2023 ဇွန် ၂၇
ပြည်တွင်း၌ ၂၆ နှစ်ကြာ ငွေချေးလုပ်ငန်း လုပ်ကိုင်နေသည့် အမေရိကန်အခြေစိုက် ငွေချေးလုပ်ငန်း Pact Myanmar လုပ်ငန်းပိတ်သိမ်းမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ ကြေညာချက်မှ သိရသည်။
အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်းလုပ်ဆောင်နေသည့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ဟုဆိုကာ ယခုလကုန်မှစ၍ လုပ်ငန်းများ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းက ၂၆ရက်နေ့တွင် ကြေညာထားခြင်းဖြစ်သည်။
Pact Myanmar ၏ အသွင်ကူးပြောင်းရေး အစီအစဉ်အရ ဖွဲ့စည်းဖြစ်ပေါ်လာမည့် စီးပွားရေးအဖွဲ့အစည်းအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တောင်းဆိုမှုများကြောင့် Pact Myanmar သည် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းအဖြစ်မှ ယခုလကုန်(ဇွန် ၃၀ရက်နေ့)အတွင်း မှတ်ပုံတင်ရန် မဖြစ်နိုင်တော့သဖြင့် ဘုတ်အဖွဲ့က ၂၆ရက်နေ့တွင် ဝန်ထမ်းများအား အသိပေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံမတင်နိုင်ပါက လက်ရှိလုပ်ငန်းကို တရားမဝင်လုပ်ဆောင်သကဲ့သို့ဖြစ်သွားနိုင်သောကြောင့် ပိတ်သိမ်းခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တစ်ခုက Pact Myanmar နှင့် BG Microfinance ငွေချေးလုပ်ငန်းမှ ဝန်ထမ်းအမျိုးသမီး ၁ ဦးနှင့် အမျိုသား ၃ ဦးတို့အား စစ်ဆေးမေးမြန်းပြီးနောက် အဆိုပါလုပ်ငန်းများမှာ နစကနှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ မင်းဘူးမြို့နယ်၌ နစကနှင့်နီးစပ်သည့် ချေးငွေလုပ်ငန်းများအား မလုပ်ဆောင်ရန် ပိတ်ပင်ထားသည့်အတွက် ဝန်ထမ်းများထံမှ စာရွက်စာတမ်းများ၊ ကုမ္ပဏီပိုင်ဖုန်းများနှင့် ငွေကျပ်သိန်း ၅၀ အား သိမ်းဆည်းခဲ့ပြီးနောက် ဝန်ထမ်းများအား ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
Pact Myanmar မှာ အမေရိကန်နိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသည့် NGO အဖွဲ့အစည်းဖြစ်ကာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပနိုင်ငံ ၂၅ နိုင်ငံတို့၌ ကျေးလက်ရှိ အခြေခံပြည်သူများအား ငွေချေးပေးခြင်းလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းမှာ မြန်မာနိုင်ငံ၌ ၁၉၉၇ ခုနှစ်(လွန်ခဲ့သော ၂၆နှစ်)မှစ၍ ရုံးခန်းဖွင့်လှစ်ကာ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် နိုင်ငံအနှံ့၌ ရုံးခွဲများ ဖွင့်လှစ်ထားကာ ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ချေးငွေရယူထားသူ အသင်းသားတစ်ဦးခြင်းအနေဖြင့် အဆိုပါချေးငွေအား စုငွေလက်ကျန်မှ နှုတ်ယူသွားမည်ဖြစ်ကာ စုငွေလက်ကျန် မရှိတော့ဘဲ ချေးငွေသာကျန်ရှိပါက အဆိုပါချေးငွေအား ကောက်ခံခြင်း မပြုဘဲ လျှော်ပစ်မည်ဖြစ်ကြောင်း၊ ထိုကျန်ရှိချေးငွေကို Pact Myanmar ကိုသော်လည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်းကောင်း ပြန်လည်ပေးဆပ်ရန် မလိုအပ်ကြောင်း Pact Myanmar မှ ထပ်မံအသိပေးထားသည်။