၂၀၂၅ မတ် ၂၂
ပြည်ပအားကိုး ပုဆိန်ရိုး
'ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ အားဆန့်ကျင်ကြ' ဆိုသည့်စာသား သို့မဟုတ် စကားကို မိတ်ဆွေများ ကောင်းကောင်း ရင်းနှီးပါလိမ့်မည်။ ဟိုးတုန်းက သတင်းစာများ၊ တီဗွီများ၊ ရေဒီယိုများတွင် အစဉ်ထုတ်လွှင့်တင်ဆက်ခဲ့သည့် စကားရပ်မဟုတ်လား။ ထိုစကားကို ကြားမိချိန်တုန်းက ဘာရယ်မဟုတ် နားရှိ၍သာ ကြားလိုက်ရပြီး မျက်လုံးရှိ၍သာ မြင်လိုက်ရသည်ဟု ဆိုရမည်ဖြစ်ပြီး အဓိပ္ပာယ်လည်း သေသေချာချာ သဘောမပေါက်ခဲ့ဟု ဆိုနိုင်ပါသည်။ ထိုစကား၏ အဓိပ္ပာယ်ကို တိတိကျကျ သဘောပေါက်သည်မှာ ရက်ပိုင်းအတွင်းပင် ရှိသေးသည်ဟု ဆိုရမည်ဖြစ်သည်။
သေသေချာချာ သိရသည်က တပေါင်းလပြည့် (၁၃၈၆) (၁၃-၃-၂၀၂၅ ရက် ကြာသပတေးနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ဘုရာကြီး ဒေါက်တာဘဒ္ဒန္တနန္ဒ မာလာဘိဝံသ၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာတွင် ဆရာတော်ကြီး ဟောကြားခဲ့သည့် တရားတော်ကို နာကြားလိုက်ရသောကြောင့် ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ တရားတော်ကို နာကြားလိုက်ရချိန်တွင် ဆရာတော်ဘုရားကြီးသည် မျက်မှောက်ခေတ်ကိုလည်း မျက်ခြည်မပြတ်ဘဲ ရှိနေသည်။ လောကီလူသားတွေအတွက် ကောင်းကျိုးချမ်းသာများကို ရရှိခံစားစေလိုသည့်၊ တစ်နည်းအားဖြင့် လောကကို ဖျက်ဆီးသူ မဖြစ်စေလိုသည့် ဆရာတော်ဘုရားကြီး၏ တရားတော်ထဲမှ အချက်အချို့ကို ကောက်နုတ်ကာ ပြန်လည်ဝေမျှပါရစေ။
"လူ့ဘဝ၊ လူ့နယ်မှာ မွေးလာပြီးတော့ လူသားတွေကို အကျိုးမပြုတဲ့ လောကကို အကျိုးမပြုတဲ့ ဆွေမျိုးဉာတိတွေကို အကျိုးမပြုဘဲနဲ့ ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်မျိုးကလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်မျိုးကို ကုလင်္ကာရလို့ သုံးတယ်။ ကုလလင်္ကာရ ဆွေမျိုးတွေရဲ့ မီးကျီခဲဆွေမျိုးထဲမှာမှ ပါလာတဲ့ မီးတောက် မီးကျီခဲလို့ ဆိုလိုတယ်။ ဘာနဲ့အဓိပ္ပာယ်တူလဲဆိုရင် အားလုံးသိကြပါလိမ့်မယ်။ပုဆိန်ရိုးဆိုတာ တစ်ချိန်တုန်းက အမြဲတမ်း သတင်းစာ တွေထဲမှာပါနေတဲ့ 'ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါ ဒီများအား ဆန့်ကျင်ကြ'ဆိုတာ တွေ့ကြပါလိမ့်မယ်။ အဲဒီမှာ ပုဆိန်ရိုးဆိုတဲ့ အသုံးစကား အဲဒါနဲ့ အလားတူတဲ့ ကုလင်္ကာရဆိုတဲ့ စကားလုံးက စာပေကျမ်းဂန်မှာ ရှိတယ်။ ပုဆိန်ရိုးရဲ့ အဓိပ္ပာယ်က ပုဆိန်ကိုပဲ အရိုးတပ်ပေး လိုက်ရင် အဲဒီအရိုးက ဘယ်ကရလဲဆိုရင် သစ်ပင်ကရတာ။ အရိုးက သစ်ပင်က ရတာ။ ပုဆိန်က သူ့ဘာသူ သစ်ပင် မဖြတ်နိုင်ဘူး။ အရိုးတပ်ပေးလိုက်တဲ့အခါ သစ်ပင်က တပ်ပေးလိုက်တဲ့ အရိုးသည် သူ့ကို အကြောင်းပြုပြီး သစ်ပင်ကြီးသည် လဲသွားရတယ်။ သစ်ပင်ကြီးက အခုတ် ခံလိုက်ရတာ။ အဲဒီအဓိပ္ပာယ်ကို ပြောတာ။ ပုဆိန်ရိုးဆိုတာ ပုဆိန်မှာ တပ်လိုက်သည့် အရိုးသည် သစ်ပင်ကရတာ။ အဲဒီပုဆိန်တပ်ထားတဲ့ အရိုးကို ကိုင်ပြီးတော့ သစ်ပင်ကိုပဲ ခုတ်လှဲခံရတာ။ အဲဒီလိုပဲ လောကကြီးမှာ မွေးဖွားပြီး လောကကြီးကို ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်က ကုလ င်္ကာရလို့ ခေါ်တယ်။ လောကကြီးမှာ မွေးဖွားလာပြီး လောကကြီးကို ဖျက်ဆီးတယ်။ အဲဒီပုဂ္ဂိုလ်ကို ကုလင်္ကာရ အမျိုးရဲ့ မီးကျီးခဲ တစ်နည်းအားဖြင့်ပြောရင် လောကမီးခဲ၊ တောမီးတွေဘာတွေ၊ သစ်ပင်တွေဘာတွေကို စွဲလောင်တဲ့မီးဟာ သစ်ပင်ကိုပဲ ပြန်ဖျက်ဆီးလိုက်တယ်။ အဲဒီအတိုင်းပဲ ကိုယ့်မွေးဖွားတဲ့ ကိုယ့်ရဲ့ နေရာဖြစ်တဲ့ လောကကြီးကို ပြန်ဖျက်ဆီးတဲ့ လူမျိုးလည်း လောကကြီးမှာ ရှိတယ်။ ဒါ သတိထားဖို့ လိုတယ်။ အဲဒီတော့ ဘုန်းကြီးတို့တစ်တွေ အဲဒီလို ပုဂ္ဂိုလ်မျိုးမဖြစ်အောင် သတိဆောင်ကြ ရမှာဖြစ်တယ်။ လောကကြီးမှာ မွေးဖွားပြီးတော့ လောကကြီးကို ဖျက်ဆီးတဲ့သူ မဖြစ်ပါစေနဲ့"ဟု ဆရာတော် ဘုရားကြီးဟောကြားလိုက်မှ ရှင်းရှင်းလင်းလင်း သိလိုက်ရခြင်းဟု ဆိုခြင်းဖြစ်သည်။
သို့မို့ကြောင့် ထင်၏။ 'ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ'ဟု ဆိုသည့် ပုဆိန်ရိုးဆိုသည်ကို ရှေးက သဘောမပေါက်၊ ယခုမှ သဘောပေါက်ခြင်း ဖြစ်သည်။ ပုဆိန်ရိုးသည် ဘာအဓိပ္ပာယ်လဲဟု သေချာပင်မတွေးမိ။ ဆရာတော်ဘုရား ကြီး ဟောကြားမှ သစ်ပင်မှရသည့် အသားဖြင့် သစ်ပင်ကို ပြန်ခုတ်လှဲသည့် လောကကို ဖျက်ဆီးသူဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကဲ့သို့ လောကကြီးမှ မွေးဖွားပြီး လောကကြီးကို ဖျက်ဆီးသူ၊ တစ်နည်းအားဖြင့်သည် နိုင်ငံမှာမွေး၊ သည်မြေပေါ်မှာကြီး၊ သည်ရေကို သောက်သုံးခဲ့သူများက သည်နိုင်ငံကို ဖျက်ဆီးမှုများ ရှိနေသည်က မည်သည့်နေ ရာကိုမျှ သွား၍ ရှာပြစရာမလိုဟု ထင်ပါသည်။ မျက်မှောက်ခေတ်တွင် ထိုကဲ့သို့ သူများက ပို၍ပင် ပေါများနေပြီလားဟုပင် ဆိုရမည်ဖြစ်သည်။ ထိုအကြောင်းအရာများကို သိတော်မူသောကြောင့် ဆရာတော်ဘုရားကြီးက သတိပေးဆုံးမ သြဝါဒပေးခြင်းလည်း ဖြစ်နိုင်ပါသည်။ အတွေးအမြင် အသိ ဉာဏ်များလည်း တိုးပွားရပါ၏။ ဆရာတော်ဘုရားကြီးအား ခြေတော်စုံကို ဦးခိုက်ပါ၏ဘုရား။
တိုက်တိုက်ဆိုင်ဆိုင်
အထက်တွင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ မွေးနေ့တရားတော်ကို နာယူမှတ်သားပြီး ရက်မကြာတွင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းစာသားထဲကကဲ့သို့ 'တိုက်ဆိုင်လိုက်တာ များကွာ'ဟုပင် ဆိုညည်းလိုက်ချင်မိပါသည်။ ၁၃-၃-၂၀၂၅ ခုနှစ် ကြာသပတေးတွင် ကိုယ့်လောကကို ဖျက်ဆီးသည့် ပုဆိန်ရိုးဆိုသည့် တရားတော်ကို နာကြားအပြီး ၁၅-၃-၂၀၂၅ ခုနှစ် စနေနေ့တွင် ဟိုးတုန်းက သတင်းစာများတွင် ဖော်ပြခဲ့သည့်အကြောင်း အရာတစ်ခုအကြောင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့လာရခြင်းအကြောင်းကို ပြောချင်ပါသည်။ "VOA,BBC ရန်တိုက်ပေးနေသည်။ RFA,DVB သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံ လေလှိုင်းပေါ်က လူသတ်သမား နားမယောင်လေနဲ့ သတိထား"ဆိုသည့် ဆောင်ပုဒ်များကို မှတ်မိနေကြပါဦးမည်။
ကိုယ့်လောကကို ဖျက်ဆီးသည့် ပုဆိန်ရိုးအကြောင်း တရားနာအပြီး နှစ်ရက်အကြာတွင် ပုဆိန်ရိုးဟု ခေါ်တွင်ရမည့် VOA သတင်းဌာနနှင့် RFA သတင်းဌာနတို့ အပါအဝင် မီဒီယာအချို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အမိန့်ဖြင့် အသုံးစရိတ်များ ဖြတ်တောက် လိုက်သည့် သတင်း ပင်ဖြစ်သည်။ ပြည်သူများ၏သတင်း သိပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟု ခေါင်းစဉ်တပ် လူ့အခွင့်အရေး ခေါင်းစဉ်တပ်ပြီး သိုးရေခြုံသော ဝံပုလွေတို့၏ သူတို့ စိုက်ပျိုးခြင်းများကို သူတို့ကိုယ်တိုင် ရိတ်သိမ်းရခြင်းပင် မဟုတ်လော။ သတင်းလောကသားချင်း၊ သတင်းသမားအချင်းချင်း မစာနာ၍ ပြောခြင်း မဟုတ်။ ထိုသတင်းဌာနများက မြန်မာပြည်အတွက် ကောင်းခြင်း မင်္ဂလာများ ရရှိအောင် ဆောင်ရွက်ခဲ့သည်များ ရှိပါသလား။ သိုးရေခြုံသောဝံပုလွေဟု ဆိုခဲ့ပါရော။ ငယ်စဉ်ကတော့ အခြားဖျော်ဖြေရေးလည်း မရှိ၊ နံနက်မိုးလင်းချိန် ပြည်ပအသံလွှင့် သတင်းလေး နားထောင်လိုက်ရမှ မိုးချုပ်ပြီဆိုလျှင် ပြည်ပရေဒီယို အသံလွှင့်သည်များကို နားထောင်ကြရသည်။ ဘယ်သိမှာလဲ သူတို့ပြောသမျှယုံခဲ့ ကြရသည် မဟုတ်လား။ နိုင်ငံရေးကျွမ်းကျင်သူက သုံးသပ်သည်ဆိုလည်း ယုံခဲ့ကြရ၏။ စစ်ရေးလေ့လာ သူက ပြောသည်ဆိုလျှင်လည်း အဟုတ်မှတ်ကြသည်။ ကိုယ်တိုင် သတင်းလောကထဲသို့ ထဲထဲဝင်ဝင် ရောက်လာချိန်မှ နိုင်ငံရေးကျွမ်းကျင်သူ၊ စစ်ရေးလေ့လာသူဆိုသည်များကို မေးမြန်းထားပါသည်ဆို လျှင် မည်သူက ငမူးကို မေးထားသည်၊ မည်သူက ကျပ်မပြည့်သူ စသဖြင့် သိလာတော့မှ "သြော် ငါတို့ တော်တော် အလိမ်ခံခဲ့ရပါလား"ဟု သဘောပေါက်မိသွားသည်။
တိုင်းပြည်နှင့် ပြည်သူအတွက် စေတနာပါပါ လုပ်ပေးနေသူများဟု အထင်ရောက်ခဲ့သော်လည်း ဒင်းတို့က ဒင်းတို့ထမင်းအိုး စိုပြည်စေရန်၊ ဒင်းတို့ အူစိုစေရန် ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေကြသည်ကို သဘောပေါက် မိတော့သည်။ ကျွန်တော်တို့ သတင်းလောကတွင် ဆိုရိုးစကား တစ်ခုရှိ၏။ ဆရာဝန်တစ်ယောက် ဆေးကုသမှု မှားယွင်းလျှင် လူနာတစ်ယောက်သာ အသက် ဆုံးရှုံးရ၏။ သတင်းထောက်တစ်ယောက် သတင်းဌာနတစ်ခုက သတင်းအမှားများပေးလျှင် လူများစွာ သေကျေပျက်စီးနိုင်သည်ဟုပင် ဖြစ်သည်။ သို့မို့ကြောင့် နှစ်ပေါင်းများစွာ Negative sense ဖြင့် လူပေါင်း များစွာကို နားထဲ အဆိပ်ခပ်ခဲ့ကြသည်ဟု အချို့ သောပညာရှင်များက ထောက်ပြ ပြောဆိုနေခြင်း ဖြစ် သည်။ တစ်ကြိမ်ပြောလျှင် မယုံ၊ နှစ်ကြိမ်ပြောလျှင် သံသယဖြစ်လာပြီး သုံးကြိမ်ပြောလျှင် ယုံချင်သလိုလို ဖြစ်လာသည်ဆိုသည့် သဘောဖြင့် ထိုသတင်းဌာနတို့က မဟုတ်မမှန်သည်များကို အကြိမ်ရေ သန်းနှင့်ချီကာထပ် ဖန်တလဲလဲ အသုံးပြုပြီး သူတို့ပြောသည်မှာ အမှန်သဘော ဖြစ်စေရန် အများပြည်သူကို အမှောင်ကမ္ဘာ အမှားသံသရာထဲ စီးမျောစေခဲ့သည်။ ထိုသတင်းဌာနကြီးများ ပိတ်ပင်ခံရခြင်းအပေါ် မည်သူတွေ ဝမ်းနည်းပြီး၊ မည်သူတွေ ဝမ်းသာကြသနည်း ဆိုသည်ကို ထိုသတင်း ဌာနမှလူများ သိသွားကြမည် ထင်ပါ၏။
လေလှိုင်းပေါ်က လူသတ်သမားတို့၏ နိဂုံး
မြန်မာပြည်နှင့် သက်ဆိုင်သည့် သတင်းဌာန နှစ်ခု ပိတ်ခံရခြင်းနှင့်ပတ်သက်၍ ကိုယ်တွေ့ ကြုံရသည့် အဖြစ်အပျက်လေး ပြောချင်ပါ၏။ လက်ကိုင်ဖုန်းလေးဖွင့်ပြီး ဟိုသတင်း၊ သည်သတင်းများ ရောက်တတ်ရာရာ လျှောက်ကြည့်နေချိန် VOA,RFA သတင်းဌာနကို အမေရိကန်အစိုးရ အမိန့်ဖြင့် ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက် သည်ဆိုသည့် သတင်းကိုတွေ့ချိန် အသံထွက်၍ပင် ဖတ်မိလိုက်သည်။ ထိုသို့ အသံထွက်၍ ဖတ်လိုက်ချိန် အနီးတွင်ရှိသည့် သူငယ်ချင်းက ဘာမှတ်ချက်ပေးသည် ထင်သနည်း။ "နားအေးသွားတာပေါ့"ဟု တိုတိုနှင့် ထိထိမိမိ မှတ်ချက်ပေးလေသည်။ သူတင်ပဲလားဆိုလျှင် မဟုတ်ရ ပါဘူးဗျာဟု ဆိုရမည်ဖြစ်သည်။ ထိုရပ်ဆိုင်းခံရသည့် သတင်းကို တင်ဆက်ချိန်တွင် အောက်က မှတ်ချက်ပေးသည်များကို သတင်းဌာနမှလူများ မြင်တွေ့ကြလိမ့်မည် ဖြစ်သည်။ "နားအေးတာပေါ့"ဟု ယဉ်ယဉ်ကျေးကျေး ပြောသူများထက် အားရ ဝမ်းသာ ဆဲဆိုနေသူများကိုသာ အများဆုံး တွေ့နေရလေသည်။ ထိုဆဲဆိုသူများက သူများ ပျက်စီးရာပျက်စီးကြောင်း အဆင်မပြေဖြစ် နေမှုကို ဝမ်းသာခြင်း မဟုတ်။ သူတို့ ဖျက်ဆီးခဲ့သကဲ့သို့ သူတို့ ကိုယ်တိုင် ပျက်စီးခြင်း ဝဋ်လည်သည်ကို ဒင်းတို့ ကိုယ်တိုင်ခံစားရချိန် မည်ကဲ့သို့ အရသာရှိသနည်းဆိုသည့် သဘောဖြင့် ဆဲဆိုနေကြခြင်း ဖြစ်သည်။ ဘယ်သူတွေများ ဝမ်းနည်းကုန်ကြသနည်းဟုဆိုလျှင် ထိုသတင်းဌာနတွင် အလုပ်လုပ်နေ သူတို့သာ အလုပ်လက်မဲ့ ဖြစ်သွားသောကြောင့် ဝမ်းနည်းနေကြခြင်းဖြစ်ပြီး ထိုသို့ ဖြစ်သွားခြင်း ကိုလည်း မည်သူကမျှ သနားသွားသည်ကို မတွေ့ရပါကြောင်း ခင်ဗျား။ မိဘပြည်သူများခင်ဗျား။ ကျွန်တော် မကြာခဏ ပြောခဲ့သကဲ့သို့ သူများ ပါးစပ်ဖျားတွင် လမ်းဆုံးသူများ မဖြစ်ကြပါစေရန်နှင့် နား အဆိပ်သင့်ခြင်းမှ ကင်းဝေးနိုင်ကြပါစေဟုသာ။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )