ပြိုင်ဘက်ပါတီ အများအပြားရှိသော်လည်း ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန် ဒူးလေးပါတီ မျှော်မှန်း

နေပြည်တော်၊ စက်တင်ဘာ ၂၄
    ပြိုင်ဘက်ပါတီ အများအပြားရှိသော်လည်း ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်နိုင်ရန် မျှော်မှန်းထားကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။ 
    "ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်လောင်း ပြည့်သွားပြီ။ အားလုံးတင်ပြပြီးပြီ။ ကျွန်တော်တို့ မဲဆန္ဒနယ်တွေမှာ ရာခိုင်နှုန်း ၅၀ ကျော် အနိုင်ရဖို့ မှန်းထားတယ်။ ဒေသအခြေအနေကတော့ ရွေးကောက်ပွဲ လုပ်လို့ရပါတယ်။ ပူတာအိုခရိုင်၊ တနိုင်းခရိုင်၊ ဝိုင်းမော်ဒေသတွေမှာ ပြိုင်ဘက်ပါတီတွေ အများကြီး ရှိတယ်။ ပြည်ခိုင်ဖြိုး၊ တစည၊ ကချင်ပြည်သူ့ပါတီ၊ PPP ၊ တောင်သူလယ်သမားပါတီ၊ ကျားဖြူပါတီတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ အနိုင်ရဖို့မှန်း ထားတာပဲ။ ကျွန်တော်တို့လည်း အစိုးရအဖွဲ့မှာ ပါနိုင်ဖို့တော့ ရည်မှန်းထားတယ်။ အဖြေထွက်လာမှ သိရမယ်။ ကိုယ်မှန်းထားသလောက် ဖြစ်လာမလား ဆိုတာတော့ မပြောတတ်သေးဘူး။ အဖြေထွက်လာမှ သိမယ်"ဟု ၎င်းကပြောသည်။ 
    ကချင်ပြည်နယ်တွင်  မဲဆန္ဒနယ်နှစ်ခု ခွဲခြားသည့်အနက် မဲဆန္ဒနယ်(၁)ရှိ မြို့နယ်ကိုးခုတွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌဖြစ် သူ ဦးလီပေါ်ရဲ့က ပြောသည်။ 
    "ပြည်သူလူထုက စိတ်ပါဝင်စားတဲ့သူတွေလည်းရှိတယ်။ တချို့ကတော့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ပြောဆိုမှုတွေကြောင့် မဲတော့ထည့်မယ်။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် ပြောဆိုတာမျိုးတော့ သိပ်မရှိကြဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေတောင် တချို့က အကြောက်တရား နည်းနည်းရှိကြတယ်။ အမျိုးမျိုးသော အကြောင်းကြောင့် စိုးရိမ်စိတ်တော့ ရှိတယ်။ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်လောင်း ၂၃ ဦးတင်ထားတယ်။ မဲဆန္ဒနယ်က ကချင်ပြည်နယ်မှာ (၁)နဲ့ (၂) ခွဲထားတယ်။ မဲဆန္ဒနယ်(၁)မှာ အကုန်လုံးဝင်မယ်။ ကိုးမြို့နယ် ရှိတယ်"ဟု ၎င်းကပြောသည်။ 
    ဒူးလေးပါတီအနေဖြင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ မချမ်းဘော၊ နောင် မွန်း၊ ခေါင်လန်ဖူး၊ တနိုင်း စသည့် မြို့နယ်များတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီး ပါတီဝင်ရေဦးရေ ထောင်ဂဏန်းရှိကြောင်း သိရသည်။ 
    ကချင်ပြည်နယ်တွင် KIA အကြမ်းဖက်အဖွဲ့အနေဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် မလိုလားသော သဘောထားများတွေ့ရသော်လည်း ကချင်ပြည်နယ် အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေးဒေသ ဦးဆောင်ကော်မတီမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အလေးအနက်ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားသည်။ ကွန်းဈာန်

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53579

© 2022 - 2025 News. All Rights Reserved.