၂၀၂၅ ၊ ဇွန် ၂၀
စိတ်ကူးထပြီး ရူးတာက ကိုယ်ကိုယ်တိုင်အတွက်က ပြဿနာမရှိဘူး။ နိုင်ငံအတွက်ဆိုရင်တော့ ပြဿနာရှိတယ်။ အထူးသဖြင့် နိုင်ငံရေးမှာ ဦးဆောင်နေသူတွေအနေနဲ့ စိတ်ကူးထပြီး ရူးလို့မရပါဘူး။ နောက်တစ်ခါ လူပြိန်းနည်းနဲ့ မစည်းရုံးဖို့ပါဘဲ။ မလုပ်ခင်မှာ ဖြစ်လာနိုင်တာတွေ၊ အကျိုးအပြစ်တွေ ချိန်ဆပြီးမှ လုပ်သင့်တာပဲ ဖြစ်ပါတယ်။ မိမိအကျိုးရှိမယ်၊ မိမိအဖွဲ့အစည်း အကျိုးရှိမယ်၊ သို့သော် တိုင်းပြည်အတွက် အကျိုးယုတ်မယ်ဆိုရင်တော့ မလုပ်သင့်ဘူးဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်သင့်တဲ့ ကျင့်ဝတ်တစ်ခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ တိုင်းပြည်အကျိုးကို လုပ်နေသူလို့ သတ်မှတ်ရင် သတိထားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ လူပြိန်းကြိုက်နည်းနဲ့ စည်းရုံးဆောင်ရွက်နေသမျှ ကိုယ်တိုင်လည်း တိုင်းပြည်အတွက် လူပြိန်းဖြစ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခု၊ အသိုင်းအဝိုင်းတစ်ခုကို ကိုယ့်လိုဘနဲ့ဖျက်ဆီးဖို့ ကြိုးစားတာကတော့ အတော်ကို ယုတ်မာတဲ့ လုပ်ရပ်အဖြစ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ မညီမညွတ်ဖြစ်နေတဲ့ တိုင်းပြည်၊ လူမျိုးရေး၊ လူမှုရေး၊ ဝါဒရေး စသဖြင့် ကွဲနေတာကို ဝန်ထမ်းအသိုင်းအဝိုင်းကိုပါ ကွဲအောင် ထပ်လုပ်တာကတော့ အတော်ကိုဆိုးတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို အဓိကလိုက်နာဖို့သာ လိုပါလိမ့်မယ်။ နိုင်ငံရေး အရောင်အသွေးပေါ်လိုက်ပြီး ဆောင်ရွက်တဲ့ လုပ်ရပ်တွေကတော့ ဘယ်လိုမှ အားပေး လို့မရတဲ့ လုပ် ရပ်လို့ပဲ သတ်မှတ်ပါတယ်။
ဝန်ထမ်းတွေ CDM လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာရော ရှိရဲ့လား။ ဘယ်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့ဖူးသလဲ။ အကျိုးဆက်က ဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို လေ့လာကြည့်ပါတယ်။ CDM လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး လေ့လာကြည့်ရာ ကမ္ဘာ့အရေးအခင်းတွေမှာ CDM (Civil Disobedience Movement) လုပ်ဖို့ လှုံ့ဆော်ဆောင်ရွက်ခဲ့တာမျိုး သက်သက်မရှိဘဲ နိုင်ငံရေးမှာ ဝန်ထမ်းတွေ ပါဝင်ခဲ့တဲ့ နိုင်ငံနဲ့ အရေးအခင်းတွေတော့ ရှိပါတယ်။ ၁၉၇၉ ခုနှစ် အီရန် Revolution ၊ ၂၀၁၁ ခုနှစ် အီဂျစ် Arab Spring နှင့် ၂၀၁၀-၂၀၁၁ တူနီးရှား အရေးအခင်းများပဲ ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ် အီရန် Revolution ဆိုတာက အီရန်နိုင်ငံရဲ့ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအတွက် အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ ဘုရင်စနစ်ချုပ်ငြိမ်းပြီး အစ္စလာမ္မစ်သမ္မတ နိုင်ငံထူထောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အီရန်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ Mohammad Reza Shah Pahlavi (မြန်မာအခေါ်ရှားဘုရင်)က အနောက်တိုင်းအကူအညီနဲ့ modernization( Westernization) လုပ်လာခဲ့တဲ့အပေါ် Ayatollah Ruhollah Khomeini ဦးဆောင်ပြီး ရှားဘုရင်ကိုဖြုတ်ချကာ အစ္စလာမ္မစ် သမ္မတနိုင်ငံ ထူထောင်ခဲ့တာ ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ပြည်သူတွေအပေါ် Sharia ဥပဒေချမှတ် အသက်သွင်းစေခဲ့တာပဲ ဖြစ်ပါတယ်။
အီဂျစ်မှာဖြစ်ပွားတဲ့ အာရပ်နွေဦးတော်လှန်ရေးဆိုတာ အာဏာရှင် မူဘာရက်ကို ဖြုတ်ချပြီး စနစ်တစ်ခု ပြောင်းလဲစေခဲ့တာပဲ ဖြစ်ပါတယ်။ တူနီးရှားက လည်း အလားတူ အာရပ်နွေဦးတော်လှန်ရေးပါပဲ။ အာဏာရှင် ဘင်အလီကို ဖြုတ်ချခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ လက်နက်ကိုင်လမ်းစဉ် မဟုတ်ဘဲ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ကြပါတယ်။ အဲဒီတော်လှန်ရေးတွေမှာ နိုင်ငံ့ဝန်ထမ်းတွေက သွားရောက် ပူးပေါင်းခဲ့ကြတဲ့အတွက် နေရာစုံက ရုံးလုပ်ငန်းယန္တရားတွေ ရပ်တန့်ခဲ့ပြီး အုပ်ချုပ်သူအစိုးရတွေအနေနဲ့ အခက်အခဲဖြစ်စေပြီး ယန္တရားပြိုလဲတဲ့အထိဖြစ်စေခဲ့ တာပဲ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်မျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကိုယ်တိုင်ပင် သပိတ်စခန်း ဖွင့်ကြတာ၊ ရှစ်လေးလုံးနေ့ ဆန္ဒပြပွဲမှာ နိုင်ငံ့ဝန်ထမ်း တွေကိုယ်တိုင် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရေး အခင်းမှာ မပါလိုတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ရုံးတက်လို့ မရတဲ့အထိ ဖြစ်လာခဲ့တဲ့အတွက် လမ်း စဉ်ပါတီအစိုရရဲ့ ယန္တရားဟာ ရပ်တန့်သလောက်ထိ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအတွက် တပ်မတော်ကို နိုင်ငံတော်အာဏာ လွှဲပေးရတဲ့အထိ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ စစ်အစိုးရ တက်လာပြီးတဲ့အခါမှာ ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေဖို့ ပြန်လည်အမှုထမ်းရမယ့် ရက်သတ်မှတ်ပေးခဲ့ပြီး တချို့ဝန်ထမ်းတွေကိုတော့ ဌာနဆိုင်ရာ စစ်ဆေးအရေးယူမှု ပြုလုပ်ထုတ်ပယ်ခဲ့တာ တွေ့ရပါတယ်။ အရေးအခင်းအပြီး စစ်အစိုးရကို ဆက်လက်ဆန့်ကျင်နေကြတဲ့ ဝန်ထမ်းတွေကို အရေးယူခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်အထိ ဝန်ထမ်း ၃၀၀၀ ကျော် အရေးယူ ထုတ်ပယ်ခံခဲ့ရတာ တွေ့ရပါတယ်။
ဝန်ထမ်းရေးရာကိစ္စကို စစ်အစိုးရကကိုင်တွယ် ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေအပါအဝင် အားလုံးက စစ်အစိုးရနဲ့ တပ်မတော်ကို ဆန့်ကျင်လာအောင် 'အာဏာဟူသမျှ ဖီဆန်ကြ'ဆိုတဲ့ အယူအဆနဲ့ ဆောင်ပုဒ်ကို စတင် အသက်သွင်းပေးခဲ့တာက NLD ပဲ ဖြစ်ပါတယ်။ ၁၉၈၈ မှာ ပြန်ရောက်လာပြီး နိုင်ငံရေးပါး မဝသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီအယူအဆ သွတ်သွင်းပေးခဲ့ကြသူတွေက NLD ဖွဲ့စည်းရာမှာ သူမရဲ့တတ်သိပညာရှင်များ အစုအဖွဲ့ကနေ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးသမားတွေပဲဖြစ်ပါတယ်။ မောင်သော်ကက ဆာဒေးဗစ်သော် ရိုးရဲ့စကားကို ဖတ်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့က ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဦးဝင်းတင်၊ မောင်စူးစမ်း၊ မောင်ဝံသ၊ မောင်ကိုယု၊ မောင်မိုးသူ၊ ဒေါ် မြင့်မြင့်ခင်နဲ့ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)တို့က 'အများသဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ'ဆိုပြီး မြန်မာမှုပြုခဲ့တာပဲ ဖြစ်ပါတယ်။ အတိုကောက်ကအထက်မှာ ဆိုခဲ့တဲ့အ တိုင်းပဲ ဖြစ်ပါတယ်။ အဲဒီသူတွေက ကွန်မြူနစ်တွေနဲ့ ကွန်မြူနစ်လိုလားသူတွေပဲ ဖြစ်ကြပါတယ်။
ဝန်ထမ်းတွေဆိုတာ များသောအားဖြင့် ပညာတတ်တွေ များပါတယ်။ အတွေးအခေါ် အယူအဆ အမျိုးမျိုးလည်း ရှိတတ်ကြပါတယ်။ လူပုဂ္ဂိုလ်အပေါ် ချစ်ခြင်းမုန်းခြင်း၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲဆိုတာက လည်း ဖြစ်တတ်တဲ့သဘာဝတစ်ခုပါ။ ကြိုက်ခြင်း မကြိုက်ခြင်း၊ ထောက်ခံခြင်း မထောက်ခံခြင်းဆိုတာတွေက ပညာတတ်တာ မတတ်တာနဲ့မဆိုင်ဘဲ ကိုယ်ကျင်လည် ကြုံတွေ့ရတဲ့ အခြေအနေ၊ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအရ ဖြစ်တတ်တဲ့အတွက် အပြစ်ပြောလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဝန်ထမ်းတွေထဲမှာ စစ်အစိုးရနဲ့ တပ်မတော်ကို အကြောင်းအမျိုးမျိုးကြောင့် မုန်းတီးတဲ့သူတွေ၊ အမြင်မကြည်လင်တဲ့ သူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း တပ်မတော်ကို သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် ဆိုတဲ့စိတ်မျိုးနဲ့ ဝန်ထမ်းဘဝကို တန်ဖိုးထားကြသူတွေလည်း ရှိကြပါတယ်။ သိပ်မဆန်းတဲ့ သဘာ၀ တစ်ခုပါ။ သို့သော် ဒီသဘာဝအခြေအနေကိုသိပြီး ကိုယ်လိုချင်တဲ့ အခြေအနေတစ်ခုရောက်အောင် အသုံးချတာကတော့ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ဝန်ထမ်းတွေ CDM လုပ် ဆောင်ခဲ့ကြတာနဲ့ပတ်သက်တဲ့ အခြေအနေကိုပြန်ကြည့်ရင် CDM လုပ်တာနဲ့ စစ်အာဏာသိမ်းမှု အမြန်ဆုံး အဆုံးသတ်သွားမယ်ဆိုတဲ့ လှုံ့ဆော်မှုက အဓိကဖြစ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ဘဝကို မစာနာဘဲ ကိုယ်လိုချင်တာရဖို့ ချနင်း ခဲ့တာပဲ ဖြစ်ပါတယ်။ ခုချိန်ထိလည်း လုပ်နေကြတုန်းပဲလို့ဆိုတာ တွေ့နေရပါတယ်။ ဝန်ထမ်းတွေတင် မကဘဲ ပြည်သူလူထုကြားမှာပင် လှုံ့ဆော်မှုတွေ များပြားခဲ့တဲ့အတွက် ပြဿနာဟာ လိုအပ်တာထက် ပိုကြီးသွားခဲ့ရတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ကြရတာလို့ ဆိုချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ချစ်ခင်ကြတာက ပြဿနာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း ဘယ်သူ့ကိုမှ ဖမ်းဆီးအရေးယူတာ၊ စော်ကားမော်ကား ပြောတာတွေလည်း မရှိပါဘူး။ ပြည်သူတွေရဲ့ ဒီအခြေခံချစ်စိတ်ကို အသုံးချပြီး တစ်ဖက်ကို တစ်ဖက်စောင်းနင်း ပုံချလှုံ့ဆော်တာက တိုင်းပြည်ပျက်ကိန်းကို ဆိုက်ရောက်စေခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းကောင်းတွေ၊ ဆရာဝန်ပညာတတ် သမားတော်ကြီးတွေ တိုင်းပြည်အတွက် နစ်နာ ဆုံးရှုံးခဲ့ရတယ်ဆိုတာ မျက်မြင်ပဲ မဟုတ်ပါလား။ ကိုယ်တိုင်လည်း ဘဝပျက်တဲ့ အခြေအနေ မျိုးထိ ဒုက္ခရောက်နေကြတဲ့ ဝန်ထမ်းတွေလည်း အများကြီးပါ။ ဒီဝန်ထမ်းတွေကို အခုချိန်မှာ မေးကြည့်ပါ။ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်လို့ ဒီလိုဖြစ်တာလား၊ မလိုအပ်ဘဲနဲ့ မလုပ်သင့်တဲ့ CDM လုပ်မိလို့ ဒီလိုဖြစ်နေရ တာလားဆိုတာကို မခြွင်းမချန် ရင်ထဲမှာဖြေမယ့် 'မလို အပ်ဘဲ CDM လုပ်မိတာ မှားပါတယ်'ဆိုတဲ့အဖြေက ထက်ဝက်မကဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ ပြန်လို့ကလည်းမရ၊ CDM လုပ်တာ မှားပါတယ်လို့ ဝန်ခံပြီးပြန်သွားခဲ့လို့ အကယ်၍များ သူတို့ပြောသလို နိုင်သွားရင် မိအေးနှစ်ခါနာဖြစ်မှာစိုးလို့ CDM ကို ထောက်ခံတယ်ဆိုပြီး ကြိတ်မှိတ်နေနေရသူတွေ၊ ပေါက်တဲ့နဖူး မထူးဘူးဆိုပြီး ကြိတ်မှိတ်ခံစားနေရသူတွေက ပိုများနေတယ်ဆိုတာ လက်တွေ့ ကွင်း ဆင်းကြည့်ရင် တွေ့ရပါလိမ့်မယ်။
ဒီအခြေအနေကို ပြန်လည်ကုစားမယ့်အစား Non CDM ဝန်ထမ်းတွေကို CDM ထပ်လုပ်ဖို့ ခြိမ်းခြောက်တာကတော့ အတော်စိတ်မကောင်းစရာပါ။ CRPHက ထုတ်ပြန်တဲ့ 'အကြမ်းဖက် အာဏာဖီဆန် ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေ'ကို ခြုံငုံဖတ်ကြည့်ရင် အဲဒီအဓိပ္ပာယ်ဆောင်နေတာကို တွေ့ရပါလိမ့်မယ်။ CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် ရေးထားတာတွေက မစားရဝခမန်းပါ။ CDM ဝန်ထမ်းကို မူလအလုပ် အကိုင်တွင် ဆက်လက်တာဝန်ထမ်းဆောင်စေပြီး တစ်ဆင့်မြင့်ရာထူး ခန့်အပ်တာဝန်ပေးခြင်း၊ ထုတ်ယူခြင်းမရှိသော လစာများ၊ စရိတ်များ၊ ချီမြှင့်ငွေများနှင့် အခြားခံစားခွင့်များကို ပြန်ပေးအပ်ခြင်းဆိုတာတွေက အတော်သည်းခြေကြိုက်မယ့်အချက်ပါ။ ဘယ်တော့ပြန် ပေးမယ်ဆိုတာ တော့ မပါပါဘူး။ CDM ဝန်ထမ်းတွေအတွက် အလံတွေ၊ တံဆိပ်တွေ လုပ်ပေးဦးမယ့်အပြင် ရုံးပိတ်ရက်တောင် သတ်မှတ်ပေးဦးမယ်ဆိုပဲ။ အတော်မျှားထားတဲ့သဘောပဲ။ Non CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး အရေးယူမယ့်ပုံစံက အတော်ကြောက်စရာအခြေအနေပါ။ သဘောကတော့ Carrot and Stick ပါပဲ။ ဆုကောင်းကောင်းပေးပြီး ဒဏ်ကောင်းကောင်းခတ်မယ့် ပုံစံပြပြီး Non CDM ဝန်ထမ်းတွေကို CDM ထပ်လုပ်လာအောင် ဝါဒဖြန့် ခြိမ်းခြောက်ထားတဲ့ ဥပဒေသာ ဖြစ်ပါတယ်။ CDM နဲ့ Non CDM ဝန်ထမ်း တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၁ ဧပြီ ၃၀ ရက်အထိ သတ်မှတ်ထားပေမယ့် အဲ့ဒီရက်ထက် ကျော်လွန်ပြီးမှ CDM လုပ်မယ်ဆိုရင်လည်း ခိုင်မာတဲ့သက်သေအထောက်အ ထားပြရင် ရတဲ့အခြေအနေကို ရေးထားတာ တွေ့ရပါတယ်။ အထောက်အထားပြနိုင်ရင် သတ်မှတ်ရက် မလိုတဲ့အတွက် အခုပင် တရားဝင် CDM လုပ်တယ်လို့ ကြေညာပြီး လုပ်လို့ရတဲ့ သဘောပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဝန်ထမ်းယန္တရား ခိုင်မာလာနေတဲ့အပေါ် ချည့်နဲ့လိုတဲ့ သဘောနဲ့ ဝန်ထမ်းတွေကို လူပြိန်းနည်းနဲ့ စည်းရုံးတာပဲ ဖြစ်ပါတယ်။
ဒီဥပဒေ ထုတ်ပြန်ချက်နဲ့ NUG တို့၊ NUCC တို့ ဆောင်ရွက်နေတာတွေ၊ ပြောဆိုကြေညာ နေတာတွေကို ယှဉ်တွဲစဉ်းစားကြည့်ရင် ဒီဥပဒေဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM ထပ်လုပ်စေချင်တဲ့ ရည်ရွယ်ချက်သက် သက်ဆိုတာ ထင်ရှားပါတယ်။ ဒီဥပဒေအခန်း(၁) ပုဒ်မ (၂)မှာ 'နိုင်ငံတော်သမ္မတ သည် ဤဥပဒေကို နိုင်ငံတော်တစ်ဝန်းလုံးတွင်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ အာဏာသက် ရောက်စေရန် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်'လို့ ဆိုထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပုဒ်မ(၃/က) မှာ 'အစိုးရဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရကို ဆိုသည်'လို့ ဆိုထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီပုဒ်မနှစ်ခုကို ကြည့် ရုံဖြင့် အသုံးတည့်မယ့် ဥပဒေမဟုတ်ဘူးဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သမ္မတက ဘယ်သမ္မတကို ဆိုလိုတာလဲ။ မြန်မာနိုင်ငံရှိ ဘယ်သမ္မတမဆိုကို ဆိုလိုတဲ့သဘောသက် ရောက်တဲ့အတွက် ဘယ်အခြေခံဥပဒေက ရွေးထားတဲ့ သမ္မတကို ဆိုလိုတာလဲ။ နောင်လာမယ့် ရွေးကောက်ပွဲက တက်လာတဲ့ သမ္မတဆိုရင်လည်း အကျုံးဝင်တဲ့သဘောမှာ ရှိပါတယ်။ ဒီဥပဒေအရ အစိုးရပိုင်းအနေနဲ့ ဆောင်ရွက် ရမှာ ဖြစ်တဲ့အတွက် NUG နောက်ပိုင်းအစိုးရအတွက် အကျုံးမဝင်ပါ။ ဥပဒေအရ ဆောင်ရွက်ရမှာက NUG၊ အာဏာ အသက်ဝင်အောင် လုပ်ရမယ့်သူက သမ္မတ၊ NUG မရှိတော့တဲ့ အချိန်မှ ပေါ်လာမယ့် သမ္မတက အာဏာအသက်ဝင်အောင် ထုတ်ပြန်ရင် အဲဒီအစိုးရက ဘာမှလုပ်၍ ရမှာမဟုတ်ပါ။
သမ္မတဆိုရာမှာ NUG သမ္မတကို ဆိုလိုတာဆိုရင်လည်း ယာယီသမ္မတက အာဏာအသက်သွင်း လို့ ရသလားဆိုတာ မပါပေမယ့် ဒူဝါလရှီးလက အသက်သွင်းပေးလို့ရရင်လည်း NUG ကသာ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ NUG သက်တမ်းဘယ်အထိလဲ။ တော်လှန်ရေးအောင်မြင်ရင် ကြားကာလ အစိုးရဖွဲ့မယ်လို့ ဆိုထားတဲ့အတွက် အဲဒီအချိန်မှာ NUG မရှိတော့ပါ။ ဒီဥပဒေကို ဘယ်လိုမှ ဆက်လက် ကျင့်သုံးလို့ရမှာ မဟုတ်တော့ပါ။ ဘယ်အချိန်မှာ CDM ဝန်ထမ်းတွေကို ချီးမြှောက်မှာလဲ။ ဘယ်အချိန်မှာ Non CDM ဝန်ထမ်းတွေကို အရေးယူမှာလဲ။ သူ့ဥပဒေအရ ဥပဒေအာဏာ အသက်သွင်းပြီး CDM ဝန်ထမ်းတွေကို NUG က အထက်မှာပါတဲ့အတိုင်း မူလရာထူးထက် တစ်ဆင့်မြင်တဲ့ ရာထူးတာဝန်နဲ့ လစာတွေပြန်ထုတ်ပေးပြီး လစဉ် လစာ ဆက်ပေးနေမယ်ဆိုရင်တော့ မဆိုးပါဘူးလို့ ပြောနိုင်ပါလိမ့်မယ်။ လုပ်မလုပ်တော့ ဆက်စောင့်ကြည့်ရမှာ ဖြစ် ပါတယ်။ ဒီလိုဖြစ်လာစေဖို့လည်း ဒီဥပဒေအရ ဒီဥပဒေ အသက်ဝင်ပြီး လစာနဲ့ စရိတ်တွေ ပြန်ရဖို့ CDM ဝန်ထမ်းတွေအနေနဲ့ NUG ကို တောင်းဆို သင့်တယ်လို့ ထင်တယ်။ မဟုတ်လို့ကတော့ လေထိုးလေလျော်သက် သက်သာ ဖြစ်ပါလိမ့်မယ်။ လူပြိန်းနည်းနဲ့ စည်းရုံးတဲ့နည်းမို့ CDM ရော၊ Non CDM ဝန်ထမ်းတွေကိုပါ NUG နဲ့ CRPH က လူပြိန်းတွေလို့များ သတ်မှတ်နေလားမသိ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )