လူကုန်ကူချင်းခံရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးသတင်းထုတ်ပြန်

၂၀၂၃ မေ ၁၆

နယ်စပ်ဖြတ်ကျော် ဆိုက်ဘာစကမ် (cyberscams) တွေနဲ့ မြန်မာနိုင်ငံထဲသို့ ဖျားယောင်းခေါ်ဆောင်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကယ်တင်နိုင်ခဲ့တယ်လို့ သံရုံးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

တယ်လီကွန်ဆက်သွယ်ရေးစနစ်နဲ့ လိမ်လည်ဖျားယောင်းမှုတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၊ နေပြည်တော်မှာ တိုက်တွန်းပြီး ရက်ပိုင်းအကြာမှာပဲ အခုလို သံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

လစာကောင်းတဲ့ အလုပ်အကိုင်တွေ ပေးမယ်ဆိုပြီး ကတိတွေနဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့သို့ ခိုးသွင်းပြီး အွန်လိုင်းမှ လိမ်လည်တဲ့အမှုတွေမှာ ပါဝင်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အကူအညီတောင်းခံမှုကို လက်ခံသိရှိရပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အရေးပေါ်စီမံချက် ချက်ချင်းစတင်ခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ဖို့ မြန်မာရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းခဲ့ကြောင်း၊ လူကုန်ကူးခံရသူတွေကို ဘေးကင်းစွာနဲ့ ခေါ်ဆောင်နိုင်ခဲ့ကြောင်း” အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ရေးသားထားပါတယ်။

ဒုက္ခရောက်နေတဲ့သူတွေကို ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ တခြားဒုက္ခရောက်နေသူတွေနဲ့ သူတို့မိသားစုတွေဟာ နယ်စပ်ဖြတ်ကျော်လိမ်လည်တဲ့အမှုတွေကို ရဲနဲ့သံရုံးတွေထံ တိုင်ကြားကြရန် တိုက်တွန်းကြောင်း သံရုံးက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း အရှေ့တောင်အာရှမှာ လူကုန်ကူးခံရမှု သိသာစွာ တိုးလာခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံအများအပြားဟာ လူကုန်ကူးဖို့ ပစ်မှတ်ထား ခံနေရပါတယ်။

အခုလ အစောပိုင်းကလည်း အင်ဒိုနီးရှားနဲ့ မလေးရှားအာဏာပိုင်တွေဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးမှ လူကုန်ကူးခံရသူ ၁ ထောင်ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တာချီလိတ်မှာလည်း တရုတ်နိုင်ငံသားတစ်ဦးကို သံရုံးက ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကယ်ဆယ်ခဲ့ပါတယ်။

သူတို့သတ်မှတ်ထားတဲ့ အတိုင်းအတာ မရတဲ့အခါ အဲဒီဒုစရိုက်ဂိုဏ်းတွေဟာ လူကုန်ကူးခံရသူတွေကို ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျင်စက်နဲ့ တို့ခြင်း၊ အစာအငတ်ထားခြင်းတို့နဲ့ နှိပ်စက်ညှင်းပန်းတယ်လို့ ကိုယ်တွေ့ခံစားခဲ့ရသူတွေက ထွက်ဆိုကြပါတယ်။

Total Views ~ 227

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43465

© 2022 - 2025 News. All Rights Reserved.