အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခဲ့သူများအား ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ ၊နိုင်ငံရေးအရ လုံးဝအကာအကွယ်မပေးဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄

အွန်လိုင်းလိမ်လည်မှု အွန်လိုင်းလောင်းကစားမှု ပြစ်မှုကျူးလွန်ခဲ့သူများအား ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး

ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးခွင့်ရမည်မဟုတ်ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio A တွင် ယနေ့ (ဒီဇင်ဘာ ၁၄ )နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ အမျိုးသား အဖွင့်အမှာစကားတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

" အွန်လိုင်းလိမ်လည်မှု၊ရာဇဝတ်မှုတွေနဲ့ ပြစ်မှု ကျူးလွန်ခဲ့သူများကို ကျွန်တော်တို့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။No Second Chance ဒုတိယအကြိမ် အခွင့်အရေးလုံးဝမရှိပါဘူး။

No Political or Personal Protection ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း လုံးဝအကာအကွယ်ပေးသွားမှာမဟုတ်ပါဘူး" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ အွန်လိုင်းလိမ်လည်ရာဇ၀တ်မှုများ သည် တည်ငြိမ်အေးချမ်းမှု နည်းသည့် ဥပဒေ လက်လှမ်းမီမှု နည်းသည့် နယ်စပ်များတွင် အဖြစ်များပြီး International Organized Crime နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုပုံစံ/နိုင်ငံပေါင်းစုံမှ မသမာသူများ ပါဝင်ဆောင်ရွက်သည့် ပုံစံဖြစ်၍ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် Task Force များ၊ Cooperation အဖွဲ့များဖွဲ့စည်းပြီး ထိရောက်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီီး ဆက်လက် ၍လည်း တက်ကြွထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အွန်လိုင်းလိမ်လည်မှု(Online Scam)၊ အွန်လိုင်းလောင်းကစားမှု (Online Gambling)တို့နှင့် ပတ်သက်သောမြန်မာနိုင်ငံအစိုးရ၏ သဘော ထားနှင့် ရပ်တည်ချက်များကို အသိပေးထုတ်ပြန်ခဲ့သည်။

အွန်လိုင်းလိမ်လည်မှု အွန်လိုင်းလောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သော(National Security Threat)အဖြစ် မြန်မာနိုင်ငံအစိုးရက ရှုမြင်ကြောင်း၊အစိုးရအပေါ်လူထု၏ ယုံကြည်မှု(Public Trust) ထိခိုက်ခြင်း၊စီးပွားရေးလုံခြုံမှု(Economic Security) ထိခိုက်ခြင်း၊နိုင်ငံတော်၏တည်ငြိမ်မှု (National Stability) ပျက်ပြားခြင်း၊တိုင်းပြည်၏ဂုဏ်သတင်း (National Dignity) ညှိုးနွမ်းခြင်း၊နိုင်ငံတကာတွင် တိုင်းပြည်၏ဂုဏ်သိက္ခာ (National Dignity) ကျဆင်းခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ်စေငည်ဟူ၍လည်း အွန်လိုင်းလိမ်လည်မှု အွန်လိုင်းလောင်းကစားမှုများနှင့်ပတ်သက်သည့် မြန်မာနိုင်ငံအစိုးရ၏ သဘော ထားနှင့် ရပ်တည်ချက်များတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာလူမျိုးတွေသည် ဒီအွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုများရဲ့ဆိုးကျိုးကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဒီအွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုတွေကို လူကြီးမင်းတို့ မုန်းတာထက် ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရ မြန်မာပြည်သူလူထုက ပိုပြီးမုန်းတီးပါတယ်။မြန်မာအစိုးရကလည်း ဒီအွန်လိုင်းလိမ်လည်မှု၊ ရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်တယ်ဆိုတာကို အသိပေးလိုပါတယ်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရက အွန်လိုင်းလိမ်လည်မှု၊အွန်လိုင်း လောင်းကစားမှုတွေအပေါ် ဆက်လက်လုပ်ဆောင်သွားမည့် မူဝါဒနှင့် နည်းလမ်းများချမှတ်ထားသည်။အွန်လိုင်းလိမ်လည်မှု၊အွန်လိုင်း လောင်းကစားမှု များသည်လူများစုအပေါ် ကျူးလွန်သည့် ကြီးလေးသော ရာဇဝတ်မှုများအဖြစ် မြန်မာနိုင်ငံအစိုးရက သတ်မှတ်ထားပြီး မူဝါဒ(Policy)အဖြစ် Zero Tolerance Policy ကိုကျင့်သုံးပြီး နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ၊ခွင့်လွှတ်မှုမရှိစေရ၊ ရေဆုံးရေဖျား လိုက်လံနှိမ်နင်းချေမှုန်းမည်ဖြစ်ကြောင်း၊နည်းလမ်း(Method)များအဖြစ် Aggressive Crackd owns Method ဖြင့် ပြင်းပြင်းထန်ထန် နှိမ်နင်းမည်ဟူ၍ ချမှတ်ထားသည်။

ထို့အပြင် Online လိမ်လည်မှု၏ သားကောင်များ မဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များကို ပုံစံမျိုးစုံနှင့်အသိပေးလျက်ရှိသည်။ "Online ကနေ၊ ဖုန်းထဲကနေရောက်လာတဲ့ကိုယ် မသိတဲ့ Link တွေကို မဖွင့်ဖို့၊ ကိုယ်မသိတဲ့Message တွေကို မကြည့်ဖို့ လိုပါတယ်။ Online လိမ်လည်မှု ခံရရင် ကိုယ်တစ်ဦးတည်းကြိတ်မဖြေရှင်းဘဲ တာဝန်ရှိသူတွေကို သတင်းပို့တိုင်ကြားပေးပါ။ ခင်ဗျားတို့ရဲ့ သတင်းပေးတာ၊ တိုင်ကြားတာ ကျွန်တော်တို့အတွက် အလွန်တန်ဖိုးရှိပါတယ်။ ဒီကနေ ကွင်းဆက်လိုက်ပြီး လိမ်လည်သူတွေကို ကျွန်တော်တို့ နှိမ်နင်းနိုင်ပါမယ်။ အစိုးရတာဝန်ရှိသူများ (Government Authority)အပေါ် ယုံ ကြည်စွာ ပူးပေါင်းဆောင်ရွက်ပေးကြပါ" ဟူ၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မေတ္တာရပ်ခံခဲ့သည်။

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

58953

© 2022 - 2025 News. All Rights Reserved.