မေတ္တာအလင်းနှင့် ချစ်ခြင်းအမှောင်

၂၀၂၅ မတ် ၂၂

    သတ္တလောကရှိနေသမျှ ဘယ်တောမှ မရိုးနိုင်တဲ့ တစ်ခုတည်းသောအရာဟာ 'အချစ်' ဖြစ်မယ်လို့ထင်ပါတယ်။ သမိုင်းခေတ်တွေနဲ့ချီပြီး အချစ်ကဗျာတွေ ရေးခဲ့ကြ၊ အချစ်သီချင်းတွေ ဆိုခဲ့ကြ၊ အချစ်ရုပ်ရှင်တွေ ရိုက်ခဲ့ကြနဲ့ ရိုးအီသွားတယ်လို့ မရှိခဲ့ပါ။ သံသရာမဆုံးမချင်း အချစ်လည်း ဆုံးမယ်မ ထင်ပါ။ မဆုံးနိုင်တဲ့ အချစ်အကြောင်း ပြောကြရေးကြရာမှာ ဆရာနန္ဒာသိန်းဇံရဲ့'ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ' စာအုပ်လည်း ပါဝင်ပါတယ်။ ဒီစာအုပ်ကို ၂၀၀၄ ခုနှစ်က ပုံနှိပ်ထုတ် ဝေခဲ့တာဆိုတော့ စာအုပ်သက်တမ်းပင် နှစ်ပေါင်း ၂၀ ကျော်သွားခဲ့ပါပြီ။ ဒီစာအုပ်မှာ အချစ်နဲ့မေတ္တာကို ဆရာနန္ဒာသိန်းဇံက တစ်ကန့်စီ တစ်သန့်စီ ပြောသွားပါတယ်။
    ဂရိတွေးခေါ်ရှင် ဆော့ခရတ္တိရဲ့ အချစ်ဖွင့် ဆိုချက်တွေထဲက အပိုင်းအစတစ်ခုမှာ 'အချစ်ဆိုတာ ချစ်နှစ်သက်စရာ တစ်ခုခု၊ တစ်ဦးဦးကို အမှီပြုပြီးတော့သာ ဖြစ်နိုင်တာ၊ အချစ်ဟာ ချစ်နှစ်သက်စရာကို လိုချင် မက်မောတယ်။ ချစ်နှစ်သက်စရာကို ပိုင်ဆိုင်ချင်တယ်၊ ရချင်တယ်'တဲ့။ ဗုဒ္ဓဘာသာရဲ့ မေတ္တာသဘောကို ဆက်ပြောရာမှာ 'မေတ္တာဆိုတာ မေတ္တာထားသူနဲ့ ကင်းပြီးမရှိ နိုင်ပါဘူး။ ဒါပေမဲ့ မေတ္တာက မေတ္တာထားသူကို တပ်မက်မှု၊ ပိုင်ဆိုင်မှု၊ မေတ္တာထားသူဆီက တစ်ခုခုရလိုမှု ဘာမှမရှိဘူး'လို့ နှိုင်းယှဉ်ပြထားပါတယ်။ (စာ-၆၇)
    ပလေးတိုးရဲ့ Symposium မှာ ...'အချစ်ဆိုတာ ချစ်ခင် နှစ်သက်ဖွယ်ရာကို လိုချင်တပ်မက်မောတဲ့ သဘောရှိတယ်။ ဒီလို လိုချင်မက်မောတာဟာဖြင့် အချစ်မှာ လိုနေတာတွေ၊ ချို့တဲ့နေတာတွေ ရှိလို့ပါပဲတဲ့။ တကယ်လို့သာ အချစ်ဟာ ပြည့်စုံခြင်းသဘော ရှိတယ် ဆိုရင် လိုချင် မက်မောတာတွေ ဘယ်မှာ ဖြစ်ပါ့မလဲ။ တောင့်တောင့်တတတွေ ပိုင်ချင်ရချင်တာတွေ ဘယ်မှာရှိပါ့မလဲ'လို့ ဆိုပြန်ပါ တယ်။ (စာ-၇၃)
    ဒါကြောင့် ချစ်ခြင်းဆိုတာ 'အယူ'၊ မေတ္တာဆိုတာ 'အပေး'လို့ ဆိုခဲ့ပုံရပါတယ်။ ချစ်ခြင်းဆိုတာ ငါ့အတွက်ဆိုတဲ့ ကိုယ်ကျိုးမျှော်ဝါဒ (Consequentialism) ဖြစ်ပြီး မေတ္တာဆိုတာက သူ့အကျိုးအတွက်ပဲကြည့်တဲ့ ဝါဒ (Non-Consequentialism) ဖြစ်တယ်လို့ ဆိုရမယ် စသည် ဖြင့် ဖော်ပြခဲ့ရာ အချစ်နဲ့မေတ္တာဟာ ဘယ်လောက် ထိ ဝေးကွာတယ်ဆိုတာ သိတာ ထင်ရှားလှပါတယ်။
    'ဂေါတမ မြတ်စွာဘုရားဟာ သားတော်ရာဟုလာနဲ့ ဒေဝဒတ်ကို အညီအမျှ မေတ္တာထားနိုင်တော်မူတယ်တဲ့ဗျာ။ ကြည်ညိုလို့ မဆုံးပါဘူး။ ဒေဝဒတ်ဟာ ဂေါတမဗုဒ္ဓကို အခွင့်သာတိုင်း သတ်ဖို့ ကြိုးစားခဲ့သူ မဟုတ်ပါလား။ ကိုယ့်ကို သတ်တဲ့သူကိုတောင် သားတော်နဲ့ တစ်တန်းစားတည်း အညီအမျှ မေတ္တာထား နိုင်တယ်ဆိုတော့ ကျွန်တော်တို့ သာမန်လူတွေအတွက် သိပ်အံ့သြစရာ ကောင်းပြန်တယ်။' (စာ-၁၇၉)
    'မေတ္တာရဲ့ ထူးခြားချက်က ချစ်ဖွယ်၊ မုန်းဖွယ် မိတ်ဆွေရန်သူ အစရှိတဲ့ နှစ်သက်ဖွယ် အာရုံ၊ မနှစ်သက် ဖွယ်အာရုံတွေနဲ့ ထိတွေ့လာတဲ့အခါမှာ အဲဒီဆန့်ကျင်ဘက် အာရုံနှစ်ခုကို အညီအမျှထားပြီး ချစ်နိုင်တဲ့ စိတ်ကိုဆိုလိုတာပါပဲ။' (စာ-၁၇၂)
    ဆော့ခရတ္တိအလိုအရ မေတ္တာကနေ တစ်ဆင့် ပြီးတစ်ဆင့်တက်ပြီး ပွားများအားထုတ်နိုင်ရင် လူသတ္တဝါတွေအပေါ်မှာ အကောင်းအဆိုး၊ အချစ်အမုန်း၊ ဝမ်းနည်းဝမ်းသာတွေ မဖြစ်ဘဲ စိတ်ကို မယိမ်းမယိုင် ညီညီညွတ်ညွတ်ထားနိုင်တဲ့ ဥပေက္ခာစိတ်မျိုးအထိ ရနိုင်လို့ ညွှန်းဆိုလိုဟန် ရှိပါတယ်။ အချစ်မှာတော့ မေတ္တာနဲ့ဆန့် ကျင်ဘက်၊ အချစ်ကြီးလေ အမျက်ကြီးလေလို့ ဆိုတယ် မဟုတ်ပါလား။ မေတ္တာက အေးမြသလောက် အချစ်က ပူလွန်းလှပါတယ်။ အချစ်ကြောင့် ဆုံးရှုံးပျက်စီးရတဲ့ဘ၀တွေကို မြင်စေချင်လွန်းလို့ ရှိတ်စပီးယားရဲ့ 'သြသယ်လို' ပြဇာတ်နဲ့ သာဓက ဆောင်ထားပါတယ်။
    သြသယ်လိုဟာ စိတ်နေစိတ်ထား ကောင်းမွန်တဲ့ ယောက်ျားပီသသူ ဖြစ်ပါတယ်။ ဒါကြောင့် ဗင်းနစ်မြို့က လွှတ်တော်အမတ်ရဲ့ သမီးချောလေး ဒက်စ်ဒီမိုနာရဲ့ ချစ်သူအဖြစ် ရွေးချယ်ခံရပါတယ်။ တကယ်ဆို ဒက်စ်ဒီမိုနာကို လိုချင်သူတွေ အများကြီး၊ ဂုဏ်ရှိ ငွေပေါ ရုပ်ချောတဲ့ လူဖြူတွေကို ကျော်ပြီး လူမည်း သြသယ်လိုကို ရွေးရမလားဆိုပြီး ဒက်စ်ဒီမိုနာရဲ့ ဖခင်က မကျေနပ်၊ ဒါ့ကြောင့် တိတ်တဆိတ်သာ လက်ထပ်ထားရရှာတယ်။ လက်ထပ်ပြီး မကြာခင်မှာ ဗိုလ်ချုပ်သြသယ်လို စစ်ထွက်သွားရတယ်။ သူ့နေရာမှာ စီမံအုပ်ချုပ်ဖို့ သူနဲ့အလွန်ရင်း နှးတဲ့ ဗိုလ်လေး ကာဆီယိုကို ထားခဲ့တယ်။ သြသယ်လိုက ကာဆီယိုကို ဘယ်လောက်ထိ ယုံကြည်စိတ်ချသလဲဆိုရင် ဒက်စ်ဒီမိုနာကို လူပျိုလှည့်စဉ်က သူ့ကိုယ်စား ကာဆီယိုကို ပိုးပန်းစေခဲ့တဲ့ အထိပါပဲ။
    ကာဆီယိုမှာ 'အိုင်ဂို'လို့ခေါ်တဲ့ ရန်သူတစ်ဦး ရှိတယ်။ အိုင်ဂိုနဲ့ကာဆီယိုတို့က ရာထူးလုဘက်တွေ အိုင်ဂိုဟာ ကာဆီယိုကိုရော သြသယ်လိုတို့ ဇနီးမောင်နှံကိုရော ပျက်စီးရာ ပျက်စီးကြောင်းတွေ လုပ်ခဲ့တယ်။ အိုင်ဂို ရဲ့ မိန်းမကိုယ်တိုင်က သြသယ်လိုကို အထင်ကြီးလေးစားနေတာ အိုင်ဂိုအတွက် ခံပြင်းဖွယ် ဖြစ်တယ်။ အိုင်ဂိုဟာ ဒက်စ်ဒီမိုနာရဲ့ လက်ကိုင်ပဝါတစ်ထည်ကို ပုံတူ ချုပ်ချင်လို့ဆိုပြီး ငှားတယ်။ ငှားပြီးတော့ ကာဆီယိုလာမယ့်လမ်းမှာ ချထားတယ်။ ကာဆီယိုက ကောက်ယူပြီး သိမ်းထား လိုက်တယ်။ ဒါကို ဇာတ်လမ်းဆင်ပြီး ကာဆီယိုနဲ့ ဒက်စ်ဒီမိုနာ ယဉ်ပါးနေကြောင်း အိုင်ဂိုကသြ သယ်လိုကို ကုန်းချောတယ်။ နည်းအမျိုးမျိုးနဲ့ ကုန်းချောတော့ နောက်ဆုံးမှာ သြသယ်လိုက အိုင်ဂို ပြောတာတွေကို ယုံသွားတယ်။
    တစ်နေ့မှာ သြသယ်လိုက ခေါင်းကိုက်ချင် ယောင်ဆောင်ပြီး ဒက်စ်ဒီမိုနာနဲ့လက်ထပ်တုန်းက ဒက်စ် ဒီမိုနာကို ပေးထားတဲ့ လက်ကိုင်ပဝါယူခဲ့ဖို့ တောင်းတယ်။ ဒက်စ်ဒီမိုနာခမျာ မပေးနိုင်ရှာဘဲ ကာဆီယိုနဲ့ ချစ်ကြိုးသွယ်နေတယ်လို့ အထင်မှားခံရတယ်။ သြသယ်လိုဟာ သူအင်မတန် ချစ်လွန်းတဲ့ ဇနီးကို သူတစ်ပါးလက်ရောက်သွားမှာကို လုံးဝမလိုလားဘူး။ ဒက်စ်ဒီမိုနာခမျာမှာလည်း သြသယ်လိုရဲ့ သံသယတွေကို ဘယ်လိုမှ ဖြေရှင်းမပေးနိုင်ဘူး ဖြစ်နေတယ်။ အလွန်လှပတဲ့သူ့ဇနီးကို သူ့တပည့်  ဗိုလ်လေးကာဆီယိုရဲ့ ရင်ခွင်ထဲရောက်မယ့်အရေး တွေးပြီး သြသယ်လိုမှာ ပြင်းထန်တဲ့ ခံစားမှုတွေ ဖြစ်နေတယ်။ ဒါနဲ့ ဒက်စ်ဒီမိုနာ အိပ်ပျော်နေစဉ် စောင်တစ်ထည်နဲ့အုပ်ပြီး ဓားနဲ့တစ်ချက်တည်း ထိုးသတ်လိုက်တယ်။
    အဲဒီအချိန်မှာ ဒဏ်ရာတွေရနေတဲ့ ကာဆီယိုကို ယူလာကြတယ်။ ဖြစ်ပုံက အိုင်ဂိုဟာ သူ့တပည့်တစ်ဦးနဲ့ ကာဆီယိုကို သတ်ခိုင်းတယ်။ ကာဆီယိုက ခုခံပြီး ပြန်တိုက်တော့ အိုင်ဂိုရဲ့ အကြံအစည်တွေပျက်ကုန်တယ်။ ကာဆီယိုဟာ ခုခံရင်း ဒဏ်ရာတွေရလာတာ၊ အိုင်ဂိုဟာ သူ့လုပ်ကြံမှုပေါ် ကုန်မှာစိုးလို့ သူ့တပည့်ကိုလည်း နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်လိုက်တယ်။ အဲဒီ သေသူရဲ့အိတ်ထဲမှာ စာတစ်စောင်ကို အာဏာပိုင်တွေ တွေ့တယ်။ ဒီစာကြောင့် ကာဆီယိုမှာ အပြစ်မရှိကြောင်း ပေါ်လွင်သွားတယ်။ ဒီအကြောင်းတွေကို သြသယ်လို ကြားသိရတဲ့အခါ အလွန် ပြင်းထန်စွာ ခံစားရတယ်။ လောကမှာ မနေသင့်တော့ဘူး။ သြသယ်လိုဟာ သူ့ဇနီးကို သတ်ခဲ့တဲ့ဓားနဲ့ပဲ သူ့ကိုယ်သူ ထိုးစိုက်ပြီး သတ်သေလိုက်တယ်။ ရှေ့တန်းမှာ ရန်သူပေါင်းများစွာကို အနိုင်တိုက်နိုင်ခဲ့တဲ့ သြသယ်လိုဟာ သူ့စိတ်သူ မနိုင်ဘူး။ အချစ်ကြောင့် သူ့ဘဝဟာ မှောင်အတိကျသွားခဲ့ပြီ။
    ရှိတ်စပိတ်ယားရဲ့ သြသယ်လိုနဲ့ ပြောင်းပြန် ပြင်းထန်တဲ့ ကာမရာဂဖောက်ပြန်ခြင်းကို ခွင့်လွှတ်ခြင်းနဲ့ အဆုံးသတ်ပေးထားတဲ့ မေတ္တာဇာတ်လမ်းတစ်ပုဒ်ကို ၂၀၀၄ စက်တင်ဘာထုတ် အရှင်ဆန္ဒာဓိက ရဲ့ 'မချစ်တတ် မမုန်းတတ်ခဲ့သူ' စာအုပ်မှာ ဖတ်မှတ်ခဲ့ရပါတယ်။
    ဗာရာဏသီက ဘုရင်ကြီးတစ်ပါးမှာ မိဖုရားပေါင်း တစ်သောင်းခြောက်ထောင် ရှိပါတယ်။ ဒါပေမဲ့ မိဖုရားကြီးက သူကလွဲပြီး ဘယ်သူနဲ့မှ ကာမဂုဏ်မခံစားရဘူးလို့ ဘုရင်ကြီးကို တောင်းဆိုတယ်။ ဘုရင်ကြီးက မဖြစ်နိုင်ဘူးလို့ ငြင်းပေမယ့် မိဖုရားကြီးကအတင်းတောင်း ဆိုတော့ ဘုရင်ကြီးက ကတိပေးလိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ဘုရင်ကြီး စစ်ထွက်သွားရတယ်။ မိဖုရားကြီးက ဘုရင်ကြီးကိုချစ်လွန်းတော့ စစ်မြေပြင်ထိ သူလိုက်ခဲ့မယ်လို့ တောင်းဆိုပြန်ပါရော။ ဒါလည်း မဖြစ်နိုင်တော့ လိမ်လိမ်မာမာနေရစ်ပါလို့ ဘုရင်ကြီးက မှာခဲ့တယ်။
    ဒီလိုနဲ့ စစ်ထွက်ခဲ့ရာ တစ်ယူဇနာရောက်တိုင်း မင်းချင်းတစ်ယောက်ကျ စေလွှတ်ပြီး ဘုရင်ကြီးကျန်းမာ ချမ်းသာကြောင်း မိဖုရားကြီးဆီ သတင်းပို့ရတယ်။ ဒါလည်း မိဖုရားကြီးရဲ့ တောင်းဆိုချက်အရ စီစဉ်ရတာပါပဲ။ နောက်တန်းက နန်းတော်မှာ မိဖုရားကြီး အဆင်ပြေမပြေကိုလည်း အဲဒီမင်းချင်းက ဘုရင်ကြီးဆီ သတင်းပို့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ မိဖုရားကြီးက မင်းချင်းကို 'ကဲ အဆင်ပြေတာကိုပဲ မြင်ချင်တယ်ဆိုရင် အိပ်ရာပေါ်တက်'ဆိုပြီး အဲဒီမင်းချင်းယောက်ျားနဲ့ ဖောက်ပြန်တယ်။ မင်းချင်းယောက်ျားခမျာလည်း မိဖုရားကြီး အမိန့်ဆိုတော့ လိုက်နာရတာပေါ့။ နောက်တစ်ခါ ယူဇနာ ရောက်ပြန်တော့ နောက်မင်းချင်းတစ်ယောက်ကို လွှတ်၊ အဲဒီနောက် တစ်ယောက်နဲ့လည်း မိဖုရားကြီးက ဖောက်ပြန်၊ နောက်ထပ် ရောက်လာသမျှ မင်းချင်းယောက်ျားတိုင်းနဲ့လည်း ဒီအတိုင်းပဲ ဖောက်ပြန်လိုက်တာပေါ့။ သုံးဆယ့် နှစ်ယူဇနာလည်း ရောက်ရော မင်းချင်း ၃၂ ယောက်နဲ့ ဖောက်ပြန်ပြီးသား ဖြစ်သွားတယ်။ နန်းတော်နဲ့ စစ်မြေ ပြင်ကလည်း ၃၂ ယူဇနာ ဝေးတာကို။
    ရှင်ဘုရင်ကြီး စစ်အောင်လို့ ပြန်လာရာမှာ တစ်ယူဇနာမှာ တစ်ခါနားဆိုတော့ တစ်ယူဇနာရောက်တိုင်းတစ်ယောက် လွှတ်ရပြန်တယ်။ အဲဒီတစ်ယောက်နဲ့လည်း မိဖုရားကြီး အဆင်ပြေသွားပြန်၊ အဆင်ပြေတာမှ အသွား ၃၂ ယောက်၊ အပြန် ၃၂ ယောက်ဆိုတော့ ၆၄ ယောက်ကြီးများတောင်ပါပဲ။ ဘုရင်ကြီးကဖြင့် ချစ်လိုက်ရတာ။ အခြားမိဖုရားတွေနဲ့တောင် မပျော်ပါးဘဲ မိဖုရားကြီးကိုပဲ အခွင့်အရေး ပေးခဲ့ပါတယ်။ မိဖုရားကြီးကဖြင့် ဘုရင်ကြီးကွယ်ရာမှာ မင်းချင်း ၆၄ ယောက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်လို့။ ၆၄ ယောက်လည်းပြန်ရော၊ ရှင်ဘုရင်ကြီးလည်း သူ့တိုင်းပြည်ရဲ့ မြို့တံခါးနားပြန်ရောက် လာပါရောလား။ (စာ-၁၁၇၊ စာ-၁၁၈ - ရှု)
    ဆရာတော် အရှင်ဆန္ဒာဓိကက ဘုရင်ကြီးရဲ့ သနားစဖွယ် အခြေအနေကို ဒီလိုဖော်ပြထားပါတယ်။
    'မြို့ထဲကို တန်းမဝင်သေးဘူး၊ မြို့ပြင်မှာအောင် နန်းကြီးဆောက်လိုက်သေးတယ်တဲ့။ မြို့တော်တွင်း သန့်ရှင်းလှပခမ်းနားဖို့အတွက် ဘုရားလောင်း ပုရောဟိတ်ကို တာဝန်ပေးတယ်။ ပုရောဟိတ် (ပညာရှိ) လည်း မိဖုရားကြီးနဲ့ တွေ့ပါလေရော။ 'နန်းတော်ကြီး ပိုကျက်သရေရှိချင်ရင် အိပ်ရာပေါ်တက်'ဆို ပြီးတော့ အတင်းကို ခေါ်တော့တာပေါ့လို့ ဖော်ပြထားပါတယ်။ သို့သော် ပုရောဟိတ်က ဒါဟာ အကုသိုလ်ဖြစ်ကြောင်း တရားဟောပြီး ပြန်ထွက်လာတယ်။ မိဖုရားကြီး မကျေနပ်တော့ အင်္ကျီအဝတ်တွေ ဆုတ်ဖြဲပစ်၊ သူ့ကိုယ်သူ ကုတ်ခြစ်နဲ့ အိပ်ရာထဲ ဝင်နေတယ်။ ဘုရင်ကြီး ရောက်လာရင် နေမကောင်းဘူးပြောလို့ အခိုင်းအစေတွေကို မှာထားတယ်။ နောက်ဆုံး ဘုရင်ကြီးနဲ့ နှစ်ကိုယ်ချင်း တွေ့ဆုံချိန်မှာ ပုရောဟိတ်က သူ့ကို မတော်မတရား ကျင့်ကြံသွားတယ်လို့ လုပ်ကြံပြောဆို ကုန်းချောပါလေရော။
    ဘုရင်ကြီးဟာ စဉ်းစားခြင်း၊ စုံစမ်းခြင်း မပြုတော့ဘဲ မိဖုရားကြီး အလိုကျ ပုရောဟိတ်ကို သတ်စေလို့ အမိန့်ပေးလိုက်တယ်။ ပုရောဟိတ်က သူ့ကို မသတ်မီ ရွှေအိုးတွေ မြှုပ်နှံထားတဲ့နေရာ ဘုရင်ကြီးကို ပြလိုကြောင်း ပြောတာနဲ့ အာဏာပါးကွက်သားတွေက ဘုရင်ကြီးဆီ ခေါ်လာကြတယ်။ ဘုရင်ကြီးကို အကြောင်းအကျိုး လိပ်ပတ်လည်အောင် တင်ပြတယ်။ မိဖုရားကြီး ဖောက်ပြန်ခဲ့ပုံတွေကို မင်းချင်း ၆၄ ယောက်နဲ့သက်သေထူတင်ပြတယ်။ ဘုရင်ကြီး စုံစမ်းစစ်ဆေးတဲ့အခါ ဟုတ်မှန်ကြောင်း အဖြေပေါ်လာပါရော။ ဒါနဲ့ မိဖုရားကြီးနဲ့မင်းချင်း ၆၄ ယောက်ကို သတ်စေ အမိန့်ထုတ်ပြန်တယ်။ အဲဒီမှာ ဘုရားလောင်း ပုရောဟိတ်က ...'မိဖုရားကြီးမှာလည်း အပြစ်မရှိပါဘူး။ ကာမဂုဏ်မေထုန်မှုနဲ့ ပတ်သက်လာရင် ရောင့်ရဲတင်းတိမ်ခြင်း မရှိတာဟာ မိန်းမတွေရဲ့သဘာဝပါ။ မင်းချင်း ၆၄ ယောက်ကလည်း မိဖုရားကြီးအမိန့် မလွန်ဆန်နိုင်လို့ မှားတာ။ ပြီးတော့ ကာမပိုင်ရှိသူကို ကာမလွန်ကျူးတာ အပြစ်ကြီးမှန်း မသိလို့မှားတာ။ ဒါ့ကြောင့် အားလုံးကို အသက်ချမ်းသာပေးပါ'လို့ တောင်းဆိုလေရာ ဘုရင်ကြီးလည်း အားလုံးကို ခွင့်လွှတ်ကြေအေးချမ်းသာ ပေးခဲ့ပါတယ်။
    ရှိတ်စပီးယားရဲ့ သြသယ်လိုနဲ့ ဘယ်လောက်ကွာသလဲ၊ ချစ်သူ ဒက်စ်ဒီမိုနာဟာ မဖောက်ပြန်ပါဘဲ အထင်လွဲပြီး အသတ်ခံခဲ့ရ၊ သြသယ်လို ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနဲ့ အချစ်ရဲ့သားကောင်၊ အမှောင်ရဲ့ ဖုံးလွှမ်းခြင်းခံရကာ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ကြတယ်။ သြသယ်လိုဟာ အချစ်ဆိုတဲ့ အမိုက်မှောင်ကြီးမှာ ကျဆုံးခဲ့ရသလို ဘုရင်ကြီး၊ မိဖုရားကြီးနဲ့ မင်းချင်း ၆၄ ယောက်တို့ ကတော့ ခွင့်လွှတ်ခြင်းဆိုတဲ့ မေတ္တာအလင်းထဲမှာ ရှင်သန်ခြင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
    ဆရာနန္ဒာသိန်းဇံက ...'သန့်စင်တဲ့ မေတ္တာဆိုတာ ဖြစ်လာဖို့ကိုလည်း ဖန်တီးယူဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ အညီအမျှ ထားနိုင်တဲ့အဖြစ်ကို ရဖို့ရောက်ဖို့ ကြိုးစားနေတယ်ဆိုရင်ပဲ မိမိရော သူတစ်ပါးပါ အကျိုးများစေမှာကတော့ သေချာပါတယ်'လို့ ဆိုထားပါတယ်။

(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 152

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43067

© 2022 - 2025 News. All Rights Reserved.