၂၀၂၃ ဇွန် ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို ပြန်လည်ပြုပြင်မှုတွေလုပ်ဆောင်နေကြရာမှာ ဇွန်လ(၂၄)ရက်နေ့အထိ ကျောင်းဆောင် (၁၅)ဆောင် အမိုးပြုပြင်ပြီးစီးသွားပြီဖြစ်တယ်လို့ အစိုးရနည်းပညာ အထက်တန်းကျောင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးတာဝန်ခံကပြောပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း ပျက်စီးမှုတွေထဲက ပထမဦးစားပေးအနေနဲ့ အမိုးပြုပြင်တာတွေဆောင်ရွက်ခဲ့ကြပြီး အမိုးပြုပြင်တဲ့အဆောင် (၁၉)ဆောင်ရှိတယ်လို့ဆိုပါတယ်။
အဲဒီထဲက (၁၅)ဆောင်က ရာနှုန်းပြည့်ပြီးစီးနေပြီး ကျန်တဲ့အဆောင်တွေကိုလည်း ရာသီဥတုအခြေနေပေါ်မှုတည်ကာ ဆက်လုပ်ဆောင်ရွက်နေတယ်လို့ အစိုးရနည်းပညာအထက်တန်းကျောင်း ပြန်လည်ပြုပြင်တည်ဆောက်ရေး တာဝန်ခံ ကိုသက်ဦးထင်ကပြောပါတယ်။

မိုခါမုန်တိုင်းကြောင့်အစိုးရနည်းပညာအထက်တန်းကျောင်းဆောင်အားလုံးနီးပါး အမိုးလန်တာ၊ သွပ်ပြားချပ် အနည်းငယ်ကွာကျတာတွေနဲ့ မျက်နှာကျက်ပြိုကျပျက်စီးတာတွေဖြစ်ခဲ့တာပါ။
အဲဒီပျက်စီးသွားတဲ့ကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အများပိုင်ကုမ္ပဏီလီမိတက် (MLCP)က တာဝန်ယူလုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။