အနောက်ဘက် နယ်စပ်လုံခြုံရေးသည် ရခိုင်တို့ အလေးအနက်ထားရမည့် ပင်မအကျပ်အတည်းကိစ္စရပ်ဟု AFP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြောကြား

ရန်ကုန် အောက်တိုဘာ ၃၁
  အနောက်ဘက် နယ်စပ်လုံခြုံရေးသည် ရခိုင်ပြည်သူတို့ အလေးအနက်ထားရမည့် ပင်မအကျပ်အတည်းကိစ္စရပ်ဖြစ်ပြီး နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သောကိစ္စရပ်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပြောကြားသည်။
အောက်တိုဘာလ ၃၀ရက်နေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့်ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party - AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကိုပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင့်ဦးဆောင်ပါတီ၏နိုင်ငံရေးမူဝါဒနှင့် အခြေခံသဘောတရားအကျဥ်းချုပ်ကို ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌကပြောကြားရာတွင်“ရခိုင်တို့၌ အလေးအနက်ထားရမည့် အကျပ်အတည်းကြီးရှိသည်။ ယင်းမှာ အနောက်ဘက် နယ်စပ်လုံခြုံရေးဖြစ်သည်။ အလေးအနက်ထားရမည့် ပင်မအကျပ်အ တည်းကိစ္စရပ်ကြီး၊ နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးလာနိုင်သည့် အကျပ်အတည်းကိစ္စရပ်ကြီးဟု ခံယူလျက် ရခိုင်ဒေသ၏ တည်ရှိမှု ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား အားသာချက်တို့အား အကြောင်းပြုလျက် ပြည်ပအင်အားကြီးတို့၏ အားပြိုင်လွှမ်းမိုးလိုမှုကြောင့် ရိုက်ခတ်လာနိုင်သည့် ဒေသတွင်း အလှုပ်အခတ်တို့ကို ဦးဆောင်တုံ့ပြန်နိုင်ရန် ပညာရှင်ဆန်သော ရခိုင်လူထု၏ သစ္စာခံသော ဦးဆောင်နိုင်ငံရေးပါတီတစ်ရပ်သည် ရခိုင်ဒေသ၌ တည်ရှိရန် လိုအပ်ချက်ကြောင့် သွေးစည်းညီညွတ် သန့်ရှင်းအားကောင်းသော နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ထွန်းရေး မျှော်မှန်းလျက် - တည်ထောင်ခဲ့သော ရခိုင့်ဦးဆောင်ပါတီသည်“အစွန်းမရောက်သည့် အမျိုးသားရေးအခြေပြုမူဝါဒနှင့် အခြေခံသဘော တရား” ရှိသည့် ပါတီတစ်ခု ဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။
  ထို့အပြင်ရခိုင့်ဦးဆောင်ပါတီ ဖွဲ့စည်းစဉ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ပါတီတည်ထောင်ဖွဲ့စည်းရခြင်း “ရည်ရွယ်ချက် (၇) ရပ်ကို ဆက်လက်တင်ပြရာ


(က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်၏ ရပိုင်ခွင့်အပြည့်အဝရှိသော ရခိုင်ပြည်နယ်အဖြစ်၊ ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊

(ခ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြားသော တိုင်းရင်းသားညီအစ်ကိုများနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန်၊

(ဂ) ရခိုင်တိုင်းရင်းသားများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်နှင့် အဆိုပါအကျိုးစီးပွားများ ရေရှည်တည်တံ့ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊

(ဃ) ဒီမိုကရေစီစနစ် ပီပြင်စွာ ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊

(င) ရခိုင်အမျိုးသားများ သွေးစည်းညီညွတ်ရေးနှင့် သန့်ရှင်းအားကောင်းသော နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ထွန်းလာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊

(စ) ရခိုင်လူမျိုးနှင့် ရခိုင်ပြည်နယ်၏ တည်ရှိမှုကိုသာမက ပြည်ထောင်စု၏ အချုပ်အခြာအာဏာကိုပါ ထိပါးခြိမ်းခြောက်နေသည့် ရခိုင်ဒေသအနောက်ဘက် နယ်စပ်လုံခြုံရေးအား အလေးထားကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊

(ဆ) ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း ဒေါက်တာအေးမောင်က တင်ပြပြောဆိုခဲ့သည်။ HM

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56078

© 2022 - 2025 News. All Rights Reserved.