သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် ပွင့်လင်းရာသီ ခရီးစဉ်များအတွက် ချောင်းသာ၊ ငွေဆောင်ခရီးစဉ် ဈေးကွက်ဆွဲဆောင်မှုအပြိုင်အဆိုင်ဖြစ်လာ

ရန်ကုန်၊ စက်တင်ဘာ ၂၄
    ၂၀၂၅ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက်များနှင့် ပွင့်လင်းရာသီခရီး စဉ်များအတွက် ချောင်းသာ၊ ငွေဆောင်ခရီး စဉ်များအတွက် ဈေးကွက်ဆွဲဆောင်မှု အပြိုင်အဆိုင် ဖြစ်လာကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
    ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု မြင့်တက်လာရန် မျှော်မှန်းထားပြီး စက်တင်ဘာ လဆန်း ပိုင်းမှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် လာရောက်သူများပြားလာခဲ့ပြီး ယခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက် ခရီးသွားဝင်ရောက်မှု များပြားလာနိုင်သည့်အတွက် ခရီးစဉ်ဈေးကွက် အပြိုင်အဆိုင် ဝန်ဆောင်မှုတွေ ရှိလာခြင်းဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှုပေးသူ ဦးသူရကျော်က ပြောသည်။
    "ချောင်းသာ၊ ငွေဆောင်ကတော့ စက်တင်ဘာလဆန်းလောက်ကတည်းက ခရီးသွားတွေ လာနေကြပြီ မိုးလေးမပြတ်သေးတော့ ဈေးနှုန်းလည်း သက်သာတာကြောင့် အသင်းအဖွဲ့တွေ၊ မိသားစု တွေလာ ရောက်လည်ပတ်ကြတယ်။ မကြာခင် သီတင်းကျွတ်တော့မှာဆိုတော့ ခရီးသွားလုပ် ငန်းတွေအနေနဲ့က ချောင်းသာ၊ ငွေဆောင်ကို ခရီးသွားတွေဝင်လာမယ့် အခြေအနေကို ကြည့်ပြီး အပြိုင်အဆိုင်ဖြစ်လာတယ်။ အရင်က တော့ ခရီးသွားဝန်ဆောင်မှုတွေက ခရီးစဉ်ဆွဲပြီး နှစ်သက်ရာ ဟိုတယ်ပို့ပေးပြီး ဝန်ဆောင်မှုပေးတယ်။ ကားခပဲယူတာပေါ့။ ခုဟိုတယ်လုပ်ငန်းရှင်တွေကလည်း ခရီးစဉ်လက်မှတ် တွေရောင်းပြီး သွားလာတည်းငြိမ်း ဘယ်လောက်ဆိုတာမျိုးအထိ ဆွဲဆောင်လာကြတယ်။ ခရီးသွားလုပ်ငန်းတွေကလည်း ဟိုတယ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်လာတယ်။ ဒေသခံခရီးသွားလုပ်ငန်းတွေကတော့ ချောင်းသာ၊ ငွေဆောင်နဲ့ ဂေါ်ရင်ဂျီအပြင် ကျွန်းပတ်ခရီးစဉ်တွေဆွဲပြီး ပွင့်လင်းရာသီ အတွက်ပြင် ဆင်နေကြပါပြီ"ဟု ဦးသူရကျော် ကပြောသည်။
    သီတင်းကျွတ် ကျောင်းပိတ်ရက် အတွက် ကြိုတင် ခရီးစဉ်များနှင့် ဟိုတယ်၊ တည်းခိုခန်းများတွင် အခန်းငှားရမ်းမှုများ ရှိသော်လည်း ခရီးစဉ်ရက်များ မတူညီသည့်အတွက် ဟိုတယ်နှင့် တည်းခိုခန်းများတွင် အခန်းလွတ်များ ရှိသေးကြောင်း မိသားစုအခန်းများ ပြင်ဆင်၍ ကျောင်းပိတ် ရက်ခရီးစဉ်များအတွက် ဒေသခံလုပ်ငန်းရှင်များက အဓိကထား ပြင်ဆင်ထားကြောင်း သိရသည်။
    ယခုနှစ်တွင် ချောင်းသာကမ်းခြေနှင့် ဆက်စပ်ခရီးစဉ် ဒေသများအဖြစ် ရွှေ သောင်ယံကမ်းခြေနှင့် Sea & Lake အပန်းဖြေစခန်း၊ ဒီရေတောရှုခင်းများ လေ့လာနိုင်သော ခရီးစဉ်ဒေသ၊ သဲဖြူကျွန်းခရီး စဉ်ဒေသ၊ အောင်မင်္ဂလာကျွန်း ခရီးစဉ်ဒေသ၊ ကျောက်မောင်နှမကမ်းခြေ ခရီးစဉ်ဒေသနှင့် ခြောက်ကောင်ကျေးရွာအနီးရှိ ချောင်းသာဆင် စခန်းတို့ကို ခရီးစဉ်များတွင် ထည့်သွင်းထားကြောင်းနှင့် ငွေဆောင်ကမ်းခြေနှင့် ဆက်စပ် လည်ပတ်နိုင်သော ခရီးစဉ်များအဖြစ် ၁၉ မိုင်ဆင်စခန်း၊ သဇင်ကျေးရွာရှိ မြွေကျွန်း ခရီးစဉ်ဒေသနှင့် ဘုရားသုံးဆူ ခရီးစဉ်ဒေသ၊ ငှက် တောင်မြောက်ကျွန်းနှင့် ချစ်သူများကျွန်း ခရီးစဉ်တို့ပါဝင်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53579

© 2022 - 2025 News. All Rights Reserved.