Breaking

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကို ဝေဖန်ခဲ့ကြသည့် ဒါရိုက်တာမိုက်တီးအပါအ၀င် အနုပညာရှင် ၃ ဦးကို ဖမ်းဆီး

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ 

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားခဲ့ကြသည့် ဒါရိုက်တာမိုက်တီးအပါအ၀င် အနုပညာရှင် ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပ နိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင်“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနှင့် ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသား၍ ရွေး ကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့သည့် ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့အား ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထား သည်။

ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ် ထောက်ခံမှုမရှိခဲ့သည့်အပြင် ဆူပူဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် မကြာမီကျင်းပရန်ရှိသည့်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၎င်းတို့တတ်ကျွမ်းသော အနုပညာကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်းမရှိသည့်အပြင် အခြားသောအနုပညာရှင်များ၏ တစ်တပ်တစ်အားပူးပေါင်းဆောင်ရွက်မှုအပေါ် ဝေဖန်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူ လူထုမှ ယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်၍ ရေးသားဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတရားခံ ၃ ဦးအနက် ဒါရိုက်တာ မိုက်တီး (ခ)သန်းထွန်းဇော်သည် ၂၀၂၁ ခုနှစ်တွင်လူမှုကွန် ရက်မီဒီယာမှတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့သောကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်အရေးယူခြင် းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင်နိုင်ငံတော်အစိုးရမှ စေတနာဖြင့် “နောက်တစ်ကြိမ်ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင်ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစိစစ်တွေ့ရှိရသဖြင့် ၎င်းအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူနိုင်ရေးအပြင် ယခင်လွတ် ငြိမ်းခွင့်ပြုခဲ့သော ပြစ်ဒဏ်အားပြန်လည်ကျခံစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့ကြသည့် ကျော်ဝင်းထွဋ် (ခ)ကျော်မင်းထွဋ်နှင့် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ ၂ ဦးအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူ လူထု၏ပူးပေါင်းပါဝင်မှုဖြင့် အထွေထွေ ရွေးကောက်ပွဲအား ဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။ နဒီ

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

55946

© 2022 - 2025 News. All Rights Reserved.