ရန်ကုန်၊ ဇူလိုင် ၃၁
Tradenet 2.0 စနစ်တွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ်ပုံတင် လျှောက်ထား မှုအတွက် မှတ်ပုံတင်ကြေးများအား သြဂုတ်လမှ စတင်ပြီး သတ်မှတ်ကာလအတွင်း ပေးသွင်းရမည် ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၄/၂၀၂၅)အရ သိရသည်။
သတင်းလွှာအရ Tradenet 2.0 စနစ်တွင် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်နှင့် ဆက်စပ်မှတ် ပုံတင်လျှောက်ထားမှုများအတွက် မှတ်ပုံတင်ကြေးများအား သတ်မှတ်ကာလအတွင်း ပေးသွင်းရန် စသည့်အချက်များ ပါဝင်လာပြီး သြဂုတ်လ ၁ ရက်မှ စတင်ပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
"သတင်းလွှာပါ လုပ်ငန်းစဉ်တွင်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်က စတင် ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာနဘက်မှ ပြောကြားထားသည်။
စတင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်နှင့် ဆက်စပ် မှတ်ပုံတင်အသစ် လျှောက်ထားမှုများသည် ဌာနမှ ခွင့်ပြုသည့် နေ့မှစပြီး ၂၁ ရက်အတွင်း မှတ်ပုံတင်ကြေးပေးသွင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
အကယ်၍ သတ်မှတ်ရက်အတွင်း မှတ်ပုံတင်ကြေးပေးသွင်းမှု ပျက်ကွက်မည် ဆိုပါက မှတ်ပုံတင်ကြေးအပြင် ဒဏ်ကြေးငွေများပါ ပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ဒဏ်ကြေးအနေဖြင့် ပေးသွင်းရမည့်ရက်ကျော်လွန်လျှင် ရက်အလိုက် ကျပ်တစ်သိန်းမှ စတင်၍ ကျပ်သုံးသိန်းအထိ အသီးသီးရှိပြီး နောက်ဆုံးအနေဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းသွားသည်ထိ ပြစ်ဒဏ်များရှိကြောင်း သိရသည်။
Tradenet 2.0 စနစ်အရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်၊ စီးပွားရေး အကျိုးဆောင် မှတ်ပုံတင်၊ အရောင်းစင်တာ ဖွင့်လှစ်၍ မော်တော်ယာဉ် တင်သွင်းရောင်း ချခွင့်လက်မှတ်၊ အရောင်းပြခန်း ဖွင့်လှစ်၍ မော်တော်ယာဉ်အသစ်များ တင်သွင်းရောင်း ချခွင့်ပြုလက်မှတ်၊ အရောင်းစင်တာဖွင့်လှစ် ၍ လုပ်ငန်းသုံး မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊ အရောင်းပြခန်းဖွင့် လှစ်၍ ဆောက်လုပ်ရေးနှင့် လုပ်ငန်းသုံးယန္တရားများ တင်သွင်း ရောင်းချခွင့်ပြု လက်မှတ်၊ အရောင်းပြခန်းဖွင့်လှစ်၍ လျှပ်စစ်သုံး မော်တော်ယာဉ် (EV) တင်သွင်းရောင်းချခွင့် ပြုလက်မှတ်၊ အရောင်းပြခန်း ဖွင့်လှစ်၍ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ်၊ အကောက်ခွန်လွတ် အရောင်းဆိုင်မှတ်ပုံတင်၊ ယမ ကာ တင်သွင်းရောင်းချခွင့် မှတ်ပုံတင်၊ လက်လီလက် ကားရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်နှင့် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်း စသည်တို့ကို အသီးသီးခွင့်ပြုထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဖြူ