ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က ရဲစခန်းလက်လုပ်ဗုံးဖြင့်အပစ်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

 

 ၂၀၂၃ ဇွန် ၃

ယမန်နေ့ညက ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက (၉၁)ရပ်ကွက်၊ပဲခူးမြစ်လမ်းပေါ်ရှိ ရဲစခန်းလက်လုပ်ဗုံး(၂)လုံးဖြင့်အပစ်ခံရပြီးနာက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီညမှာပစ်ခတ်ခံတွေနဲ့ပေါက်ကွဲသံတွေကိုလည်းယုဇနဥယျာဥ်မြို့တော်အတွင်းမှာနေထိုင်သူတွေကကြားခဲ့ရပြီးစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့လည်းအဲ့ဒီမြို့နယ်အတွင်းမှာနေထိုင်သူတွေက ပြောပါတယ်။

"မနေ့ည ၉ နာရီလောက်မှာဗျောက်အိုးဖောက်သံတွေလိုကြားရတယ်။ဖောင်း ဖောင်း ဖောင်းနဲ့ လေး၊ငါးချက်လောက်ဆက်တိုက်ကြားလိုက်ရတယ်။တချို့ကျတော့လည်းကားဘီးပေါက်တာလား၊ဖြစ်တာလဲပေါ့။နောက်တော့မှယုဇနဥယျာဥ်မြို့တော်မုခ်ဦးထိပ်နားကရဲစခန်းအတိုက်ခံရတယ်လို့ပြောတယ်။အဲ့လိုကြားရတယ်။သေနတ်သံတွေလားဘာလားတော့မသိဘူး။အသံတွေကအတော်လေးကျယ်ကျယ်ကြားခဲ့ရတယ်"လို့ ယုဇနဥယျာဥ်မြို့တော်အတွင်းမှာနေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ တယ်လီဂရမ် Channnel တွေမှာတော့ ဇွန် ၂ ရက်နေ့၊ည ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ပဲခူးမြစ်လမ်းရှိ ဒဂုံမြို့နယ်(ဆိပ်ကမ်း)ရဲတပ်ဖွဲ့ မှူးရုံးအောက်ထပ်တွင် မြို့မရဲစခန်းအဆောက်အဦးမှာ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးဦးစီးအဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ် ကုလားဝဲတံတားဘက်မှပဲခူးမြစ်လမ်းအတိုင်းဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် Probox အဖြူရောင်ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ လက်လုပ်ဗုံးဖြင့် (၂)ကြိမ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလက်လုပ်ဗုံးဟာ မြို့မရဲစခန်းရှေ့ပဲခူးမြစ်လမ်းဘေး အုန်းနဲပင်ခြေရင်းမှာ(၁)ကြိမ်၊ယင်းနေရာနှင့်ကိုက်(၅၀)ခန့်အကွာလမ်းဘေးတွင်(၁)ကြိမ်၊စုစုပေါင်း(၂)ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်လုပ်ဗုံးဖြင့်လာရောက်ပစ်သူတွေကလက်နက်ငယ်(စိစစ်ဆဲ)ဖြင့်(၅)ချက်(၆)ချက်ခန့် မြို့မရဲစခန်းအဆောက်အဦးဘက်သို့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့နောက်ဒဂုံဆိပ်ကမ်းမြို့နယ်မြို့မရဲစခန်းမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးအဖွဲ့ က BA-63 သေနတ်ဖြင့်(၁၀)ချက်ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် Probox ယာဉ်နဲ့လက်လုပ်ဗုံးလာပစ်သူအဖွဲ့က ပဲခူးမြစ်လမ်းအတိုင်းဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့ နဲ့ပိတ်ဆို့ရှာဖွေလျက်ရှိတယ်လို့လည်း စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ တယ်လီဂရမ် Channnel တွေမှာဖော်ပြထားပါတယ်။

"မနေ့ညက မုခ်ဦးထိပ်မှာပစ်ခတ်သံတွေကြားရတော့ကျနော်တို့လည်း ကြောက်ကြောက်နဲ့နောက်လှည့်မကြည့်ဘူး။တချို့တည်းဆိုင်ကယ်ကိုမောင်းပြေးကြတာနောက်မှာဘာတွေဆက်ဖြစ်ပြီးကျန်ခဲ့လဲမသိဘူး။ဖြစ်တာကရဲစခန်းနားလေးမှာဖြစ်တာပါ။ပေါက်ကွဲသံတွေရော ပစ်ခတ်သံတွေရောဆူညံနေတာပါပဲ"လို့ ယုဇနဥယျာဥ်မြို့တော်အတွင်းမှာနေထိုင်သူတစ်ဦးက ဆက်ပြီး ပြောပြခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းပစ်ခတ်ခံရမှုကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရမှု ရှိ၊မရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ တယ်လီဂရမ် Channnel တွေမှာတော့ အဲ့ဒီပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း ရဲစခန်းမှာရှိတဲ့ပစ္စည်းပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မကြာသေးမီလပိုင်းအတွင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်ရှိ (၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းပစ်ခတ်ခံရမှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့သေးပြီး ရပ်ကွက်ရာအိမ်မှူး(၂)ဦး သေဆုံးခဲ့ရပါတယ်။

အဲ့ဒီ ဒဂုံဆိပ်ကမ်းမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေးတွေတင်းကြပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Total Views ~ 261

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43526

© 2022 - 2025 News. All Rights Reserved.