၂၀၂၅ မတ် ၁၅
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ရှမ်းပြည်နယ် သံလွင်မြစ်ကြီးရဲ့ အရှေ့ဘက် မိုင်းပျဉ်းမြို့နယ်ရှိ သုဝဏ္ဏသျှမ်တောင်တော်တွင် သီတင်းသုံး အားထုတ်ရင်းက လားဟူ၊ လီရှော၊ ရှမ်း၊ ပလောင် စသော တိုင်းရင်းသားများအား သာသနာပြု တော်မူခဲ့ပြီးတဲ့နောက် ၁၃၅၉ ခုနှစ်မှာ ဇာတိမြေ ကန့်ဘလူမြို့နယ် နတ်တလူတောရသို့ ပြန်လည်ကြွရောက်တော် မူခဲ့ပါတယ်။ ဇာတိမြေကို ဓမ္မဖြင့် ကျေးဇူးဆပ်မည်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း နတ်တလူတောရမှာ တရားစခန်း ဖွင့်၍ ကိုယ်တော်တိုင် တရားဟော၊ တရားပြ၊ တရားစစ် ခြင်းများဖြင့် သာသနာပြုတော်မူခဲ့ပါတယ်။ ထိုစဉ်က နှစ်လတရားစခန်းအဖွင့် သြဝါဒကို ၆-၃-၁၉၉၉ ခုတွင် ဟောတော်မူခဲ့ရာ နေပြည်တော် လက်လုပ်တောင် သာသနာပြု ဗောဓိရိပ်ငြိမ်ဆရာတော်က တရားတိပ်ခွေမှတစ်ဆင့် လုံးကောက်မှတ် တမ်းတင်၍ 'ယောဂီလမ်းပြမိန့်ခွန်း' အမည်ဖြင့် ၂၀၀၅ ခုနှစ်က စာအုပ်ငယ်လေး တစ်အုပ်ဖြစ် စီစဉ် ထုတ်ဝေခဲ့ပါတယ်။
ဒီစာအုပ်ငယ်လေးမှာ သတိပဋ္ဌာန်လေးပါးကို မိတ်ဆက်ပေးထားပြီး တရားထိုင်ခြင်း၊ စင်္ကြံလျှောက်၍ ရှုမှတ်ခြင်း၊ စားရင်းသွားရင်း စတဲ့ အထွေထွေအမူအရာများကို ရှုမှတ်ခြင်းဆိုတဲ့ တရားရှုမှတ်နည်းများကို ဖော်ပြပေးထားပါတယ်။ ဆရာတော်ကြီးက ရောက်လေရာ နေရာတိုင်းမှာ တရား စခန်းဖွင့်ပြီး တရားပြလေ့မရှိပါဘူး။ ကျမ်းစာအုပ်များ ရေးပြီးတော့သာ ဘယ်လိုတရားထိုင်ရမယ်၊ ဘယ်လိုရှုမှတ်ရမယ် ဆိုတာတွေကို အသေးစိတ် သွန်သင်ညွှန်ပြခဲ့ပါတယ်။ ဆရာတော်ကြီးထံတော်ပါး တရားစခန်းဝင်ချင်တဲ့ ယောဂီများအတွက် ဆရာတော် ကြီး လမ်းညွှန်ခဲ့သော ရှုမှတ်နည်းများကို ဗောဓိရိပ်ငြိမ် ဆရာတော်ရဲ့ 'ယောဂီလမ်းပြမိန့်ခွန်း'ထဲက ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။ (မူရင်း လုံးကောက်အတိုင်း အာဘော်မပျက်စေဘဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ရေးသား ပူဇော်လိုက်ရပါ တယ်။)
အားထုတ်ခါစ ယောဂီသည် တစ်ထိုင်မှာ တစ်နေရာထက်ပိုပြီး အားမထုတ်နိုင်ဘူး။ ဘာပြုလို့တုန်း၊ ရုပ်ကလည်း အထိုင်မကျသေးဘူး၊ စိတ်ကလည်း အထိုင်မကျသေးဘူး၊ အာရုံမှန်လည်း အထိုင်မကျသေးဘူး။ သတိနဲ့မှတ်ပါဆို ငါဝင်ရှုပ်နေတယ်။ စိတ်ကြီးတင်းပြီး ကိုယ်ထင်တာ ရမ်းလုပ် နေတော့ စိတ်အထိုင်မကျ၊ ရုပ်အထိုင်မကျဘူး။ ပြီးတော့ အဆန်းကြိုက်တဲ့ စိတ်သည် တစ်ထိုင်အတွင်းကို ကိုယ်ထင်သလို ဖြစ်မလာလို့ရှိရင် အားထုတ်ချင်တဲ့ ဆန္ဒအား ကျလာတတ်တယ်။ အာရုံ လည်းညောင်း၊ ဆန္ဒလည်း ညောင်းသွားချိန်မှာ အတင်းပေပြီး အားထုတ်ရင် စိတ်မပါတဲ့အတွက် ကိုယ်ပင်ပန်း ရုံပဲရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲခြင်းဆိုတဲ့ အတ္တကိ လမထ ဖြစ်သွားတတ်တယ်။
ဒီတော့ စင်္ကြံကမ္မဋ္ဌာန်း ပြောင်းပြီးတော့ ညောင်းနေတဲ့ စိတ်ကလေးကို ရှုကွက်အသစ်နဲ့ မိတ် ဆက်ပေးလိုက်ပါ။ စင်္ကြံကမ္မဋ္ဌာန်းမှာလည်း အနုပဿ နာလေးချက်နဲ့ပဲ သွားရမှာ။ ဖဝါးလေးကြွတယ်၊ ချတယ်၊ ဖဝါးမှာ စိတ်ရောက်ရင်လည်း ရောက်မယ်၊ သို့မဟုတ် ဖဝါးလေး ကြွတယ်၊ ချတယ်အတိုင်း အေးမှု၊ နွေးမှု၊ လှုပ်မှု တွေ့နေရင် ဝေဒနာပေါ်လည်း ရောက်ချင်ရောက်နိုင်တယ်။ မှတ်နေရင်းကပဲ စိတ်က တပိုတပါး ထွက်သွား တတ်သေးတယ်။ မြင်၊ ကြား၊ နံ ဒီသုံးခုလည်း ဝင်နိုင် သေးတယ်။ စင်္ကြံကမ္မဋ္ဌာန်းကလည်း တစ်နာရီထက်မပို ပါဘူး။ ဒီတော့ ပြန်ထိုင်လိုက်ပါဦး။ ထိုင်ရာက ထ၊ ထရာ က ထိုင် ဣရိယာပုတ်ပြောင်းပေမယ့် သတိကမပြောင်း ဘူး။ သတိနဲ့ ရှုမှတ်နေရမှာ ခဲယဉ်းသလား။
'မခဲယဉ်းပါဘုရား'
ရုပ်နာမ်ကို မြင်အောင်ကြည့်လို့လည်း မပါဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြင်အောင်ကြည့်လို့လည်း မပါဘူး။ သတိနဲ့ မှတ်နေပါလို့ပဲ ပါတယ်။ ထိုင်ပြီးစင်္ကြံ၊ စင်္ကြံပြီးထိုင် ...။ ပြီးတော့ ရှိသေးတယ်။ စားဖို့၊ သောက်ဖို့၊ ကိုယ်လက်သန့်စင်ဖို့၊ ရေချိုးအဝတ်လျှော်ဖို့ ဆိုတာတွေ ရှိသေးတယ်။ ကျန်တာတွေ ကင်းလို့ ရချင်ရမယ်။ ကိုယ့်ကိုယ်ကြီး ကင်းလို့မရဘူး။ သား၊ မယားတွေ၊ လင်တွေ ပစ်ထားခဲ့လို့ရတယ်။ ဒီကိုယ်ကြီးပစ်ထားခဲ့လို့ မရဘူး။ ဒီကိုယ်ကောင်ကြီး ဒုက္ခခံရဦးမှာ၊ စားချိန်အစာ သွင်းပေးရတယ်၊ ပူတယ်အိုက်တယ်ဆို ရေချိုးပေးရဦးမယ်၊ ဗိုက်နာလာရင် နောက်ဖေးသွားပေးရဦးမယ်။ ဒီကိုယ်ကောင် ကြီး လက်ခံထားသမျှ သူခိုင်းတာ အကုန်လုပ်ပေးရမယ်။ ထမင်းစား၊ ရေသောက်၊ အိမ်သာတက် စသည့် လှုပ်ရှားမှုတွေကို 'အထွေထွေ အမူအရာပိုင်း'လို့ သတ်မှတ်တယ်။ အထွေထွေအမူအရာ ဘယ်က စသလဲ၊ အိပ်ရာနိုးချိန်က စတယ်။ နိုးတယ်၊ ထတယ်။ အိမ်သာ တက်တယ်၊ မျက်နှာသစ်တယ်၊ အိပ်ရာသိမ်း တယ်၊ ဘာလုပ်လုပ် သတိမလွတ်စေနဲ့၊ ထိုင်ချိန်နဲ့ စင်္ကြံကလွဲလို့ ကျန်အချိန်တွေဟာ အထွေထွေမူရာပိုင်း ဖြစ်တယ်။ ထိုင်တာရယ်၊ စင်္ကြံရယ်၊ အထွေထွေမူရာရယ် အားလုံး သုံးပိုင်း ဖြစ်တယ်။ သုံးပိုင်းလုံးမှာ သတိက အဓိကပဲ။
နာတာလည်း အမြဲမနာဘူး၊ အမြဲတမ်းလည်း တွေးမနေဘူး။ အမြဲတမ်းလည်း မြင်တယ်၊ ကြားတယ်၊ နံတယ် မရှိဘူး။ ဒါကြောင့် အဲဒါတွေကို 'ဧည့်သည် ကမ္မဋ္ဌာန်း'လို့ မှတ်လိုက်ပါ။ ဒီနှာသီး၀ လေတိုးနေတာ(အသက် ရှူနေတာ)က အမြဲရှိလို့ 'အိမ်ရှင်ကမ္မဋ္ဌာန်း'လို့ မှတ်လိုက်ပါ။ ဒီတော့ နှာသီး ဝလေး မှတ်ရမယ်၊ နှာသီးဝသည် ကာယ၊ ဓာတ်လေးပါးဖြင့် စုပေါင်းပြီး ရုပ်တွေကို ပြုပြင်ထားတာ။ ပြီးတော့ နှာသီးဝကာယ အနံ့အသက်အတွေ့တို့ ကို ဖမ်းကြည့်တဲ့အတွက် ပသာဒလည်း ဖြစ်တယ်။ ဒါ ကြောင့် ကာယပသာဒ၊ နှာသီးဝမှာ အကြည်ဓာတ်လေး ရှိတယ်၊ မှန်လို အရိပ် ဖမ်းကြည့်သလို ဖြစ်တယ်။ ဒါကို ကာယပသာဒလို့ ခေါ်တယ်။ ဝင်သက်ထွက်သက် ဝင်လေထွက်လေကို နှာသီးဝကနေ စောင့်ကြည့်စောင့်မှတ်ပါ။
ဒီနေရာမှာ အသက်ရှူတာကို လုပ်မရှူပါနဲ့။ လုပ်ရှူရင် မောမယ်မှတ်တော့၊ ဆန္ဒမလွန်စေနဲ့၊ ဆန္ဒလွန်ရင် ပိုဆိုးပြီသာမှတ်၊ ဆန္ဒလွန်ရင် ဝီရိယပါ လွန်တယ်၊ ဝီရိယလွန်ရင် ပျံ့ထွက်သွားပြီး စိတ်ပျံ့တော့ စိတ်ကိုမှီ ပြီးဖြစ်တဲ့ ဝင်လေထွက်လေလည်း ပျံ့နိုင်တယ်။ စိတ်စည်းလုံးမှ ဝင်လေထွက်လေလည်း စည်းလုံးတာ။ အဲဒီတော့ မှတ်ရုံလေးမှတ်ရမှာ။ အားထုတ်ခါစ ယောဂီတစ်ယောက်ဟာ အလိုက်သင့်လေး မှတ်ပေးနေရုံပဲ။ အိပ်ပျော်နေတဲ့အချိန် အသက်ရှူနေတာ သူ့ဟာသူရှူနေတာလား၊ တမင်လုပ်ပြီး ရှူရသလား။
'သူ့ဟာသူ ရှူနေတာပါ ဘုရား'
အဲဒီတော့ နှာသီး၀ သတိလေးနဲ့ကပ်ပြီး မှတ်နေရုံပဲ၊ အစွဲသိက ဝင်တယ်လို့ သိတဲ့အတွက် ဝင်တယ် လို့မှတ်ပေးလိုက်ရုံပဲ။ တရားခံက ဒီလိုပါဆိုရင် တရား သူကြီးကလည်း ဒီလိုပဲမှတ်ထားရုံပဲ။ သတိသည် တရား သူကြီးပဲ။ အစွဲသိက ထွက်တယ်လို့သိရင် ထွက်တယ်လို့ ပဲမှတ်၊ ဝင်လေက တိုတိုလေးဝင်ရင်လည်း ရှည်အောင် သွားမလုပ်နဲ့၊ ပင်ပန်းလိမ့်မယ်။ သူရှည်နေရင်လည်း တို အောင်သွားမလုပ်နဲ့ ပင်ပန်းလိမ့်မယ်။ ခေါင်းမအေး၊ စိတ်အထိုင်မကျသေးလို့ ဘဝင်လေ အောက်ကနေ ပင့် တင်ထားရင် တိုတိုပဲဝင်မှာပဲ။ ခေါင်းအေးပြီး စိတ်အထိုင် ကျသွားရင် သူ့ဟာသူ ရှည်လာမှာပါ။ ရှည်လာရင်လည်း ရှည်တဲ့အတိုင်း မှတ်လိုက်ရုံပဲ။
နှာသီးဝကို ဝင်လေထွက်လေက လာတိုက်မှာပဲ။ ဝင်လေက အပြင်ကလာတဲ့အတွက် ဧည့်သည်၊ နှာသီးဝက အိမ်ရှင်၊ ယောဂီများ အိမ်ရှင်နေရာက ထိုင်မှတ်ပါ။ ဧည့်သည်နောက်လိုက်ဖို့ မလိုဘူး။ သူ့ဟာသူ သွားချင်သွား၊ ပြန်ချင်ပြန်တို့က အလုပ်မပျက် နှာသီးဝလေးကပဲ မှတ်ရမယ်။ တိုချင်တို ရှည်ချင်ရှည် သူ့အလိုက်သင့် လေးမှတ်ပါ၊ နှာသီးဝက မှတ်ရာမှာ။ နှာသီး၀ လေတိုး တာလေးကို မပြီးမချင်း မှတ်ပေးပါ။ မပြီးမချင်းဆိုတာနဲ့ အစ၊ အလယ်၊ အဆုံးနဲ့ အတူတူပဲ။ စာကတော့ စလယ် ဆုံး သုံးပါးလုံး သိမ်းကြုံးသွားရမယ်လို့ ဆိုထားတယ်။
သို့သော်လည်း ယောဂီတို့ကို အစ၊ အလယ်၊ အဆုံးလို့ ညွှန်ကြားလိုက်ရင် ယောဂီတို့က ဘယ်ဟာက အစလဲ၊ ဘယ်ဟာက အလယ်၊ ဘယ်ဟာက အဆုံးဆိုပြီး လိုက်ရှာနေမှာစိုးလို့ နှာသီး၀ ဝင်တာနဲ့ဝင်စက ဝင်ဆုံး တရစပ် အဆက်မပြတ် မှတ်ပါလို့ပြောတာ။ ဘယ်နားမှာမှ အလစ်အလပ် မရှိစေဘဲ 'ကုလားမ ချေးတွန်း'သလို မှတ်ပေးပါလို့ ဆိုလိုတယ်။ အဲဒါကို စာလိုပြောတော့ 'အနု'၊ အနုဆိုတာ အဆက်မပြတ်၊ ကာယ အနုပဿနာ နှာသီးဝဆိုတဲ့ ကာယမှာ တိုးဝင်တိုး ထွက်နေတဲ့ ဝင်လေထွက်လေကို အဆက်မပြတ် ရှုမှတ် တာ ကာယနုပဿနာ၊ ဝင်စလေးတော့ မှတ်ပါရဲ့၊ အလယ်မှာ မမှတ်ဘဲ အဆက်ပြတ်သွားရင် အနုပဿနာ မဟုတ်တော့ဘူး။ အဆုံးမှာ လွတ်သွားရင်လည်း အနုပဿနာ မဟုတ်တော့ဘူး။
ပြီးတော့ ခေါင်းအေးအေး စိတ်အထိုင်ကျကျ ထားပေးစမ်းပါ။ ပွဲကြည့်သူလိုပေါ့။ ပွဲကြည့်သူဟာ လင် သေဆုံးသွားချိန်၊ မယားအလောင်းပြင်နေချိန်၊ စီးပွားပျက်ချိန်၊ အမှုအခင်းဖြစ်နေချိန် ပွဲကြည့်နိုင်ကြ ရဲ့လား။
'မကြည့်နိုင်ပါ ဘုရား'
ခေါင်းပူရင် ပူနေချိန် ပွဲအရသာ မတွေ့နိုင်ပါဘူး။ ပွဲကြည့်တုန်းက သောကကင်းကင်းနဲ့ ကြည့်ခဲ့သလို ဒီမှာလည်း သောကကင်းကင်းနဲ့ ငါဝင်မရှုပ်ဘဲနဲ့ သတိလေးကိုပဲ ဆရာတင်ပြီးတော့ ခေါင်းအေးအေး၊ စိတ်အထိုင်ကျကျလေး ထားပေးပါ။ ခေါင်းမအေးရင် ဘဝင်လေမငြိမ်ဘူး။ စိတ်အထိုင်မ ကျရင် ဘဝင်လေ မငြိမ်ဘူး။ ဘဝင်လေ မငြိမ်ရင် ဝင်လေထွက်လေ ပုံမှန်မဖြစ်ဘူး။ ဝင်လေထွက်လေ ပုံမှန်မဖြစ်ရင် လေနဲ့ နှာသီးဝတိုက်တာ တိုက်အားမကောင်းနိုင်ဘူး။ တိုက်အားမကောင်းရင် မှတ်လို့မကောင်း။ အမှတ် တက်မလာနိုင်တော့ဘူး။ ဒါကြောင့် ခေါင်းအေးအေး စိတ်အထိုင်ကျကျ ထားပေးစမ်းပါ။
ပြီးတော့ ဝင်ဆုံး၊ ထွက်ဆုံးလေးကို ဂရုစိုက် ပေးစမ်းပါ။ ဘာကြောင့်လဲ၊ ဝင်စသည် တိုက်အား ကောင်းတော့ အမှတ်ကရှိနေသေးတယ်။ ဝင်လို့ တစ်ဝက်လောက် ရောက်တော့ နည်းနည်း အားပျော့သွားပြီ။ သို့သော် မှတ်စရာ ရှိနေသေးတော့ မှတ်လို့ရနိုင်သေးတယ်။ ဝင်ဆုံးမှာ တိုက်အား ပျော့သွားပြီ၊ တိုက်အားပျော့တော့ မှတ်စရာ မရှိဘဲနဲ့ မှတ်အားမကောင်းသေးဘဲနဲ့ ဒီဝင်ဆုံး ပျော့ပျော့လေးကို မသိနိုင်ဘူး။ ထွက်စရာရှိရင် သတိက အဲဒီက ထွက်မှာ အဆုံးကထွက်တာ၊ အစကထွက်တဲ့ ယောဂီ မရှိဘူး။ သတိသည် ဝင်ဆုံးက အထွက်များတယ် ဆိုရင် ဒီနေရာလေး ခွေးတိုးမှန်းသိရင် ဒီစည်းလေးနဲ့ လုံအောင် လုပ်လိုက်ရင် ခွေးမတိုးသာတော့ဘူးပေါ့။ သတိသည် ဝင်ဆုံးမှာ အလွတ်များရင် ဝင်ဆုံးကို ဂရုစိုက်၊ ထွက်ဆုံးမှာ သတိလွတ်နေရင် ထွက်ဆုံးကို ဂရုစိုက်။ ဒီတော့ ပြန်ချုပ်ရရင် ...
၁။ နှာသီးဝမှာ လေကလေး တိုးဝင်တိုးထွက် နေတာကို အဆက်မပြတ် မှတ်ပေးပါ။
၂။ ခေါင်းအေးအေး စိတ်အထိုင်ကျကျထားပါ။
၃။ ဝင်ဆုံးနဲ့ထွက်ဆုံးကို ဂရုစိုက်ရှုမှတ်ပေးပါ။
ဒီလိုဆို နှာသီးဝက ကာယနုပဿနာ လုံလောက်ပါတယ်။ တရားစခန်းဝင်မှ မဟုတ်ပါဘူး။ ဘယ်မှာ အားထုတ် အားထုတ် ဒီစည်းကမ်း၊ ဒီနည်းလမ်းကို အမြဲကျင့်သုံးပါ။ ဝင်လေထွက်လေ မှတ်နေ ချိန် စိတ်ကိုချုပ်မထားနဲ့၊ စက်ဘီး မစီးတတ်တဲ့လူ စက်ဘီး စီးသလို ဘရိတ်ကိုပါ ချုပ်ထားသလို ဖြစ်မယ်။ သတိနဲ့ မှတ်ခိုင်းတာကို စိတ်ပါချုပ်ပြီး တင်းပြီးလုပ်နေတတ်တယ်။ စိတ်ကိုချုပ်တော့ ရုပ်နာ တတ်တယ်။ သတိထား ...။
နေပူမရှောင်၊ မိုးရွာမရှောင်နဲ့ ဒီရုပ်ကြီး ခိုင်းစားလာခဲ့ကြတာ။ အပူတွေဆိုတာ ရိုးတွင်းခြင်ဆီထဲ အထိ အောင်းနေရော့မယ်။ ရပ်ထဲရွာထဲမှာ လုပ်နေတာတွေ မှန်သမျှ သောကနဲ့၊ လောဘနဲ့ အပေး အယူလုပ်နေကြတာ။ အိပ်ရာထချိန်က အိပ်ရာဝင်ချိန်အထိ သောကနဲ့ လောဘ သူတို့နှစ်ခုက အများ ဆုံး၊ ကျန်တာတွေက ဧည့်သည်ပါ။ ဒီတော့ ကိလေသာ မာန်ရှိနေတဲ့အတွက် ခန္ဓာ့ မာန်ကျပါ့မလား။ ပြီးတော့ အာရုံ မပြုတတ်တဲ့အတွက် စိတ်ကိုချုပ်ပြီး ဖမ်းတဲ့အတွက် ရုပ်ကလည်း နာလာတော့ ၁၀ မိနစ်လောက်ရှိတာနဲ့ နာကျင်ကိုက်ခဲမှု ပေါ်မှာပဲ။ အထိုင်မကျခင် နာကျင်ကိုက်ခဲမှုပေါ်မှာပဲ။ နှာသီးဝက ဝင်တယ်ထွက်တယ်လည်း မှတ်ရဦးမယ်။ နာတာကြီးကလည်း အောင့်တောင့်တောင့်ဆိုတော့ ယောဂီ တို့ရဲ့ စွဲ စိတ်သည် နှာသီးဝမှာ များမလား၊ နာတဲ့ဘက်ကို သွားတာများမလား။
'နာတဲ့ဘက်မှာ များပါတယ်ဘုရား'
ဟိုမှာ အမှုပေါ်နေပြီ။ အဲဒီတော့ သတိတရား သူကြီးသည် နာတဲ့ နေရာလေးသွားပြီး ရုံးထိုင်ပေးပါ။ နာတဲ့နေရာလေး မမှတ်ဘဲနေခဲ့ရင် စွဲစိတ်က ငါ့ပေါင်ကြီး၊ ငါ့ခြေသလုံးကြီးဆိုပြီး သောင်းကျန်း တော့မယ်၊ ဒီတော့ နှာသီးဝထက်နာတာက ပိုပြီးထင်ရှားနေရင် နာတဲ့ နေရာမှတ်ပေးစမ်းပါ။ နာတာကို မှတ်တာ ဝေဒနာနုပဿ နာလို့ပဲ ပြောကြပါစို့။ ဝေဒနာက ဒုက္ခဝေဒနာ၊ အားထုတ်ခါစ ယောဂီတစ် ယောက်ဟာ ဒုက္ခနဲ့ ရင်းရတော့ ဒုက္ခဝေဒနာပဲ တွေ့မှာပေါ့။ တရားသူကြီး သတိက သူ ပြောတဲ့အတိုင်း မှတ်ရုံပဲ။ များသောအားဖြင့် ခန္ဓာကိုယ် အောက်ပိုင်းက နာလာတတ်ပါတယ်။ ခြေမျက်စိဖြစ်စေ၊ တင်ပါး ဆုံဖြစ်စေ၊ ခြေသလုံးရိုးကဖြစ်စေ နာလာတတ်ပါ တယ်။ အပေါ်ပိုင်း ခန္ဓာတစ်ခုလုံးကို ထမ်းထားရတဲ့ အ တွက် အောက်ပိုင်းကစပြီး နာလာတတ်ပါတယ်။ ဒီနာ တာမှတ်ခြင်းဖြင့် ငါဆိုတာ မဝင်သာတော့ဘူး။ တင်ပါးကြီးရယ်၊ ခြေသလုံးရယ်၊ ခြေမျက်စိရယ်ဆိုတာတွေလည်း မဝင်သာတော့ဘူး။ နာတာနဲ့သိတာ လေး အလုပ်လုပ်နေပုံ မြင်လာပါလိ့မ်မယ်။ နာတယ်ဆိုပြီး ဣရိယာပုဒ်ပြောင်း မပစ်နဲ့၊ ဒီဝေဒနာ (နာကျင်တာ) ပျောက်အောင် ဆက်မှတ်နေရင် ဒုက္ခဝေဒနာလည်း ပျောက်နိုင်တယ်။ နာတာ နဲ့သိတာ ဒီနှစ်ခု အလုပ်လုပ်နေပုံလည်း သိနိုင်မယ်။ ဒါက ဝေဒနာ နုပဿနာ ရှုရခြင်းရဲ့အကြောင်း ...။
ဒီနေရာမှာ အာရုံမထားတတ်ရင် နာတာမှတ် လေ နာလေပဲ။ မင်းတို့ ဘယ်လိုနာနေသလဲဆိုပြီး ကိုယ်က ဘေးက ကြည့်နေသလို ဒီလိုအာရုံပြုတတ်ရင်တော့ ဝေဒနာ အဆောက်အအုံကုန်ရင်၊ မာန်ကျ သွားရင် ဝေဒနာကျသွားတာပါပဲ။ ဝေဒနာတစ်ခု တက်လာရင် 'ပူ၊ နာ၊ ကျင်၊ ကိုက်၊ ခဲ' အခဲမှာဆုံးရော။ ခြေမျက်စိက တက်တဲ့ ဝေဒနာသည် အားကောင်းလို့ရှိရင် တင်ပါးမှာဆုံးတယ်။ အားမကောင်းရင် ခြေသလုံးလောက်က ပြန်ဆင်းသွားတာ။ ဒူးဆစ်က ပြန်ဆင်းသွားတာလည်း ရှိပါတယ်။ ပေါင်လောက် က ဆင်းသွားတာလည်း ရှိပါတယ်။ အင်မတန် အားကောင်းရင်တော့ တင်ပါးဆုံအောက်မှာ ခဲကြီး လိုလေ။ ဆီဖြူသီးကြီးလို၊ ဒီထက်များ အဆောက်အအုံကြီးရင် ဒိုးစေ့ကြီးလို၊ ဒီထက်များ ယောဂီတို့က စိတ်ကြီး ချုပ်ခံမယ်ဆိုရင် ကျောက်တုံးကြီးရဲ့ ကျောက်ဇောင်းကြီး ပေါ်တက်ထိုင်နေရသလို နာမယ်။ စိတ်ကို ချုပ်ထားလေ ရုပ်ကနာလေ ဖြစ်တတ်ပါတယ်။
အောက်ပိုင်းကတက်ရင် ခြေမျက်စိကပဲ တက်တယ်။ ခြေသလုံးကပဲ တက်တယ်၊ တင်ပါးဆုံသည် ဝေဒနာရဲ့ နောက်ဆုံးစုရပ်ပဲ။ အထက်ပိုင်း အောက်ကတက်ရင် ခါးဆစ်ရိုးကတက်တဲ့ ဝေဒနာ လက်ပြင်ညွန့်မှာ သူ့စုရပ်၊ ဒီထက် အားကောင်းရင် ပခုံးအိုးမှာ ဆုံးမယ်၊ ဒီမှာလာပြီး အခဲကြီး ဖြစ်နေ တတ်တယ်။ သူ့ရဲ့ အတက်အကျ အပြင်းအပျော့တို့ကို မြင်အောင် ခေါင်းအေးအေးနဲ့မှတ် ပေးစမ်းပါ။ စိတ်အထိုင်မကျလို့ အထက်ပိုင်းရှေ့ကတက်ရင် လက်ယာဘက် ဆီးစပ်အောက်ကနေ ထောင့်တန်း တက်တတ်ပါတယ်။ သူတက်နေပုံလေးကိုလည်း ခေါင်းအေးအေး စိတ်အထိုင်ကျကျနဲ့ မှတ်ပေးစမ်းပါ။
နှာသီးဝကနေ ဝင်လေထွက်လေ ရှုမှတ်နေတာသည် ကာယနုပဿနာ၊ ဝေဒနာကို ရှုမှတ်နေ တာက ဝေဒနာ နုပဿနာ၊ ဒီနှစ်ခုလုံး ကိုယ်တွေ့ချည်းပဲ။ ဒီနှစ် ခုသည် တရားလို တရားခံ စုံတဲ့အတွက် အမှုပေါ်နိုင် တယ်။ ပေါ်စရာရှိရင် ဒီနှစ်ခု(ကာယနှင့်ဝေဒနာ)က ပေါ်တာ။ သတိဆိုတဲ့ တရားသူကြီးက ခေါင်းအေးအေး စိတ်အထိုင်ကျကျနဲ့ အမှုပေါ်အောင် စစ်တတ်ဖို့ လိုတယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ညွှန်ပြသွန်သင်တော်မူခဲ့ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )