၂၀၂၅ ၊ ဩဂုတ် ၂
မကြာသေးမီက BRICS ထိပ်သီးညီလာခံကြီး ပြီးစီးသွားခဲ့ပါတယ်။ ဒီညီလာခံကြီးရဲ့ စိတ်ဝင်စားစရာ တစ်ခုကတော့ BRICS ရဲ့ ငွေကြေးအသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအဖွဲ့ကြီး ပေါ်ထွက်လာရခြင်းရဲ့ အကြောင်းတရားတစ်ခုက ကမ္ဘာ့ကုန်သွယ်ရေးစနစ်မှာ အနောက်အုပ်စုရဲ့ သြဇာခံလိုဖြစ်နေရတဲ့ အခြေအနေတစ်ရပ်ကနေ ရုန်းထွက်နိုင်အောင်ဆိုတဲ့ ရည်မှန်းချက်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နိုင်ငံဟာ သူနဲ့ အဆင်မပြေတာနဲ့ တစ်ပြိုင်နက် Sanction လုပ်မယ် ဆိုတာရယ်။ SWIFT ဆိုတဲ့ ကုန်သွယ်ရေး ငွေပေးချေမှုစနစ်ကို ရမယ်ရှာပြီး ကသိက အောက်လုပ်တာ တွေရယ်ကြောင့် Necessity အရ ဒီအဖွဲ့ကြီးဟာ ပေါ်ထွန်းလာတာပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာကတော့ သူတို့ ရည်မှန်းထားတဲ့အတိုင်း BRICS Currency ငွေကြေးအသစ်ကို ပွဲထုတ်လိုက်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး DW သတင်းက စီးပွားရေးဌာနမှူး Janelle Dumalaon က Atlantic Council Geo Economics Center က Senior Director Josh Lipsky ကို တွေ့ဆုံပြီး တကယ်ပဲ USD ကို အစားထိုးသုံးစွဲနိုင်မလား၊ ကမ္ဘာ့ငွေကြေးဈေးကွက်အပေါ်မှာရော၊ ဘာအလှုပ်အခတ်တွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ဒီရုပ်သံမှာ စိတ်ဝင်စားဖွယ် ဆွေးနွေးထားပါတယ်။ မူရင်း BRICS အဖွဲ့ဝင်နိုင်ငံတွေရော အဖွဲ့ဝင်အသစ်တွေပါ USD ရဲ့ အရှိန် အဝါကို ယှဉ်နိုင်ဦးမယ် မထင်ပါဘူး။ ထုတ်လိုက်တဲ့ ငွေစက္ကူအသစ်ကရော အန်တုနိုင်ပါ့မလားဆိုတာ ကြည့်ကြရအောင်လို့ ဆိုထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ အပေါင်းအပါတွေကလည်း စိတ်အားထက် သန်နေသော်လည်း တကယ်တမ်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီအကြောင်း တွေကို BRICS ညီလာခံကြီး ကျင်းပနေစဉ်အတွင်းမှာ DW သတင်းဌာနက Josh Lipsky ကို Sidelines မှာ မေး မြန်းထားပါတယ်။
USD ကြီးစိုးမှု နိဂုံးချုပ်သွားရာလမ်းကြောင်း
(The path towards ending the dominance of the US Dollar)
DW မေး ။ ။ အခုပူတင်က BRICS ထိပ်သီးညီ လာခံလုပ်ပြီးတော့ USD ကျဆုံးခန်းကို သူမြင်နေတယ်လို့ပြောတဲ့အပေါ် တကယ်ပဲ USD ရဲ့ လွှမ်းမိုးထားနိုင်မှုဟာ ကျဆုံးသွားနိုင်တဲ့လမ်းကို မြင်ပါသ လား။
Lipsky ဖြေ ။ ။ အတိုချုပ်ပြောရမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ သူတို့ ဘယ်လိုလုပ်လာမလဲဆိုတာကိုတော့ ကြည့်ရမှာပေါ့လေ။ ကျွန်တော်တို့ အခု World Bank/ IMF စတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းကြီးတွေနဲ့၊ ဝင်ရိုးစုံငွေကြေးကိစ္စတွေ တိုင်ပင်နှီးနှောပွဲတွေ လုပ်ပါတယ်။ ငွေကြေးမူဝါဒတွေချပါတယ်။ ရုရှားမှာလည်း အရေးကြီးတဲ့ BRICS အစည်းအဝေးကြီးလုပ်နေပါတယ်။ ပူတင်က ဒေါ်လာကို အစားထိုးဖို့ မှန်းထား တာပါ။ ဒါက လုပ်ရတာရှုပ်ထွေးပြီး အလွန်ခက်ပါတယ်။ BRICS အဖွဲ့ဝင်အသစ်ရော၊ အဟောင်းတွေပါ ဘယ်သူမှမလုပ်နိုင်ပါဘူး။ ဒေါ်လာကိုယှဉ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဖြစ်ဖို့အလွန်ခက်ပါတယ်။ သူတို့ အာရုံစိုက်နေတာက ငွေပေးငွေယူနည်းလမ်း နောက်တစ်မျိုး တီထွင်ဖို့ပါ။ ဒါကလည်း အရေးကြီးပါတယ်။
အခု ကျွန်တော်တို့ ပြောနေတာက BRICS အဖွဲ့ကြီးတစ်ခုလုံး ဘုံသုံးလို့ရမည့် ငွေကြေး (Unified currency) မဟုတ်ပါဘူး။ ဒါကလည်း ဖြစ်နိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ အဖွဲ့ဝင်တွေ တကွဲတပြားစီ ဖြစ်နေတဲ့ ငွေကြေးစနစ်အမျိုးမျိုးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တစ်ခုပဲ ဖြစ်နိုင်တာကတော့ နှစ်နိုင်ငံချင်း ညှိနှိုင်းပြီးတော့ နှစ်နိုင်ငံငွေကြေးတွေနဲ့ အချင်းချင်း ကုန်သွယ်နိုင်ဖို့ကတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ Atlantic Council မှာ စတင်ကျင့်သုံးတာ အောင်မြင်နေပါပြီ။ သဘောတရားချင်းက မတူပါဘူး။ တစ်ခုက (Currency) ငွေကြေးစနစ်နဲ့ နောက်တစ်ခုက (Payment System) ငွေပေးချေ မှုစနစ်ဖြစ်ပါတယ်။ ကမ္ဘာက ဒါကို အာရုံမပြတ်စေဖို့ အရေးကြီးပါတယ်။
သူတို့တစ်တွေအားလုံး တစ်သဘောတည်းရော ရှိကြရဲ့လား။
(Are they all on the same page ၊ )
DW မေး ။ ။ ရှင်ကပြောတော့ ဒေါ်လာကြီးစိုးမှုကို တိုက်ဖျက်ဖို့ ဒါမှမဟုတ်ရင် ဒီငွေကြေးနဲ့ ငွေပေးချေမှုစနစ်တွေကို အဆုံးသတ်ဖို့ BRICS အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း၊ တစ်သဘောတည်း ရှိကြရဲ့လား။
Lipsky ဖြေ ။ ။ ဒီဒေါ်လာကြီးစိုးမှုနဲ့ လက်ရှိ SWIFT ငွေပေးချေမှုစနစ်ကို သူတို့တစ်တွေ မကြိုက်ကြပါဘူး။ ဒါပေမဲ့ ဒါကို ရပ်တန့်သွားအောင်လုပ်ဖို့ သူတို့ တစ်သဘောတည်း မရှိကြပါဘူး။ သူတို့ဆန္ဒကတော့ လက်ရှိစနစ်ကို မကြိုက်ကြတာတော့ မူအားဖြင့် တူညီကြပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဖို့ကြတော့ မယ်မယ်ရရ သဘောတူညီချက် ဘာမှ မရှိသေးပါဘူး။ SWIFT ကို အစားထိုးဖို့စနစ်၊ ဒီစနစ်ကို သုံးနေတဲ့ ဘဏ် တွေကို ခွဲထုတ်ပြီး ကိုယ်ဖြစ်ချင်တာဖြစ်အောင်၊ (Net work) ကွန်ရက်တည်ဆောက်ပြီးပြီလား၊ လက်ရှိ ကမ္ဘာ့ကုန်သွယ်မှုမှာ ငွေကြေးပေးချေမှုစနစ်ဟာ ရှုပ်ထွေးလွန်းတာကြောင့် ဒေါ်လာလို ငွေပေးချေမှုမှာ (Liquidity) ငွေကြေးဈေးကွက်က လွယ်လွယ်လက်ခံလို့ အသုံးများပြီး သွက်လက်တဲ့ ငွေမျိုးမရှိပါဘူး။ ယွမ်က နီးစပ်ပေမယ့် လက်ရှိအခြေအနေကတော့ သူတို့ USD ကို 'မကြိုက်တာ'တူပေမယ့် 'ကြိုက်တာကြတော့ မတူကြ' ပြန်ပါဘူး။ ဒါကြောင့် ဒေါ်လာကို အစားထိုးဖို့မှာ အတားအဆီးတွေအများကြီး ဖြတ်ကျော်ရ ပါလိမ့်ဦးမယ်။ ဒီတော့ USD ကို အစားထိုးဖို့ ဆိုတာထက် ကုန်သွယ်မှုမှာ အသုံးနည်း သွားအောင် လုပ်ချင်ကြတာပါ။ ခုထိတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး နိုင်ငံတကာ ကုန်သွယ်မှုမှာ USD အသုံးဟာ နည်းနည်းပဲ ကျသွားပါတယ်။ အချိုးအားဖြင့် 50:4 လောက် ရှိပါသေးတယ်။ ဒီခြားနားမှု ကျဉ်းသွားအောင်ပဲ သူတို့ လုပ်နိုင်မှာပါ။ လုံးဝကြီး အစားထိုးဖို့ဆို တာကတော့ သိပ်မလွယ်လှသေးပါဘူး။
ဘာကြောင့် အိန္ဒိယက တစ်သားတည်း မရှိရတာလဲ။
(Why is lndia not on the same page ?၊ )
DW မေး ။ ။ BRICS အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယက ဒေါ်လာကိုပစ်မှတ်မထားဘဲ ဘာကြောင့် ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ သဘောထားချင်း မတူရတာလဲ။
Lipsky ဖြေ ။ ။ အိန္ဒိယက US နဲ့ များသောအားဖြင့် ပိုမိတ်ဖက်သဘော ဆောင်ပါတယ်။ ရုရှားနဲ့စာလိုက် ရင် အိန္ဒိယက US နဲ့ ပိုပြီး နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းပါတယ်။ QUAD သဘောတူညီချက်အရ ပထဝီနိုင်ငံရေးအပါအဝင် အမျိုးသားလုံခြုံရေး စီမံချက်၊ စီးပွားရေး၊ ကုန်သွယ် ရေး၊ သံတမန်ဆက်ဆံရေးတွေကို US နဲ့ လုပ်ကိုင်နေတာဟာ ရုရှား၊ တရုတ်တို့ထက်ကို ပိုထဲထဲဝင်ဝင် ရှိပါတယ်။ အိန္ဒိယက အတင်းသိမ်းသွင်း ခံရတာမျိုးလည်း အဖြစ်မခံတော့ ကျွန်တော့်အထင်တော့ အိန္ဒိယက ဒေါ်လာအစားထိုးဖို့ကိစ္စကို တခြား တိုင်းပြည်တွေထက်တောင် ပိုပြီး စိတ်အားထက်သန်မှု နည်းလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါ်လာကိုစိန်ခေါ်မှု တိုးတက်မှု အခြေအနေ။
(Progress Towards challenging the dollar.)
DW မေး ။ ။ BRICS အနေနဲ့ ဒေါ်လာကိုအစားထိုးမှုနဲ့ပတ်သက်လို့ တိုးတက်မှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
Lipsky ဖြေ ။ ။ ကျွန်တော်သတိထားမိသလောက်ကတော့ CBDC လို့ခေါ်တဲ့ Central Bank Controlled Digital Currency ဟာ ယူကရိန်းစစ်ပွဲ စပြီးတဲ့နောက်ပိုင်း Atlantic Council အတွင်းမှာ နှစ်ဆလောက်ပိုပြီး အသုံးများလာတာ တွေ့ရပါတယ်။ ဒီစနစ်က ပြည်ပဘဏ်တွေ အချင်းချင်း ငွေပေးငွေယူလုပ်ရာမှာ CBDC နဲ့ပဲ လုပ်ကြပြီး ဒေါ်လာကို ထိစရာ မလိုတဲ့အပြင် နိုင်ငံတွေဟာ Sanctions ကိုပါ ဂရုစိုက်စရာ မလိုတော့ပါဘူး။ ဒါကြောင့် တရုတ်၊ ရုရှားတို့ဟာ အချင်းချင်း ဒီနည်းနဲ့ ကုန်သွယ်နေနိုင်ပြီ ဖြစ်ပါတယ်။ ငွေအရေအတွက်က မများပေမယ့် အလုပ်တော့ လုပ်နိုင်တာ တွေ့ရပါတယ်။ ဒါကို US ကလည်း သိပေမယ့် ဘာမှမလုပ်ပါဘူး။
ငွေပေးချေမှု အခြားနည်းလမ်းများ။
(Alternative Payment Systems.)
တခြားနည်းတွေနဲ့ ငွေပေးချေမှုစနစ် အကြောင်းပြောရရင် တရုတ်က သုံးနေတဲ့ SWIFT နဲ့ နီးစပ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ တစ်ခုက Interbank Payment System ဆိုတာရှိပါတယ်။ ဒါကတော့ SWIFT နဲ့မတူတဲ့စာတို (Messaging) ပို့ခြင်းနဲ့ (Payment) ငွေပေးချေခြင်းတို့ ဖြစ်ပါတယ်။ SWIFT ဟာ နှစ်ပေါင်း ၅၀ လောက် ရှိပြီး အဲဒီအချိန်တုန်းကတော့ အကောင်းဆုံးစနစ် ဖြစ်ပါတယ်။ ဘဏ်အချင်းချင်း ချိတ်ဆက်ထားတာ ဖြစ်ပြီးတော့ တရုတ်ဘဏ် ရာခိုင်နှုန်း ၅၀ လောက်နဲ့ပဲ ဆက်သွယ်ထားတာပါ။ ခုတော့သူတို့လည်း တိုးတက်လာပါပြီ။ နောက်တစ်ခုကတော့ (Embridge) လို့ ခေါ်ပါတယ်။ ဒါက တရုတ်နဲ့ ဟောင်ကောင်က ဘဏ်တွေရဲ့ CBDC ချင်းဆက်သွယ်ထားတာပါ၊ People's Bank of China၊ ဟောင်ကောင်၊ ထိုင်း UAE၊ ဆော်ဒီဘဏ်တွေပါဝင်ပြီးတော့ ($10 to 20m) လောက်နဲ့ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ များလာ မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က SWIFT လို လက်ကြီးလုပ်ကိုင်တာမျိုး မဟုတ်ပေမယ့် သူလဲလွန် ခဲ့တဲ့ နှစ်နှစ်လောက်မှာ တက်လာတာ ဖြစ်လို့ ကျွန်တော်တို့က မျက်ခြည်မပြတ်ဖို့ လိုတယ်လို့ ပြောတာပါ။
သူတို့ပြောတာ အဓိပ္ပာယ်ရှိပါသလား။
(Do they have a point.)
DW မေး ။ ။ သူတို့ပြောသလို ငွေကြေးတစ် မျိုးတည်းက ကမ္ဘာမှာ လက်ဝါးကြီးအုပ်ထားတာဟာ အဓိပ္ပာယ်ရှိသလား။
Lipsky ဖြေ ။ ။ ဒါကတော့ ဘယ်ရှုထောင့်က ကြည့်သလဲ၊ ဘယ်သူ့ဘက်ကကြည့်သလဲ အပေါ်မှာ မူတည်ပါတယ်။ ဒေါ်လာဟာဆိုရင် (Reserve Currency) အရန်ငွေကြေးအနေနဲ့ သုံးလာခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ ဒီလိုသုံးလို့လည်း ကမ္ဘာ့ငွေကြေးစနစ်ဟာ တည်ငြိမ်တယ်။ US မှာ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာလည်း အချုပ်အနှောင် (capital control) လည်း မရှိတော့၊ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း တံခါးမရှိ၊ ဓားမရှိရင်း နှီးမြှုပ်နှံနိုင်တဲ့အတွက် ဒေါ်လာဟာ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောကြီးလို့ ပြောလို့ရပါတယ်။ နိုင်ငံတွေ ငွေလိုရင်လည်း အထောက်အကူပြုနိုင်တာကြောင့် ချိန် ခွင်လျှာလို ထိန်းသိမ်းပေးနိုင်တဲ့ သဘောလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဒီလိုထက်မြက်တဲ့ ဒေါ်လာလိုငွေ ကြေးတစ်ရပ် ရှိနေဖို့ဆိုတာ အဓိပ္ပာယ် ရှိပါတယ်။ ခင်ဗျား ဝင်ရိုးစုံလောကမှာ နေနေပြီးတော့ အရန်ငွေကြေး အနည်းငယ်သာရှိတဲ့ အနေအထားမျိုးဟာ ကောင်းသလား၊ ဆိုးသလားဆိုတာ အဲဒီနိုင်ငံက ဘယ်လိုရှုမြင်တယ်ဆိုတဲ့ အမြင်အပေါ်မှာပဲ မူတည်ပါတယ်။ စီးပွားရေးကို (Macroecon-omics)အရ ခြုံငုံကြည့်မှာလား၊ ဒါမှမဟုတ် အမျိုးသား လုံခြုံရေး ရှုထောင့်ကကြည့်မှာလားဆိုတာ မေးရပါလိမ့်မယ်။ US လို နိုင်ငံမျိုးကဆိုရင်တော့ ဒေါ်လာကို အရန်ငွေကြေးအဖြစ် ထားတာကို လက်ခံမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ တစ်မျိုးမြင်ရင် မြင်ပါလိမ့်မယ်။ IMF တို့လို World Bank အစည်းအဝေးတွေ လာတက်သူတွေကို မေးကြည့်ရင် သူတို့တစ်တွေ ကတော့ ဒေါ်လာကို အရန်ငွေကြေးအနေနဲ့ထားဖို့ သို့မဟုတ် အခြားရွေးစရာ ငွေကြေးတစ်ခုအနေ နဲ့ထားဖို့ သဘောတူညီကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာဟာ ငွေကြေး တည်ငြိမ်မှုအနေနဲ့ အသုံးဝင်နေသေးတာမို့ ဖြစ်ပါတယ်။
အကြီးမားဆုံး အတားအဆီးများ။
(Biggest Hurdles)
DW မေး ။ ။ ဒေါ်လာကို ဖယ်ရှားပစ်ဖို့ခြိမ်း ခြောက်ရာမှာ ဘာတွေက အကြီးမားဆုံးအတား အဆီးတွေ ဖြစ်နေပါသလဲ။
Lipsky ဖြေ ။ ။ Liquidity ဆိုတဲ့ ဈေးကွက်ထဲမှာ လူကြိုက်များပြီး အများက အလွယ်တကူ လက်ခံတဲ့အတွက် ဒေါ်လာဟာ ကမ္ဘာ့ငွေကြေးလောကရဲ့ အသက်သွေးကြောလို ဖြစ်နေပါတယ်။ တရုတ်လို Capital Control များတဲ့ နိုင်ငံမျိုးမှာ ဒေါ်လာကိုင်ထားနိုင်ရင် ပိုအကျိုးများတဲ့အတွက် ဒေါ်လာဟာ တခြားငွေ တွေထက်ဝယ်လိုအား ကောင်းပါတယ်။ တရားတဘောင်ဖြစ်ရင်လည်း လျော်ကြေးပေးဖို့မှာ အမေရိကန် အစိုးရက ဝင်ရောက်ဖြေရှင်းပေးတာ၊ တိုင်းပြည်ရဲ့ကြွေးမြီတွေကို ဆပ်ပေးရာမှာလည်း အစိုးရက ဘဏ္ဍာရေးခိုင်မာတဲ့အတွက် ကြွေးအတင်မခံဘဲ ဒေါ်လာငွေကြေး အာမခံစာချုပ်တွေ ထုတ်ရောင်းနိုင်တာမျိုးတွေ လုပ်နိုင်တဲ့အတွက် ဒေါ်လာဟာ ငွေကြေးလောကမှာ တခြားငွေကြေးတွေထက် အရည်အသွေးသာ လွန်တာ၊ US ရဲ့ငွေကြေးစနစ်ခိုင်မာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအရည်အသွေးတွေဟာ တခြားငွေကြေးက ဒေါ်လာကို မယှဉ်နိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ အခုအထိတော့ ဒီလို ဒေါ်လာကိုယှဉ်နိုင်တဲ့ငွေကြေးမျိုး မမြင်သေးပါဘူး။ ဒါကြောင့်မို့ သတိလက်လွတ်နေလို့တော့ မဖြစ်ပါဘူး။ နိုင်ငံတွေကလည်း ဒေါ်လာအစားထိုးဖို့ အရန်ငွေအတွက် နည်းလမ်းရှာနေတာကို လက်ပိုက်ကြည့်မနေဘဲ ပိုပြီးရင်းနှီးမြှုပ်နှံဖို့နဲ့ SWIFT စနစ်ကို ပိုကောင်းမွန်အောင်လုပ်ဖို့၊ အနှစ် (၅၀)လောက် ရှိနေပြီမို့ ပိုကောင်းအောင် နှစ်ဆလောက် အားထည့်ဖို့ လိုပါလိမ့်မယ်။
ဒါဖြင့် အဖြေက ဘာလဲ
(What is the answer)
DW မေး ။ ။ သူတို့တစ်တွေက ဒီလိုအစားထိုးဖို့ လုပ်နေတာဆိုတော့ အဖြေကဘာလဲ။
Lipskyဖြေ ။ ။ အဖြေတွေကတော့ အများကြီး ရှိပါတယ်။ ဒါကလည်းတိုင်း ပြည်အလိုက် သူတို့ရဲ့အကျိုး စီးပွားအပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ကျွန်တော် တို့တိုင်းပြည်က တခြားနိုင်ငံတွေကို ကုန်သွယ်မှုပိတ်ပင် တာတွေလုပ်တော့ သူတို့ ကျွန်တော်တို့ကို ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပြဿနာဖြစ်ကြရင် Sacctions လုပ်တဲ့အပေါ်မှာ ဒေါ်လာကို လက်နက်သဖွယ် အသုံးပြုတဲ့အတွက် ဒေါ်လာကိုရှောင်ကွင်းနိုင်အောင် လုပ်ကြတာပါလို့ ဖြေကြားသွားပါတယ်။
နိဂုံး
BRICS အဖွဲ့ကြီးဟာ အင်မတန်တောင့်တင်းတဲ့ နိုင်ငံကြီးတွေ စုပေါင်းဖွဲ့စည်းထားတာပါ။ ကမ္ဘာ့ကုန်သွယ်မှု ချောမွေ့စေဖို့ ရည်ရွယ်ပြီး အရန်ငွေကြေးအသစ် တစ်ခုတီထွင်နိုင်ဖို့အတွက် ကြိုးစားကြသော်ငြားလည်း-
Trust & Stability / USD သည် ကမ္ဘာတစ် ဝန်းလုံးက ယုံကြည်မှု ရထားရုံမက ငွေကြေးက ခိုင်မာပြီး Liquidity က ကောင်းမွန်လျက်ရှိခြင်း။
Trade Imbalance / BRICS အဖွဲ့ဝင်နိုင်ငံအများစုဟာ အချင်းချင်း ကုန်သွယ်တာထက် အနောက်အုပ်စု (US-အခြေပြု)နဲ့ အများဆုံးကုန်သွယ်ခြင်း။
Political Divergence / BRICS နိုင်ငံတွေဟာ ရည်မှန်းချက်အရ ဦးစားပေး ရွေးချယ်ရာမှာ မတူကွဲပြား ခြားနားသွားတဲ့အတွက် ပေါင်းစည်းရတာ နှေးကွေးသွားခြင်းစတဲ့ အချက်တွေကြောင့် USD အရန်ငွေအဖြစ်ကနေ နန်းချဖို့} လတ်တလော အလှမ်းဝေးနေပါဦးမည်။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )