှိ တယ်"ဟု ၎င်းကပြောသည်။ 
    ယခင်က ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ကိုးပါတီရှိသည့်အနက် သုံးပါတီမှာ ဖျက်သိမ်းခံထားရသည့် အတွက် ခြောက်ပါတီသာ ကျန်ရှိသည်။ 
    လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် အပိုင်းလိုက်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကော်မရှင်မှ ထုတ်ပြန်ထားသည်။ ကွန်းဈာန်

Total Views ~ 50

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.