၂၀၂၄ ဧပြီ ၃၀
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ ဇာတိမြေ နတ်တလူတောရမှ ထွက်ခွာ မည်ပြုစဉ် နောက်တစ်နေရာ တောရအသစ်ကို ရွေးချယ်တဲ့အခါ 'မဟာမြိုင်'လည်းပါနေတာ တွေ့ရပါတယ်။ သို့သော် ရည်ရွယ်ရာ မဟာမြိုင်တောကြီးဆီ ချက်ချင်းမရောက်ဘဲ ပုံတောင်ပုံညာ တောတောင်များအတွင်းမှာ ငါးနှစ်ငါးဝါခန့် တဝဲလည်လည် သီတင်းသုံးတော်မူခဲ့ရပါတယ်။ ဂန့်ဂေါနယ် လယ်ဓမ္မအနီး မဇ္ဈိမ ဓမ္မမောနိဂူ စကားရွာအနီး မောနေယျတော၊ ဝက်ကျကျော်တောရွာအနီး ပဋိပတ် တောစခန်းနဲ့ စံရိပ်ငြိမ်တောရတို့မှာ လှည့်လည်သီတင်းသုံး အားထုတ်တော်မူခဲ့ပါတယ်။ တောကြီး တောင်ကြီးထဲမှာ ခရီးကြမ်းနှင်ပြီး တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းသီတင်းသုံးခဲ့ရခြင်း အကြောင်း ရင်းကတော့ အနီးအဝေးက တပည့်ဒကာတွေ စကားနားမထောင်၊ စည်းကမ်းဖောက်ဖျက်ခဲ့လို့ပါပဲ။
ဒီနေရာကို ဘယ်နေ့၊ ဘယ်အချိန်အထိ မလာရဆိုတဲ့ စည်းကမ်းသြဝါဒကို ဖောက်ဖျက်ပြီး တရားအားထုတ်နေတာကို လာရောက်နှောင့်ယှက်တဲ့ အဝေးက တပည့်ဒကာတွေ၊ ဒေသခံကျေးရွာ တွေမှာ အများစုကြီးက သဒ္ဓါတရားအားကောင်းပြီး ရိုးသားကြပေမယ့် ရွာလူကြီးတစ်ယောက်စ၊ နှစ်ယောက်ကတော့ သာသနာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့တာတွေကြောင့် ဆရာတော် ဘုရားကြီး တောပြောင်းခဲ့ခြင်း ဖြစ်ပါတယ်။ စံရိပ်ငြိမ်မှာ တုန်းကဆိုရင် အလောင်းတော်ကဿပကို ခေါင်းတော် ပြီး ဒီနေရာမှာပဲ ဦးခေါင်းချတော့မည်လို့ ရည်ရွယ်ထားပါမှ ကိုယ်ကျိုးရှာသူ ရွာလူကြီးတစ်ဦးရဲ့ စောင်းချိတ် တိုက်ခိုက် ပြောဆိုခြင်းတွေကြောင့် စံရိပ်ငြိမ်ကို စွန့်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဝက်ကျ၊ ကျော်တောနဲ့ ပတ်ဝန်း ကျင်ကျေးရွာများအဖို့ အရိယာသူတော်ကောင်းကြီး တစ်ပါးကို ဆုံးရှုံးခဲ့ပြီး အကြီးအကျယ် နစ်နာခဲ့ရရှာပါတယ်။
ပုံတောင်ပုံညာ၊ အလောင်းတော်ကဿပနဲ့ မဟာမြိုင်တောကြီးတို့ဟာ တစ်ကြောတည်း တောချင်း တောင်ချင်း ဆက်နေကြတာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ မူလအစကတည်းက ရည်ရွယ်ချက်ထားရှိရာ မဟာမြိုင်တောကြီးဆီ ဦးတည်ကြွလှမ်းနိုင်ခဲ့ပါလေပြီ။ ပုံတောင် ပုံညာ မဟာမြိုင်ရဲ့ ဝင်ပေါက်၊ မဟာမြိုင်ရဲ့ ဂိတ်တံခါးလို့ ဆိုနိုင်ပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ လယ်ဓမ္မမဇ္ဈိမဓမ္မမောနိဂူမှထွက်လာစဉ် တောင်နှစ်လုံးကြား စမ်းချောင်းကလေးရဲ့ ကျောက်တုံးကြီး တစ်ခုအပေါ် ထိုင်နားနေစဉ် ပုံတောင်ပုံညာရဲ့ စိတ်တန်ခိုးရှင် မိပုန်းနှင့် တွေ့ခဲ့ရသည် မဟုတ်ပါလား။ သီတင်းကျွတ်လပြည့်ညရဲ့ လရောင်အောက်မှာ မိပုန်းရဲ့ ရုပ်ပုံလွှာကို ပီပီထင်ထင် တွေ့မြင်ခဲ့ရပါတယ်။
'ထို မိပုန်း ...ဣန္ဒြေကြီးမား၏။ အသွားအလာလှုပ်ရှားပုံကအစ ကလက်ခြင်းမရှိ။ ငါတို့ရှေ့ ရောက်သောအခါ ရပ်၍လက်အုပ်ချီလျက်က ... အရှင်ဘုရား ရည်မှန်းထားတဲ့ တောကြီးအတွင်း ကြွပါ။ တောဝင်စ စစ်သားများ အကျိုးအကြောင်း ပြောဝင်သွားပါ။ ဘာအန္တရာယ်မှ မရှိပါ'သည်သို့ ပြောအပြီး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ (၂၀၁၂ ထုတ် ဘ၀ ကန္တာရ၊ စာ-၃၇၈)
မိပုန်းဟာ ဆရာတော်ကြီးရှေ့က ပျောက်ကွယ် သွားသလို 'ဘဝကန္တရသင်္ကေတကထာ' ကျမ်းစာအုပ် ကြီးထဲကလည်း ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ၂၀၁၂ ထုတ် 'အိပ်မက်ဖြင့် ဖွင့်ပြောသော စကားများ' စာအုပ်မှာတော့ ထင်ထင်ရှားရှား ပြန်ပေါ်လာပါတယ်။
'၁၃၆၂ ခုနှစ် မောနေယျတော၌ပင် ဝါကပ်၏။ ထိုစဉ် ဝါဆိုလပြည့်ကျော် ၄ ရက် ညတွင် အိပ် မက်ဆန်းတစ်ခု မြင်မက်၏။ ယင်းကား ...ငါတို့ဆီ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ရောက်လာကြ၏။ တစ်ဦးသော မိန်းမကြီးကား အသက် (၅၀) ခန့်ရှိပြီ ထင်မိ၏။ ထိုသူမသည် ထောင်ထောင် မောင်းမောင်း ဥပဓိရုပ်ကောင်း၏။ မျက်နှာဝိုင်းစက်ပြီး ဦးကင်းကျယ်၏။ ဣန္ဒြေကြီးကာ တည်ခန့်၏။ နောက်တစ်ဦး ...မိန်းက လေးကား အသက် (၃၀) လောက် ခန့်မှန်းရ၏။ ထိုသူမ ဝတ်စားထားသည်က တရုတ်မဆန်ဆန် ပွင့်ရိုက် အရောင်အသွေးဖြင့် ဂါဝန်ချုပ်ထားသည့် အဝတ်အစား၊ သူ့အမူအရာက လည်း သွက်သလားမမေးနှင့်။ တစ်ဦးသော ယောကျ်ားကလည်း အသက် (၃၀)ခန့်ပင် ထင်ရ၏။ သူ့အမူအရာကား ရိုးရိုးအေးအေး အမူအရာ၊ ဝတ်ဆင်ထားသည့် အဝတ်အစားများကလည်း ရိုးရိုး ကလေးသာ ထိုစဉ် အကြီးဖြစ်သူ ခေါင်းဆောင် မိန်းမကြီးက ငါတို့အား လျှောက်၏။
'အရှင်ဘုရားနေသော သည်နေရာက မှတ်ပုံတင်ဌာနပါ။ အရှင်ဘုရား တကယ်ကျင့်ရမည့်နေရာက ယမင်းတောပါ။ သို့ပါ၍ အရှင်ဘုရား ယမင်းတောအထိ ဆက်ကြွပါ'
စကားကားဤမျှ။ (ယမင်းတောဟူသည်မဟာမြိုင်)၊ (အိမ်မက်ဖြင့် ဖွင့်ပြောသော စကားများ၊ စာ-၈၅) သည်လိုပြောပြီး ဖျတ်ခနဲ ပျောက်ကွယ်သွား၊ သူတို့သုံး ယောက် ...ယောက်ျားငယ်က ဟိုမိန်းမကြီးရဲ့ သားဆိုရင် ဟိုမိန်းကလေးက သူ့ချွေးမပေါ့။ သည်မိန်းကလေးက မိန်းမကြီးရဲ့သမီး ဖြစ်နေရင်တော့ ဟိုယောက်ျားလေးက သူ့သမက်ပေါ့လို့ ဆရာတော်ကြီးက တွေးနေမိခဲ့တယ်။ အဲဒီမိန်း ကလေး ဘယ်လောက်ထိ စွမ်းသလဲဆိုရင် ဆရာတော်ကြီး ဘာတွေတွေးနေသလဲဆိုတာတောင် သိနေတယ်။ နောက်တစ်နေ့ သူ့တစ်ယောက်တည်းလာပြီး 'တပည့်တော်မ အပျိုမှ အပျိုစစ်စစ်ပါ'လို့ လာ ရောက် လျှောက်ထားပြီး ပျောက်ကွယ်သွားသတဲ့။ အော် ငိုအားထက် ရယ်အားသန်ခဲ့ရပါပကော။
သူတို့ သုံးယောက်အကြောင်း ဆင်ခြင်ကြည့် လိုက်တဲ့အခါ...ခေါင်းဆောင် မိန်းမကြီးက ရေယဉ်မယ်တော်ကြီးများလေလား၊ အရွယ်ငယ်မိန်းကလေးက မိပုန်းများလား၊ အရွယ်ငယ် ယောက်ျားလေးက နတ်ထိပ်နေ တောင်ပိုင်များလား၊ ဟုတ်သမှ သိပ်ဟုတ် မဝေဖန်ရဲ။ တစ်ဖန် ထုချေလွှာ အပေး ခံနေရလိမ့်မည်လို့ ဆရာတော်ကြီးက မယုတ်မလွတ် မှတ်ချက်ထားပါတယ်။
'ဤ၌ ပုံတောင်ပုံညာနှင့် မိပုန်းရာဇဝင် ဖော်ပြသင့်သည်ထင်၏။ ဤ မိန်းကလေးက အကြား အမြင်ရ စိတ်တန်ခိုးရှင် မလော၊ ယနေ့ခေတ်စကားအရ သမထမှော် အောင်မြင်နေသူ၊ ထိုမိန်းကလေး အကျင့်သန့်၊ စိတ်ရှင်း၊ အာရုံမှန်အတွင်း စိတ်သွင်းထားသောအခါ သူမ၏ စောင့်ရှောက်သူ အကူဖြင့် ရှေ့ဖြစ်နောက်ဖြစ် ပြောနိုင်သည်ဆို၏။ အဘိညာဉ်ရှင်တို့၏ ဓလေ့ထုံးမျိုးဖြင့် ပြောနိုင်ခြင်းကား မဟုတ် သေး။ သို့တိုင်လည်း သူမ၏ အတတ်ကလည်း သာမာန်ကားမဟုတ်။ သူတစ်ပါးတို့လာ ရောက် အကူအညီတောင်းလေတိုင်း အကြောင်းကိစ္စ မေးကြည့်၊ အမည်ပါလိုရာ၌ နာမည်ပါ မေးကြည့်ပြီးသော် မျက်စိမှိတ်၊ ဘုရားအာရုံယူ၊ သိလိုသူ၏ သူ့ကိစ္စ အာရုံယူကြည့်၊ ထိုစဉ် သူမ၏ အစောင့်အရှောက် ရောက်လာပြီး အသံနှစ်ကိုယ်ကြားဖြင့် အသိပေး၏။ အမြင်ဖြင့်လည်း နှစ်ကိုယ်မြင် အထင်ပြ၍ အသိ ပေး၏။'
'ထိုစဉ် သူမက သူကြားရ မြင်ရသောအတိုင်း ပြောပေးတော့သည်။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတနှင့် ဆင်တူ ဖြစ်သဖြင့် တိကျမှန်ကန်သည်ဆို၏။ (မှတ်ချက်။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတနှင့် ဆင်တူသည် သူမအား အစောင့်အရှောက်ပေးနေသည့် ကမ္မဓိဒ္ဓိရှင်၏ အရာဖြစ်သည်။ သူမကားမဟုတ်)တစ်ဖန် ဘုရားအာရုံပြုခြင်းသည် သူမနှင့် ထိုအစောင့်တို့၏ ဆက်သွယ်ရေးကိရိယာ၊ သို့ဖြင့် ထိုမိပုန်း၊ စိတ်တန်ခိုးရှင်မလေးဖြစ်လာ၏။' (စာ-၈၇)
တစ်နေ့မှာတော့ ပုဂံအရပ်ကို တောင်ထားခြားနားနေတဲ့ မင်းသားတစ်ပါးဟာ လမ်းစရှာရင်း လူစုရင်းကနေ မိပုန်းထံ ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ပုန်ကန်မှုအောင် မအောင်၊ သူဘုရင် ဖြစ် မဖြစ်ကို မေးပါတယ်။ ဘုရင်ဖြစ်ထိုက်တယ်ဆုရင် ဘာတွေလုပ်ရမှာလဲ၊ ဘယ်အချိန် ဘုရင်ဖြစ်မှာလဲ စသည်တို့ ကို မေးပါတယ်။ မိပုန်းကလည်း ဖြစ်နိုင်ခြေတွေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြောဟော ပေးပါ တယ်။ မင်းသားနဲ့ပါလာသူတွေထဲက တစ်ယောက်ဟာ ပုဂံဘုရင်ရဲ့ အထောက်တော်ဖြစ် နေပါတယ်။ အထောက်တော်ဟာ ပုဂံကို အမြန်ပြန်ခဲ့ပြီး ဘုရင်ကို အကြောင်းစုံ သံတော်ဦးတင်ပါတော့တယ်။
'နှုတ်ဆော့မိသော မိပုန်း၊ ထိုအချိန်မှစတင်ကာ ပုဂံဘုရင်၏ ရန်သူကြီးလုံးလုံးအဖြစ် သတ်မှတ်ခံ လိုက်ရရှာပြီ။ မိပုန်းလည်း စိတ်တန်ခိုးရှင်မလေး အမည်မှ 'တောပုန်းမလေး'အမည်သို့ ပြောင်းလဲသွား စေခဲ့ပြီ။ ထိုနှင့်အတူ အကျင့်ပါပြောင်းခဲ့ရပြီ၊ သမာဓိထူထောင် ရေးအကျင့်သို့၊ သို့ဖြင့် ထိုမိပုန်း ပုံတောင်ဗန့်ကျိဒေသကြားမှ ပုံတောင်ပုံညာဒေသကြားသို့ ပြောင်းရွှေ့ပုန်း အောင်းနေရရှာ၏။ ပုန်းရင်း ကျင့်၊ ကျင့်ရင်းပုန်းသည့် မိပုန်း၊ ထိုသတင်း ပုဂံဘုရင့်နား ပေါက်ကြားသွားပြန်ရာ ပုဂံဘုရင်သည် ကျွမ်းကျင် အထောက်တော်များကို ဦးစွာစေလွှတ်၏။ သည့်နောက် ခြေလျင်တပ်မကြီးကို စေလွှတ်၏။ ထိုတပ်များ ပခုက္ကူနယ် မြိုင်ဘက်မှနေ ပုံတောင်ပုံညာဘက် ချီတက်လာနေကြပြီ။ ဤသတင်း စကား ထိုမိပုန်းကြားသောအခါ မိပုန်းသည် သဘာ၀ ကျောက်ဂူကြီး အဆင်သင့်ရှိနေသည့် အနောက်ဘက် တောင်တန်းကို ပုန်းခိုသောတောင် အထင်ရောက်ရန် ဖန်တီးပေးထား၏။ ဂူကိုလည်း သပ်သပ်ရပ်ရပ် စီမံထား၏။' (စာ-၈၉)
ဂူအတွင်းမှာ နားနေဝါးကွပ်ပျစ်၊ အိုးခွက်၊ အဝတ်လှမ်းတန်းကအစ အမြဲနေဟန် လှည့်စားဖန်တီးထားခဲ့ပြီး မိပုန်းဟာ အရှေ့ဘက်တောင်တန်းတွေမှာ ပုန်းခိုနေခဲ့ပါတယ်။
'ထိုမှစကာ တကယ်ပုန်းသည့် အရှေ့ဘက်တောင်က 'ပုန်းတောင်'အမည်ရသွား၏။ ပုန်းယောင် ဆောင်ထားသော အနောက်ဘက်တောင်က 'ပုန်းညာ' အမည်ရသွား၏။ (အဲဒီနောက် ပုံတောင်ပုံညာ ရယ်လို့ ခေါ်စမှတ်တွင်လာခဲ့ပါတယ်။) ပုဂံတပ်တွေက ပုန်းညာတောင်ရဲ့ ဂူကြီးတစ်ဝိုက် ပိုက်စိပ်တိုက်ရှာဖွေ၊ မတွေ့တာနဲ့ အရှေ့ဘက် ပုန်းတောင်ဆက်လိုက်၊ မိပုန်းကပုံ တောင်နတ်ထိပ်က နေ တောင်ရိုးအတိုင်း မြောက်ဘက်ဆီ ထွက်လာခဲ့တယ်။ မိပုန်းလမ်းကျွမ်းတာက တစ်ပန်းသာ နေတယ်။ ပုဂံစစ်တပ်ကြီးက ပုန်းတောင်ရိုးမှာ မွှေနှောက်ရှာဖွေနေစဉ် မိပုန်းက ချင်းတွင်းမြစ်ကို ဖြတ်ပြီး မဟာမြိုင်တောကြီးဆီ ချဉ်းကပ်နိုင်ခဲ့ပြီ။ ပုဂံတပ်ကြီး မျက်ခြည်ပြတ်သွားပြီ။ ပုန်းတောင်၊ ပုန်းညာ၊ ဗန့် ကျိ တောင်တွေမှာ ဘယ်လိုပင် ရှာဖွေကြပါစေ မိပုန်းကို အရိပ်အယောင်မျှပင် မတွေ့ကြပါ။ တစ်နှစ်ကျော်ကြာခဲ့ပေမယ့် မိပုန်းကို မတွေ့တဲ့အခါ ပုဂံစစ်သည်တို့ တပ်ခေါက် ပြန်သွားကြလေပြီ။
'မိပုန်းကား သုံးနှစ်ကျော်သွားလေမှ ပြန်ခဲ့တော့၏။ နေမြဲနတ်ထိပ်၌နေ၏။ မိမိနေရာ ပြန်အရောက် မိမိအလျင်အောင်မြင်ပြီးစီးထားသည့် အမေရေယဉ်နှင့် ဆက်မိကြ၏။ အမေရေယာဉ်က အောင်မြင်ပြီးစီး နည်းကိုလည်း သင်ကြားပေး၏။ လူရိပ်မပေါ်အောင် လူကောင်ကိုလည်း ပညာဖြင့် ဝှက်ပေးထားသေး၏။ သည်သို့သော အမေရေယဉ်၏ အထောက်အကူများကြောင့် ထိုမိပုန်း စိတ်ချ လက်ချ ကျင့်ခွင့်သာလာ၏။ အောင်မြင် ပြီးစီးမှုများလည်း ရယူနိုင်ခဲ့၏။ ယခု ဤမိပုန်းစေတစ်လုံး တော်ဝင် စိတ်ပိုင်ရှင်မလေး ဖြစ်နေပြီ။ စေတော်ဝင် စိတ်ပိုင်ရှင်မလေး ထိုမိပုန်း ...လူဆိုလျှင် သူမြင်ခွင့် ပေးမှ မြင်ခွင့်ရ၏။ သူ့ဘက်မှကား လူဆိုလျှင် ကြည့်တိုင်းမြင်၊ မြင်တိုင်းသိ စိတ်ရှိတိုင်း ရနေပြီ။ ဤသည်တို့ မှာ ဌာနေတို့ ပြောစကားအရ ဖြစ်ပါသည်။' (စာ-၉၁)
မိပုန်းကို လူတိုင်း တွေ့ခွင့်မရနိုင်ပေမယ့် ဆရာတော်ကြီးနဲ့တွေ့ခဲ့ရုံမက အကူအညီပင်ရခဲ့တယ် မဟုတ်ပါလား။ 'သို့ကြောင့် ထိုမိပုန်းရှိသည်ကား အမှန်၊ လူတိုင်း မတွေ့သည်ကလည်း အမှန်၊ ယနေ့ မိပုန်းလက် ကျန်ဌာနေတို့ တွေ့ခွင့်ရ အမှန်ကား မိပုန်းစခန်းချ ပုန်းအောင်ခဲ့ရာ ပုံတောင်တစ် လျှောက်လုံး၊ နတ်ထိပ်မှ မြောက်ဘက်ထိပ် အဆုံးအထိ နက်ကွန်းများ အထင်အရှား ကျန်နေခဲ့ခြင်းပင်။ ထိုနတ်ကွန်းများကို ပုံတောင် အရှေ့ကနေ ရွာများက အနောက်ဘက်သို့ ကူးဖြစ်စဉ် နတ်ကွန်း ရှေ့ရောက်သည်နှင့် ပန်းများ ဆက်ကြရ၏။ တောင်းပန်တိုးလျှိုးသွားရ၏။ အနောက်နေများ တောင် အရှေ့ဘက် ကျော်ဖြတ်သွားလိုပါကလည်း ထိုနည်းတူပင်။'
'အိပ်မက်ထဲ သုံးယောက်စုံ အကုန်တွေ့ခဲ့သောအတိုင်း မိပုန်းတွင်မက တောင်ပိုင်နှင့် ရေယဉ်မယ်တော် ကြီးကိုပါ ပန်းဆက်၍ လမ်းတောင်းခြင်း၊ အရိုအသေပြု လမ်းတောင်းခြင်းများလည်း ဖြစ်နိုင်သည် ထင်၏။ မည်သို့ဆိုစေ ထိုမိပုန်း ပုံတောင်ပုံညာမြေ ယောတို့နယ်မြေ၌ 'ဝိဇ္ဇာမယ်တော် သို့မဟုတ် ဘွားတော်'အဖြစ် ရှိနေ သည်ကား အမှန်။' (စာ-၉၂)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ပုံတောင်ပုံညာတောတောင်များမှာ ငါးနှစ်တာ သီတင်းသုံး အားထုတ်တော်မူခဲ့တာဟာ မိပုန်း၊ အမေရေယဉ်၊ နတ်ထိပ်တောင်ပိုင်ဘိုးဘိုးကြီးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပုံ ရပါတယ်။ သူတို့ သုံးယောက်လုံးဟာ ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကြီးတွေပါ။ အခုတော့ သုံးယောက်လုံး အတူတကွ ကြွရောက်လာကြပြီး ဆရာတော်ဘုရားကြီးကို မဟာမြိုင်သို့ ခရီးဆက်နိုင်အောင် အကူအညီပေး လမ်းညွှန်ကြတာဟာ သူတို့ သုံးယောက်လုံးက ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာအပေါ်မှာ ဘယ်လောက်အထိ ရိုသေလေးစားကြတယ်၊ ယုံကြည်အား ကိုးကြတယ်ဆိုတာ သိသာလှပါတယ်။
ပုံတောင်ပုံညာနဲ့ အနီးကပ်ဆုံး ဆက်နွှယ်နေတဲ့ မဟာမြိုင်တောကြီးရဲ့ အရှင်သခင် ပန်ထွာ ဘုရင်မကြီး ကိုယ်တိုင်ကလည်း ဆရာတော်ဘုရားကြီး မဟာမြိုင်ကြွလာပြီဆိုတာ သတင်းရပြီးဖြစ်နေ ပုံရပါတယ်။ ၁၃၆၅ ခု တန်ခူးလဆန်း ၇ ရက် ဆရာတော်ဘုရားကြီး မုံရွာ မှာ ရောက်နေစဉ်ကတည်းက ပန်ထွာဘုရင်မက မဟာမြိုင် အစွမ်းအစ ဇပြပြီး ကြိုနှင့်တယ်လို့ ဆိုနိုင်ပါတယ်။ မုံရွာတစ်ညဆိုတာလည်း နားလိုက်ရသည် မရှိပါ။ ထုံးစံအတိုင်း သတင်းကြားတာနဲ့ လာရောက်ဖူးမြော်သူတွေ များလိုက်ပုံကတော့ တည်းခိုရာ နှစ်ထပ်တိုက်သစ်ကြီး ပြိုကျလုမတတ်ပါပဲ။ ဒီလို ဖူးမြော်သူတွေ များလွန်းလို့ ယနေ့အဖို့ ဆရာတော်ဘုရားကြီးဟာ ဆွမ်းတစ်စေ့၊ ဆွမ်းတစ်လုပ်ပင် မစားခဲ့ရပါ။ မုံရွာ အနောက်ဘက်ကမ်း ကြေးနီ စီမံကိန်းမှာလည်း တစ်နေ့လုံး ဟောခဲ့၊ ပြောခဲ့ရနဲ့ ယခု မုံရွာမှာ တစ်ညလုံး အစာအိမ်ထဲမှာ အစာမရှိဘဲ ပရိသတ်ကို လက်ခံပြောဟော ရပြန်လေရာ ဇောချွေးတွေ ပြန်လာတဲ့ အထိပါပဲ။
နောက်တစ်နေ့မနက် မုံရွာကထွက်တာနဲ့ ကားစက်ဖုံးကြီး ဝုန်းခနဲ လန်ထွက်၊ ပန်ထွာ ဘုရင်မကြီးရဲ့ လက်ချက်ပေပဲလား။ 'စက်ဖုံးပိတ်ပြီး၍ မောင်းထွက် ခါစရှိသေး၊ ဘီး သံချွန်အစူးခံရ၏။ သံချွန်ငုတ်တန်း လန်းကြီးနှင့်ပင် ရေဦးအထိ ထိန်းမောင်းလာပြီး ရေဦး အဝင်တွင် နောက်ပါကားနှင့် လဲစီးပြီး ထွက်ခဲ့ရ၏။ မကြာလှပါ ကံထူးမ ရဲစခန်းရှေ့အရောက် ထိုကားလည်း ဘီးပေါက်တော့၏။ ဘီးပေါက်ဖာရန် ဆိုင်ဝင်၏။ သည်ဘီးမျိုး ဖာပေးစရာမရှိ။ သို့ကြောင့် ကျန်ဘီးများပါ လေလျှော့ပြီး လေမဲ့ဘီးများဖြင့် တောဂျင်အထိ စီးရ၏။ တောဂျင်တွင် ဘီးဖာကျန်ခဲ့သော နောက်ကားမီလာ၏။ ထိုမှာတွင် နားကြ၊ စားကြ၏။ နားပြီး၊ စားပြီး ခရီးဆက်ထွက်ကြရာ ဘီးဖာကား ပြောင်းစီး၍ ထွက်ခဲ့ရာ ပျဉ်းကိုင်းမှအလွန် သက်ကယ်ကျင်းလည်း မရောက်သေးတွင် စက်ခန်းရှိရေများ ဆူလာပြီး စက်ခန်း ကြီးတစ်ခုလုံးလည်း ပူလာတော့သည်။ ကားအနားပေးကြရ၏။ ယပ်ခတ်ပေး ကြရ၏။ ရေအေးများ လည်း ကောင်းပေးကြရ၏။'
'ခါတိုင်းတစ်ခါမှ မဖြစ်ဖူးဘူး၊ ခါတိုင်းသည် လာနေကျ ဘာမှမဖြစ်ခဲ့ဘူး။ တောင်တက်တာတောင် ဘာမှမဖြစ်ခဲ့ဘူး။ သည်တစ်ခါကျမှ ...'
ကားမောင်းသူ သစ်တောဒကာကြီး၏ ပါးစပ်မှ တွတ်တွတ်သံများဖြစ်၏။ သည်ကိုယ်တော်ကြီး ပါလို့ ငါ့ကားသည်လို ဖြစ်တာ၊ ထိုစကားပါးစပ်မှ ထွက်မကျရုံ တမည်သာလိုတော့၏။ မိပန်အကဲစမ်းက ကြမ်းလှချေကလား။ သည်သို့ တို့စိတ်ထဲက တွေးထင်မိခဲ့၏။' (၂၀၁၂ ထုတ်၊ ဘဝကန္တာရ၊ စာ-၃၉၇)
သက်ကယ်ကျင်းရောက်တော့ သစ်တောရုံးမှာ တစ်ထောက်နားပြီး နှုတ်ခွန်းဆက်တရား ဟော ခဲ့ရပါသေးတယ်။ သက်ကယ်ကျင်းကအထွက် မဟာမြိုင်သို့ အဝင် ဗိဿနိုးမယ်တော် ပန်ထွာဘုရင်မ ကြီးရဲ့ နတ်နန်းမှာ သစ်ကုမ္ပဏီတစ်ခုက ကနားပွဲကြီးပေးနေတာနဲ့ ကြုံရပါတယ်။ သြော် ...မိပန် (ပန်ထွာဘုရင်မကြီး)က သူ့နန်းကနေ ပွဲဖြင့် ကြိုနေသည်ကိုး။
ဒီလိုနဲ့ ပွဲကြည့်ရင်း ဆက်ထွက်ခဲ့ရာ ၁၃၆၅ ခု တန်ခူး(တာကူး)လဆန်း ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်မှာ မဟာမြိုင်တောကြီးအတွင်းသို့ ချောချောမောမော ဆိုက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ကျေးဇူး တော်ရှင် ဆရာတော်ဘုရားကြီး ရောက်လာလျှင် အသင့်သီတင်းသုံးနိုင်ရန် ကြိုတင်ဆောက်လုပ်ထားသော 'ခေါင်နန်း ပလ္လင်ကျောင်း'ကြီးကလည်း ဆီးကြိုညွတ်တွားလို့ နေပါရောလား။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက မဟာမြိုင်တောကြီးသို့ ဆိုက်ရောက်လာပုံကို လင်္ကာ တစ်ပုဒ်ဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။
အန်စာသိမ်းပြီး အငြိမ်းဆီ ကိန်းမှီ မဟာမြိုင်၊
တာကူးရှစ်ဆန်း၊ ဟိုင်းဆင်ဖမ်း၊ ခေါင်နန်းပလ’င်ထိုင်၊
နေမဝင်မီ လေးနာရီ ကိန်းပြီ မြဂနိုင်။
'အန်စာသိမ်းပြီ'ရဲ့ နံသင့်ဂဏန်းမှာ (အန်-၁၊ စာ-၃၊ သိမ်း-၆၊ ပြီ-၅)ဖြစ်ရာ ၁၃၆၅ ခုနှစ်ကို ဆိုလိုပါသည်။ အန်စာဆိုတာ လောင်းကစားသမားတို့ သုံးတဲ့ အန်စာတုံး၊ အန်စာသိမ်းပြီဆိုတာတော့ မကစားတော့ဘူး (ဝါ) တောမပြောင်းတော့ဘဲ မဟာမြိုင်မှာပဲ ခေါင်းချ တော့မယ်ဆိုတဲ့ အဓိပ္ပာယ်သက် ရောက်ပါတယ်။ တာကူး ရှစ်ဆန်းက တန်ခူးလဆန်း ၈ ရက်၊ မဟာမြိုင်ရောက်တဲ့ နေ့၊ ဟိုင်းဆင်ဖမ်းက ညနေလေးနာရီ ရာဟုအချိန်ကို ရည်ညွှန်းပါတယ်။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဂမ္ဘီရ ကဗျာဉာဏ်ဟာလည်း အံ့သြဖွယ်ဖြစ်ပါတော့တယ်။ ။ (မောင်သွေးချွန် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၁၄) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )