၂၀၂၅ ၊ စက်တင်ဘာ ၁၁
နိုင်ငံ့အရေးကို စဉ်းစားကြမယ်ဆိုရင် အသေစွဲကိုင်ထားသင့်တဲ့ မူဝါဒတွေရှိသလို၊ တချို့မူဝါဒတွေဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ လိုပါတယ်။ အသေစွဲ ကိုင်ထားသင့်ပြီး အသေချမှတ်ထားတဲ့မူဝါဒတွေသည်ပင်လျှင် ခေတ်စနစ်အခြေအနေအရ ပြောင်းလဲသွားတတ်တဲ့ သဘာဝရှိတတ်တဲ့အတွက် မူဝါဒတစ်ခု ချမှတ်တော့မယ်ဆိုရင် အကျိုးအပြစ်ကို ချိန်ဆတတ်ဖို့ လိုပါတယ်။ မိမိတို့နိုင်ငံရဲ့ သဘာဝက ပုဂ္ဂိုလ်ရေး အကဲဆတ်လွန်း တဲ့အတွက် Stakeholder တွေအနေနဲ့ ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ပိုဦးစားပေးဖို့လိုပါတယ်။ မိမိပြောလိုက် တဲ့စကားတစ်ခွန်း၊ မိမိချမှတ်လိုက်တဲ့ မူဝါဒတစ်ခုဟာ မိမိအတွက် ကောင်းပေမယ့် တိုင်းပြည်အတွက် ဘယ်လောက် ဆိုးရွားသွားမလဲဆိုတာ သတိချပ်သင့်ပါတယ်။
၁၉၈၈ အရေးအခင်းအပြီး တပ်မတော်အစိုးရ လက်ထက်မှာ တပ်မတော်အစိုးရကိုတိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးသမားတွေ ချမှတ်ထားခဲ့တဲ့ 'နင်တို့မှာလည်း သေနတ်နဲ့ ငါတို့မှာလည်း ပါးစပ်နဲ့'ဆိုတဲ့ မူဝါဒနဲ့ တပ်မတော်အစိုးရကို တိုက်ခဲ့တာ သူတို့အတွက် အကျိုးအများ ကြီးရပါတယ်။ သို့သော် တိုင်းပြည်နဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်တော့ ကြီးမားတဲ့ဆိုးကျိုးကို ရရှိစေခဲ့တာ စိတ်မကောင်းစရာလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပြောကလည်းကောင်း၊ စန်းကလည်းကြီးတော့ သူ့ကို လူတွေက ပိုချစ်သွားတာ သူနဲ့ သူ့ပါတီအတွက်ကောင်းပေမယ့် အမျိုးသားအကျိုးစီးပွားကို အမြဲဦးထိပ်ထားတဲ့ တပ်မတော်အတွက်ကတော့ အတော်ကို နာမည်ဆိုးစေခဲ့ တာ ဖြစ်ပါတယ်။ ဒါသည်ပင်လျှင်တိုင်းပြည်အတွက် ဆိုးကျိုးကို သက်ရောက်စေတာပဲ ဖြစ်ပါတယ်။
မူဝါဒတွေချမှတ်ရာမှာ တိုင်းပြည်အတွက် အမှန်တကယ် ဖြစ်သင့်တဲ့ မူဝါဒတွေကိုသာ ကောင်း ကျိုးဆိုးကျိုး၊ လိုက်နာနိုင်ခြင်း ရှိ မရှိ၊ မလိုက် နာပါက လိုက်နာအောင် ဘယ်လိုလုပ်မလဲ စသဖြင့် ထောင့်ပေါင်းစုံက အပြန်ပြန် အလှန်လှန် စဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် မှန်ကန်ပြီး ဖြစ်သင့်တဲ့ မူဝါဒတစ်ခုရှိပါတယ်။ နဝတခေတ်က စတင်ခဲ့တဲ့ 'ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမ ပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး'ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးပါ။ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူဝါဒသာလျှင် ဖြစ်ပါတယ်။ ဒါဟာ အမျိုးသား အကျိုးစီးပွားပါ။ လိုက်နာသင့်တဲ့၊ လိုက်နာအောင် ဆောင်ရွက်သင့်တဲ့ မူဝါဒဖြစ်ပေမယ့် တကယ့် လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်း ပြည်ပက နိုင်ငံရေးသမားတွေ၊ ဒေါ်လာစားသတင်းမီဒီယာတွေကပါ ဝိုင်းဝန်းတိုက်ခိုက် ခဲ့ကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်အစိုးရက ချမှတ်ထားခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ ကြာလာတာနဲ့အမျှ ပြည်သူတွေစိတ်ထဲမှာ ဒီဒို့တာဝန်အရေးသုံးပါးဟာ လိုက်နာဆောင်ရွက်သင့်တဲ့ တာဝန်အဖြစ် မမြင်ကြတော့ဘဲ နိုင်ငံရေးအရ ဝါဒဖြန့်မှုသက်သက်အဖြစ်သာ ရှုမြင်လာကြတော့တာကို စိတ်မကောင်းစွာ တွေ့ရမှာဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားအရ သူ့နိုင်ငံ သူ့သဘာဝနဲ့ သူ့အခြေအနေကိုလိုက်ပြီး မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ် ကျင့်သုံးရတာရှိပါတယ်။ အထူးသဖြင့် နိုင်ငံတော်အတွက် နိုင်ငံတော်အကြီးအကဲနဲ့ အာဏာသုံးရပ်ကို ကိုင်စွဲကျင့်သုံးရသူတွေဟာ ဘယ်လိုလူ မျိုးတွေ ဖြစ်သင့်တယ်ဆိုတာမျိုးဟာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတအရည်အချင်း၊ ဝန်ကြီးအရည်အချင်း၊ လွှတ် တော် ကိုယ်စားလှယ်အရည်အချင်း စသဖြင့် မိမိတို့နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး မူဝါဒအရ ထည့်သွင်းရေးဆွဲထားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားကြည့်ရင် မူဝါဒအရ တိုင်းပြည်အတွက် ဖြစ်သင့်လို့ ထည့်သွင်းထား ရတဲ့ ဥပဒေတစ်ခု ရှိတယ်။ ဒါကလည်း ၁၉၄၇ ခုနှစ်ကတည်းကစခဲ့တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရဆိုရင် ၅၉(စ)ပါ။ 'မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ် ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးသား၏ နိုင်ငံသားဖြစ် သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ'လို့ ဆိုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာ့ပြည်တွင်းရေးဟာ ကြေလွယ် ကွဲလွယ်တဲ့၊ ဆတ်ဆတ်ထိမခံတဲ့ နိုင်ငံရေးပါ။ နိုင်ငံရဲ့ မူဝါဒဆိုတာ အမျိုးသား အကျိုးစီးပွားအတွက်ပဲ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားအတွက် မကိုက်ညီရင်၊ အကျိုး မရှိရင် ပြန်ပြင်ရမှာ ဖြစ်ပါတယ်။ ၅၉ (စ) ဟာ မြန်မာ နိုင်ငံအတွက် အကျိုး ရှိ၊ မရှိ ချိန်ဆကြည့်ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေခံမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ချိန်ထိုးကြည့်ပါ။ နိုင်ငံတော်အခြေခံဥပဒေ အခြေခံမူ အခန်း ပုဒ်မ ၄ မှာ 'နိုင်ငံတော်၏ အချုပ်အခြာအာ ဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်'လို့ဆိုထားတဲ့အတွက် အာဏာသုံးရပ်မှာ နိုင်ငံခြား ပယောဂပါရင် အချုပ်အခြာအာဏာ ဟာ နိုင်ငံသားများထံမှ ဆင်းသက်တာ သက်သက်ဖြစ် နိုင်ပါတော့မလား။
အခြေခံဥပဒေ ပုဒ်မ ၄၁ မှာ 'နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံ ခြားရေးဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံ ရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည်}လို့ ပါရှိပါတယ်။ ဒီအခြေခံဥပဒေ မူဝါဒဟာ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ပထဝီနိုင် ငံရေးအားပြိုင်မှုတွေနဲ့ အင်အားကြီးနိုင်ငံတွေကြားမှာ မိမိတို့နိုင်ငံအနေနဲ့ ကြားမညပ်ရအောင်၊ မှန်ကန်တဲ့ဘက်က ရပ်တည်နိုင်အောင်၊ ဘက်မရှိဘဲ ဘယ်နိုင်ငံကိုမဆို အနှောင်အဖွဲ့ကင်းကင်း ဆက်ဆံနိုင်အောင်၊ ဘက်အမြင်နဲ့ သံသယဆိုးကျိုး မခံစားရအောင် ထည့်သွင်းရေးဆွဲထားတယ်လို့မြင်ပါတယ်။ ဒီမူဝါဒဟာ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကျမှ ပါလာတာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အရ ဖြစ်တည်လာခဲ့ တာပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံခြားရေးမူဝါဒအရဆိုရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့သူဟာ နိုင်ငံခြားပ ယောဂကင်းရှင်းနေဖို့ လိုကိုလိုပါတယ်။ ဒီမူဝါဒကျ လက်ခံပြီး ၅၉ (စ)ကို ငြင်းဆိုနေတာဟာ ဝိရောဓိပါ။ ဘယ်လိုပဲပြောပြော ကိုယ်ကျိုးအရသာ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဥပဒေမှာ >ခင်းချက် မရှိသင့်ပါ။ ဥပဒေနဲ့သာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ နိုင်ငံကိုချစ်ရာ ရောက်ပါလိမ့်မယ်။
၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်တာ မျှတတဲ့ နိုင်ငံသားအခွင့်အရေးပါ။ ၅၉(စ) ကလည်း သူ့အတွက် သက်သက်ရေးဆွဲခဲ့တာ ဟုတ်၊ မဟုတ် အထက်ပါ အခြေအနေတွေကိုကြည့်ရင် ရှင်းပါတယ်။ ဒါကို တပ်မတော်က သူ့ကို မဖြစ်စေချင်လို့ လုပ်ထားတယ်လို့ ဆိုနေကြတာဟာ တစ်ဖက် သတ်နိုင်ငံရေး ထိုးနှက်မှုပါ။ နိုင်ငံတော်နဲ့ အမျိုးသားလုံခြုံရေးအတွက် ဒီ့ထက်မကတဲ့ အခြေအနေတွေ လည်း ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၅၉ (စ) ဆိုတဲ့ မူဝါဒဟာ လက်ရှိအချိန် အထိကတော့ တိုင်းပြည်အတွက် မရှိမဖြစ်တဲ့ မူဝါဒတစ် ခုပဲဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ထိပ် တန်းနိုင်ငံအဖြစ် ရပ်တည်နိုင်ပြီဆိုရင်တော့ မပြောနိုင်ပါ။ အခုချိန်ခါမှာတော့ 'နိုး'ပါ။ ဒါဟာ အမျိုးသားနိုင်ငံရေးပါ။
ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် မြန်မာ့နိုင်ငံရေးမှာ တိုင်းတစ်ပါးသားနဲ့ ယူထားလို့ဝင်ရောက် စွက်ဖက်ခံရတာတွေ ရှိခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ စတင် ထိန်းသိမ်းထားတဲ့အချိန်မှာ အစပထမက ဗြိတိသျှအစိုးရက သူတို့နိုင်ငံသားကို နေအိမ်မှာ ဖမ်းဆီးထား တာ ပြန်လွှတ်ပေးပါဆိုပြီး ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ တပ်မတော်အစိုးရက မင်းတို့နိုင်ငံသားဆိုရင် နယ်နှင် ဒဏ်ပေးပြီး ပြန်လွှတ်ပေးမယ်။ တစ်ခါတည်းခေါ်သွား ပါဆိုတော့ သူတို့နိုင်ငံသား မဟုတ်သေးပါဘူး။ သူတို့ နိုင်ငံသားနဲ့ယူထားလို့ နိုင်ငံသားခံယူခွင့်ရှိသူပါ ဘာညာ လျှောချသွားပြီး တပ်မတော် အစိုးရလက်ထက် တစ်လျှောက်လုံး ဘက်အမြင်နဲ့ တစ်ဖက်သတ် နှိပ်ကွပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံခြားအစိုးရရဲ့ အကျိုးကျေးဇူးကို ခံစားရယူတာပဲ ဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့တာ ဒီမူဝါဒအရ ဖြစ်ပါတယ်။ ဘာမှ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေအတွက် မဟုတ်ဘူး။ ပထဝီနိုင်ငံရေးအရ China Containment Policyအရ သူတို့လူ သူတို့ မွေးခြင်းသက်သက်သာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် ထိန်းသိမ်းထားချိန်မှာ ပေးလိုက်တဲ့ ပါစင်နယ်အကူအညီတွေ အများကြီးပါ။ ဗြိတိသျှ သံအမတ်နေအိမ်သွားပြီး ပြည်ပကို ဖုံးဆက်သွယ်ခဲ့တာ အကြိမ်ကြိမ်ပါ။ ခင်ပွန်း ဖြစ်သူနဲ့ သားနှစ်ယောက် မြန်မာနိုင်ငံကိုလာပြီး အသွားအပြန် ပြည်ပနဲ့ ဆက်သွယ်ပေးခဲ့တာတွေဟာ တိုင်းတစ်ပါးသား အကျိုးကျေးဇူးကို ခံစားတာ မဟုတ်ဘူးလား။ အဲဒီအတွက် မြန်မာ့ပြည်တွင်းရေး အခြေအနေ ဘယ်လိုတွေ ဖြစ်ခဲ့ရလဲ။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားတဲ့ တပ်မတော်အပေါ် ပြည်သူတွေ ဘယ်လိုမြင်လာခဲ့ကြသလဲ။ ဒါဟာ ပြည်ပအကူအညီနဲ့ ပြည်တွင်းနိုင်ငံရေးကို မွှေသွားတာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပေးလိုက်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုဟာ သာမန်အားဖြင့်ကြည့်ရင် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေဖို့ အစပျိုးပေးခဲ့တဲ့ လက်နက် တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စရောက်ကတည်းက ဆူပူအောင်လှုံ့ဆော်ခဲ့သူ၊ အာဏာကို ဖြတ်လမ်း နည်းနဲ့ရအောင် အသုံးချခံရသူ၊ ဖခင်သေဆုံးတဲ့ အာဇာနည်နေ့ကိုပင် ဒုတိယ ရှစ်လေးလုံးဖြစ်အောင် လှုံ့ဆော်ခဲ့သူ၊ ပါတီရဲ့မူဝါဒကိုက 'အာဏာဟူသမျှ ဖီဆန်ကြ'ဆိုတဲ့ မူဝါဒချမှတ်ခဲ့တဲ့သူကို ဘာကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးရပါသလဲ။ သေသေချာချာ လေးလေးနက်နက်စဉ်း စားကြည့်ဖို့ လိုပါတယ်။ နောက်ပိုင်းကျမှ နိုင်ငံခြားက နိုင်ငံရေးပရောဟိတ်တွေရဲ့ အကြံဉာဏ်တွေအရ နိုင်ငံရေးပါး ဝလာတဲ့ အခါကျမှသာ အကြမ်းမဖက်တဲ့နည်းတွေ ဘာတွေပြောဆိုလာတာပဲ ဖြစ်ပါတယ်။
အခုလည်း သားဖြစ်သူ Kim Arrundal Aris ရဲ့ လှုပ်ရှားမှုတွေဟာ မြန်မာ့နိုင်ငံရေးမှာ အရှုပ်အထွေး အများကြီး ဖြစ်စေပါတယ်။ သူ့အမေအတွက် သူ့သားလုပ်ပေးနေတာတွေဟာ မိဘနဲ့သားသမီးကြားမှာ ဖြစ် သင့်တဲ့ကိစ္စလို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံခြားသားပါ။ မြန်မာ နိုင်ငံသား မဟုတ်ပါဘူး။ နိုင်ငံခြား သားတစ်ယောက်က အခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့် ရှိပါသလား။ သိပ်အော်ချင်ပြောချင်ရင် ဗြိတိန်နိုင်ငံသားအဖြစ်က စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားခံလိုက်ပါ။ ပေးမှာလား မမေးပါနဲ့။ မပေးသေးဘဲ မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားလိုက်ရင်ကိုပင် လက်ခံလို့ရပါတယ်။ တစ်ခုတော့ရှိတယ်။ မြန်မာနိုင်ငံဟာ Dual Citizen ကို လက်မခံပါ။ နိုင်ငံရေးခေါင်းဆောင်တစ်ဦးရဲ့သား ဖြစ်လျက်နဲ့ ဒီနိုင်ငံရဲ့ဥပဒေ၊ နိုင်ငံတကာဥပဒေတွေကို လေးစားသင့်ပါတယ်။ သူ့အမေရဲ့ အကျိုးကျေးဇူးကြောင့် ဒီနိုင်ငံရဲ့ အကျိုးကျေးဇူးကို သူဘယ်လောက်ခံစားပြီးပြီလဲ။ ကြားသိရတဲ့သတင်းအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့သား Kim ကို ဗြိတိန်မှာ အိမ်တစ်လုံးဝယ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဘယ် ကပိုက်ဆံနဲ့ ဘယ်လိုဝယ်ပေးခဲ့သလဲ။ တရားဝင်နိုင်ငံခြားငွေကြေး ကြေညာပြီး တရားဝင်နည်းလမ်းအရ ဝယ်ပေးခဲ့ရင် ကိစ္စမရှိပေမယ့် ဒီလိုမဟုတ်ရင် မြန်မာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ငွေကြေးမူဝါဒကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချိုးဖောက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်နဲ့ တိုင်းသူပြည်သား တွေအပေါ် သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။ ချစ်လို့ခွင့်လွှတ်စိတ်နဲ့ ကြည့်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ တစ်ပြေးညီဖြစ်ဖို့ စနစ်နဲ့ ဥပဒေကို လေးစားဖို့လိုပါတယ်။ ဒီလို အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် ၅၉ (စ)ဟာ တိုင်းပြည်အတွက် ဘယ်လောက်အရေးပါတဲ့ မူဝါဒလဲဆိုတာ ရှင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ ချမှတ်ထားတဲ့ မူဝါဒတစ်ခုရှိပါတယ်။ တပ်မတော်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်မရှိဘဲ နိုင်ငံရေးသမားအောက်မှာ ရှိရမယ်ဆိုတာပါ။ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါရဘူး ဆိုတာ လက်ခံပါတယ်။ သို့သော် အခြေအနေ အချိန်အခါအရ အကျိုးအပြစ်ကို ချိန်ဆရမှာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာဖြစ်ခဲ့တဲ့ တင်းမာမှုက ဒီပြဿနာပါ။ ဒေါ်အောင်ဆန်းစု ကြည်က သူ့ဝါဒကို အတင်းအကျပ် သွတ်သွင်းဖို့ ကြိုးစားတယ်။ တပ်မတော်က ဖြစ်တည်နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ လက်နက် ကိုင်လမ်းစဉ်ပပျောက်ရေး အခြေအနေတွေအရ တဖြည်းဖြည်းချင်း ဆုတ်ခွာလိုတဲ့ ဆန္ဒရှိတယ်။ ဘယ်ဟာက ဖြစ်သင့်သလဲ။ ဘယ်ဟာက ပိုအကျိုးရှိစေသလဲဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ချိန်ဆဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလမ်းဖွင့်ပေးခဲ့ပြီး အာဏာရရှိစေခဲ့တာ တပ်မ တော်ကပါ။ တပ်မတော်က အာဏာမက်ခဲ့ရင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာ ဒီလိုရေးဆွဲထားစရာ မလိုဘူး။ ထိုင်းလွှတ်တော်မှာ တပ်က ဘယ်လောက်ပါသလဲ။ ဘယ်လိုကိုင်တွယ်ထားသလဲ။ Move Foward ပါတီက မဲအပြတ်အသတ်နိုင်တာတောင် Pita အာဏာရခဲ့လို့လား။ ပါတီတောင်ဖျက်ခံရပြီး နိုင်ငံရေး မှာတောင် နိဋ္ဌိတံသွားတယ် မဟုတ်ဘူးလား။ အင်ဒို နီးရှားလွှတ်တော်မှာ တပ်က ဘယ်လောက်ပါခဲ့ပြီး ဘယ်လို တဖြည်းဖြည်းချင်း လျှော့သွားသလဲဆိုတာ လေ့လာကြည့်။ မြန်မာ့တပ်မတော်ရဲ့ စေတနာနဲ့ တန်ဖိုးကို တွေ့ရလိမ့်မယ်။ လမ်းဖွင့်ပေးလို့ အာဏာရလာတာနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး တပ်မတော်ကို ဖယ်ရှားလိုခဲ့တာက ဘယ်သူလဲ။ တိုင်းပြည်ကို ငါအုပ်ချုပ်မှ ဒီမိုကရေစီဆိုတဲ့ သဘောနဲ့ လက်ဝါးကြီး အုပ်လိုခဲ့တာ ဘယ်သူလဲ။ ဒီမူဝါဒအရ လုပ်ဆောင်ခဲ့တာတွေဟာ မြန်မာ့နိုင်ငံရေးကို ပိုမိုရှုပ်ထွေး တင်း မာစေခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကို ကြည့်ရင် တပ်မတော်ဖယ်ရှားရေးနဲ့ အာဏာအလုံးစုံချုပ် ကိုင်ရေးမူဝါဒကို ထင်ရှားစွာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူလူထု အားကိုယူပြီး ကိုယ်ဖြစ်ချင်တာကို ရှေ့ တန်းတင်ခဲ့ကြတာပါ။ ဒီအကျိုးဆက်အရ မြန်မာ့နိုင်ငံရေးမှာ ဆိုးကျိုးနှစ်ခု ဖြစ်စေခဲ့တာ တွေ့ရပါတယ်။ ပထမတစ်ချက်က လူငယ်လေးတွေ လမ်းမှားရောက်စေခဲ့တာ။ ဒုတိယတစ်ချက်က ငြိမ်းချမ်းရေးလမ်းစ ပေါ် လာနေရာမှ လက်နက်ကိုင်လမ်းစဉ် ပြန်လည်ဦးမတ်လာ စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအရှိတရားနဲ့ အမှန်တရားကို မြင်အောင်ကြည့်ပြီး လက်ခံပြောင်းလဲဖို့ လိုပါတယ်။ တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ့နိုင်ငံရေး ဆုံးရှုံးမှုအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပြန်လည် ကုစားပေးနေတယ်။ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဖို့ အစွမ်းကုန်ကြိုးစားပေးနေတယ်။ သို့သော် NLD လက်ဝေခံ NUG နဲ့ တချို့လက်နက်ကိုင်အဖွဲ့တွေက မူဝါဒအမှား တွေကို အသေဆက်ကိုင်ထားပြီး မိုက်တွင်း နက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ မယုံရင် ဒူဝါလရှီးလရဲ့ နွေဦးတော်လှန်ရေး လေးနှစ်မြောက် မိန့်ခွန်းကို နားထောင်ကြည့်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )