၂၀၂၅ ၊ ဩဂုတ် ၂
နောင်ချိုမြို့ကို တပ်မတော်က အပြည့်အ၀ ထိန်းချုပ်ခဲ့ပြီးနောက် ပြည်သူအများစုက မေးမြန်းသည့် မေးခွန်းများရှိလာသည်။ အဆိုပါမေးခွန်းက နောင်ချို ထိုးစစ်ဘာကြောင့် အချိန်ကြာမြင့်ခဲ့သနည်းဟူသော မေးခွန်းပင်ဖြစ်သည်။ နောင်ချိုခရီးစဉ်ကို သွားရောက်ခဲ့စဉ် တိုက်ပွဲကို နဖူးတွေ့ဒူးတွေ့ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သားများကို ပြည်သူများကိုယ်စား အထက်ပါ မေးခွန်းကို မေးမြန်းခဲ့ပါသည်။ ကနဦးအနေဖြင့် မြေပြင်အခြေအနေကို တင်ပြရလျှင် နောင်ချိုမြို့ကို ပြင်ဦးလွင်မြို့မှကားဖြင့် ခပ်ပြင်းပြင်း မောင်းပါက နာရီဝက်ကျော်သာ မောင်းနှင်ရသောခရီး ဖြစ်သည်။ လမ်းခရီးတစ်လျှောက် ကားလမ်းမဘေး ကျေးရွာများဖြစ်သော ဝက်ဝံ၊ ခြေမြစ်ပင် စသည့်ကျေးရွာများကို ဖြတ်သန်းခဲ့ရသည်။ ထိုကျေးရွာများရှိ ပြည်သူများမှာ ပုံမှန်သွားလာ လည်ပတ်နေကြသည်။ သို့သော် ဘန့်ဘွေးရွာမှာ စတင်ကာ လူခြေတိတ်သည့် မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီး ဒေသခံအားလုံးကနေရပ်ကို စွန့်ခွာနေကြပြီ ဖြစ်သည်။ လမ်းတစ်လျှောက် စစ်၏ဒဏ်ကို အများဆုံး ခံခဲ့ရသည့် ကျေးရွာမှာ အုမ္မသီးကျေးရွာဟု ဆိုရမည်ဖြစ်သည်။
ကျည်ဆန်ရာ ဗရပွဖြင့် အုမ္မတီးကျေးရွာမှကြို ဆိုပါ၏ဆိုသည့် ဆိုင်းဘုတ်က စစ်ဒဏ်သင့်ခဲ့ရမှုကို လှစ်ဟပြခဲ့သည်။ လမ်းမတန်းဘေးဝဲယာ လူနေအိမ်အများစုပေါ်တွင် သဲအိတ်များဖြင့် တည်ဆောက်ထားသော ဘန်ကာများကို အခိုင်အမာတွေ့ရသလို အိမ်အများစုမှာ ပြန်လည်နေထိုင်ရေးအတွက် အချိန်ယူပြုပြင်ရမည့် လက္ခဏာများကို တွေ့မြင်ရသည်။ ထို့ကြောင့် အုမ္မသီးကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဝင် တပ်မတော်သား အရာရှိကြီးများကို ချိတ်ဆက်မေးမြန်းရာတွင် "အကြမ်းဖက် သောင်းကျန်းသူအများစုက တပ်မတော်စစ်ကြောင်းတွေ ဝင်မလာနိုင်အောင် လမ်းမကြီးပေါ်မှာ မြေကြီးတွေ၊ သစ်ပင်တွေကိုလှဲပြီး စုပုံထားကြတယ်။ လမ်းကြောင်း ကြန့်ကြာမှုရှိအောင် ဆောင်ရွက်ကြတာပေါ့။ နောက်တစ်ချက်က အများပြည်သူတွေနေတဲ့ အိမ်တွေအပါ်မှာ သဲအိတ်ဘန်ကာတွေ တည်ဆောက်ပြီး အခိုင်အမာခံ စစ်ပြင် ကြတယ်ဗျ"ဟု ပြောကြားသည်။
ထိုသို့ အခိုင်အမာ ခံစစ်ပြင်ထားသလို လမ်းတစ်လျှောက် အထပ်မြင့် အဆောက်အအုံများတွင်လည်း ကြေးစား စနိုက်ပါသမားများကို ချထားပြီး တပ်မတော် စစ်ကြောင်းများကို ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။ "အိမ်တွေပေါ်ကို တက်တယ်။ သူတို့ငှားထားတဲ့ စနိုက်ပါသမားတွေကို အဲဒီနေရာကနေ ပစ်ခတ်နိုင်အောင် စီမံထားတယ်။ နောက်ပြီး သဲအိတ်ဘန်ကာတွေ ကို အခိုင်အမာ ဆောက်ထားပြီး တပ်မတော်ထိုးစစ်ကို ခုခံကြတယ်။ ကျွန်တော်တို့ကိုယ်တိုင်တိုက်တဲ့အခါ ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ခုနစ်ရက်လောက်ကြာတာ ရှိတယ်။ လက်ပစ်ဗုံးတွေနဲ့ သူပစ်ကိုယ်ပစ် ပစ်ရတယ်။ ကိုယ့်ဘက်က စနိုက်ပါသမားကလည်း သေနတ်ပြောင်း တစ်ပေါက်စာရရင် ပစ်ကြရတယ်။ သူတို့က ပြည်သူလူထုတွေရဲ့ အိမ်တွေပေါ်ကနေ ခုခံတယ် ဆိုပေမယ့် ကျွန်တော်တို့ကြတော့ စည်းနဲ့ကမ်းနဲ့ တိုက်ကြရတယ်။ အပျက်အစီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် တိုက်ပွဲကို တိုက်ရတယ်ဟု တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

အုမ္မသီးကျေးရွာ လမ်းမတစ်လျှောက်မြင်ကွင်းများအရ ဖော်ပြရလျှင် အကြမ်းဖက်သောင်းကျန်း သူများမှာ မြင့်မားစွာ ဆောက်ထားသော အဆောက်အအုံများ၊ ခရစ်ယာန်ဘာသာဝင်တို့၏ အဆောက်အအုံများကို အခြေပြု ခံစစ်ဆင်ခဲ့သဖြင့် အထိအခိုက်အပျက်အစီးများ ပြားခဲ့သလို အိုးအိမ်တိုက်တာများအကြား တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းကြောင့် အချိန်ယူ တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။ ထပ်မံ၍ အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုရာ နေရာသည် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားစေတီ၊ ကျောင်းကန်များကို အခြေပြုကာ ခံစစ်ပြင်ထားကြခြင်းကြောင့်လည်း တပ်မတော်က တိုက်ခိုက်ချေမှုန်းရာတွင် အကန့်အသတ် ရှိနေခြင်းဖြစ်သည်။ နောင်ချိုမှ တောင်ခမ်း ဒေသတစ်လျှောက် တိုက်ပွဲအများစုတွင်လည်း သာသ နိက အဆောက်အအုံများကို အခြေပြုကာ ခံစစ်ပြင်တိုက် ခိုက်ခဲ့သည်ကို တွေ့မြင်ရသည်။ ထို့ကြောင့်လည်း တပ်မတော်၏ တောင်ခမ်းဒေသထိုးစစ်တွင် ထင်ရှားသော တိုက်ပွဲများအဖြစ် ငုံးမင်းစေတီတိုက်ပွဲ၊ ဇေတဝန်ဘုရား ကုန်းတိုက်ပွဲ၊ မန်ကျည်းရေ ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ကမ္ဘောဇဘုန်းကြီးကျောင်းတိုက်ပွဲ၊ ရွှေစံဖော်ဘုန်းကြီးကျောင်းတိုက်ပွဲ၊ ဆယ်တောင်ပြည့်ဘုရားကုန်း တိုက်ပွဲများ ပါဝင်ခဲ့ခြင်း ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုရာ သာသနိကနယ်မြေများကို မလွှဲမရှောင်သာ တိုက်ခိုက်သိမ်းပိုက်ရမှုနှင့်ပတ်သက်၍ တပ်မတော် အရာရှိတစ်ဦးက "ကမ္ဘောဇဘုန်းကြီးကျောင်းဆိုရင် ဒေသခံတပ်တွေ၊ အလှူရှင်တွေ စုပေါင်းလှူထားပြီး ရေစက်ချထားတာ မကြာသေးဘူးဗျာ။ နောက် ဇေတဝန်တောင်က ကျောင်းဆိုရင်လည်း ရေစက်တောင် မချရသေးဘူး။ သောင်းကျန်းသူတွေက တပ်မတော်က သာသနိကအဆောက် အအုံတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်ရတယ်ဆိုတာကိုသိတော့ အခိုင်အမာယူကြတာ။ ကမ္ဘောဇကျောင်းဆိုရင် အခိုင်အမာယူပြီး ခုခံကြတာလေ။ ဒါကြောင့်လည်း ပြန် လည်သိမ်းပိုက်တဲ့အခါမှာ အထိအခိုက်အပျက်အစီး နည်းဖို့ပဲ စဉ်းစားတာကြောင့် အချိန်ယူရတာ ဖြစ်တယ်။ ကျန်တဲ့ကုန်းတွေဆိုရင် အချိန်သိပ်ယူစရာမလိုဘဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ"ဟုပြောသည်။
နောင်ချို-တောင်ခမ်းခရီးစဉ်တွင် အများပြည်သူ သိလိုသည့်မေးခွန်းအပေါ် တာဝန်ရှိသူတို့၏ အဓိကထား မေးမြန်းရာတွင် ဖြေကြားမှုများက သာသနိက အဆောက်အအုံနှင့်ပြည်သူပိုင် အိုးအိမ်များကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် တိုက်ခိုက်ရသည့်အတွက်ဟူသော အဖြေက ရှင်းလင်းစေခဲ့သည်။ မြေပြင်တွင်လည်း တွေ့မြင်ရသည့် မြင်ကွင်းများက အချိန်ယူရမှုကို ပြသနေသည်။ ထိုသို့ တိုက်ခိုက်သိမ်းပိုက် ခြင်းကြောင့်လည်း နောင်ချိုမြို့သိမ်းတိုက်ပွဲသည် ထိခိုက်မှုအနည်းဆုံးနှင့် ရရှိခဲ့သည့် တပ်မတော်၏ အောင်ပွဲတစ်ခု ဖြစ်ရခြင်းပင်ဖြစ်သည်။ (ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )