လွတ်လပ်ငြိမ်းချမ်း တရားလမ်း

၂၀၂၅ ၊ စက်တင်ဘာ ၂၇

    ဗီယက်နမ်လူမျိုး ဇင် ဗုဒ္ဓဘာသာဆရာတော် သစ်နက်ဟန် (Thich Nhat Hanh) ရဲ့ ဓမ္မစာပေတွေ မြန်မာဘာသာပြန်နဲ့ အတော်များများ ပုံနှိပ်ထုတ်ဝေလာ တာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာ ဆရာ ကျော်စွာ၊ ဆရာလူချိုတို့ ဘာသာပြန်တဲ့ ဆရာတော်သစ်နက်ဟန်ရဲ့ စာအုပ်တွေ ပုံနှိပ်ထုတ်ဝေလာတာ တွေ့ရတယ်။ အိုးရှိုးရဲ့ဒဿန အကျိုးအပျက်တွေနဲ့ နှိုင်းစာလိုက်ရင် ဆရာတော် သစ်နက်ဟန်ရဲ့ ဓမ္မစာပေတွေက ပိုမိုခိုင်ခံ့လေးနက်ပြီး နာယူကျင့်ဆောင်ဖွယ်တွေကို သင်ကြားပေးနိုင်တာ တွေ့ရပါတယ်။ ဆရာတော်အထူးပြု တိုက်တွန်းလေ့ရှိတာက 'သတိ၊ သတိပဋ္ဌာန်ကျင့်စဉ်' ဖြစ်လေတော့ ထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်နဲ့ သဘောချင်းအတူတူပဲလို့ မှတ်ချက်ပေးလိုပါတယ်။ ကွဲပြားတာတွေရှိပေမယ့် အရေးကြီးတဲ့ သတိပဋ္ဌာန်တရားမှာ တူညီနေတာဟာ အလွန်ကောင်းမြတ်တယ်လို့ ဆိုနိုင်ပါတယ်။
    ဒီရက်ပိုင်းမှာ ဆရာတော် သစ်နက်ဟန်ရဲ့ မြန်မာဘာသာပြန် ဓမ္မစာပေ သုံးအုပ်ဖတ်တဲ့အထဲမှာ ၂၀၂၂ မေလထုတ် ဆရာအေကေမိုး ဘာသာပြန်တဲ့ 'ရောက်သောနေရာမှာ လွတ်လပ်ပါစေ' (မူရင်းက BE FREE WHERE YOU ARE) စာအုပ်က ထူးခြားနေတာ တွေ့ရပါတယ်။ ဒီတရားစုက သူ့ရဲ့ တရားရိပ်သာမှာ ဟောတာမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းအကျဉ်းထောင်မှာ ဘာသာစုံ၊ စိတ်ကြမ်း လူကြမ်း အကျဉ်း သားတွေကို ဟောခဲ့တာဖြစ်လို့ ထူးခြားတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ ဆရာတော်နဲ့ အတူထောင်ထဲကို အတူလိုက်ပါလာတဲ့ စစ္စတာချမ်ကောင်းရဲ့ နိဒါန်းမှာ 'ကျွန်မက ဆရာတော်သစ်နက် ဟန်နဲ့မယ်ရီလန်းအကျဉ်းထောင်ကို အောက်တိုဘာလ ၁၆ ရက်၊ ၁၉၉၉ မှာ အတူ လိုက်ပါခဲ့ပါတယ်။ ဆရာတော် ဝီလျံ၊ ဆရာတော် ပီတန်ဆင်းနဲ့ အခြားသော ဓမ္မမိတ်ဆွေများလည်း ပါပါတယ်။ အကျဉ်းသား တစ်ရာကျော်က ကျွန်မတို့ကို ထောင်အတွင်း ဘုရားကျောင်းမှာ စောင့်နေကြတယ်။ သူတို့ဆီကို ရောက်ဖို့ ကျွန်မတို့အားလုံး စစ်ဆေးရေးဂိတ်ပေါင်း ၁၆ ခုကို ဖြတ်ကျော်ရတယ်' လို့ ဖော်ပြထားပါတယ်။
    'ဆရာတော်က အကျဉ်းသားတွေကို သတိအကျင့်နဲ့ စားသောက်တတ်ဖို့ သူ့ရဲ့ တရားထဲမှာ ရှင်းပြတယ်။ အစာစားတဲ့အခါ သတိရှိရှိနဲ့ အရသာသိအောင်စားဖို့၊ ပစ္စုပ္ပန်တည့်တည့်နေပြီး စားဖို့၊ ပတ်ဝန်းကျင်ကို သတိရှိ၊ အတူတူစားနေသူတွေကိုသိပြီး စားဖို့ စသဖြင့်ပေါ့။ နေ့လယ်စာ စားချိန်ကျတော့ ကျွန်မ တို့ဟာ အကျဉ်းသားတွေနဲ့အတူတူ ထိုင်ပြီးစားတယ်။ ကျွန်မတို့ စားဖို့အတွက် ခင်းကျင်း ပြင်ဆင်လို့ တောင် မပြီးသေးဘူး၊ သူတို့တွေက စားပြီးနေပြီ။ ပထမတော့ ကျွန်မအနေနဲ့ သူတို့ဆရာတော်သင်ပေးတဲ့ သတိနဲ့စားခြင်းကို နားမလည်လို့လားလို့ စိုးရိမ်မိတယ်။ တကယ်တော့ သူတို့ရဲ့အစား မြန်မြန်စားတတ်တဲ့ အကျင့်က အတော်အားကြီးတယ်လေ။ နောက်တော့ သူတို့က ကျွန်မတို့ သတိရှိရှိနဲ့ စားနေတာကို ဝိုင်းကြည့်ကြတယ်။ ဆရာတော် သတိအကျင့်နဲ့ လက်တွေ့စားပြတာကိုတွေ့ပြီး နောင်ဆိုရင်တော့ သူတို့လည်း အဲဒီလို စားတတ်အောင် လေ့ကျင့်လာမယ်လို့ ယုံကြည်ပါတယ်။' (စာ-၁၈)
    ဆရာတော်သစ်နက်ဟန် ထောင်ထဲမှာ ဟောခဲ့တဲ့ ဆရာတော်တွေကို စစ္စတာချမ်ကောင်းကပဲ မှတ်တမ်းတင်ထားခဲ့တာပါ။ ဆရာတော့် ကရုဏာဟာ အကျဉ်းသားတွေ ခံစားနေရတဲ့ ခါးသီးနာကျင်တဲ့ ဝေဒနာတွေကို အခိုက်အတန့်အားဖြင့်တော့ သက်သာအောင် ကုစားနိုင်ခဲ့ပါတယ်။
    'ခင်ဗျားတို့ ဘယ်လိုအကြောင်းကြောင့် ဒီနေရာကို ရောက်လာတယ်ဖြစ်ပါစေ၊ ကိုယ့်ဘာသာ လွတ်လပ်တယ်လို့ မြင်လာရင် ဘဝဟာ နေပျော်လာပါတယ်။ ကျွန်တော်ဆိုလိုချင်တဲ့ လွတ်လပ်မှုဆိုတာ တွယ်တာမှုက လွတ်လပ်ခြင်း၊ ဒေါသက လွတ်လပ်ခြင်း၊ အမုန်းတရားက လွတ်လပ်ခြင်းမျိုးပါ။ ဒေါသဖြစ်နေရင် အဲဒီဒေါသကို အသွင်ပြောင်းပြီး ကိုယ့်လွတ်လပ်မှုကို ပြန်ယူရမယ်။ ကိုယ့်မှာ အမုန်းတရားဖြစ် နေရင် အမုန်းစွမ်းအင်ကို အသိအမှတ်ပြုပြီး ကိုယ့်ကို ဒီအမုန်းတွေ လောင်ကျွမ်းခွင့် မပေးရဘူး။ ဒီအမုန်း စွမ်းအင်ကို အသွင်ပြောင်းပြီး ကိုယ်ရရှိထိုက်တဲ့ လွတ်လပ်ရေးကို ရလာအောင် လေ့ကျင့်ရမယ်။ ပြောရတာ လွယ်သလောက် လုပ်ရတာ ခက်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း လေ့ကျင့်ယူရင် ရပါတယ်။' (စာ-၂၈)
    အကျဉ်းသားတွေကို နှလုံးသွင်း ဆင်ခြင်တတ်အောင် သင်ပေးပြီးနောက် သတိဖြင့် နေနည်းကိုလည်း သင်ပေးပါတယ်။ 'သတိအကျင့် (mindfullness)ဆိုတာကို အဓိပ္ပာယ်ဖွင့်ပြပါ။ အနှောင့်အယှက်များလှတဲ့ ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လိုကျင့်သင့်သလဲ'ဆိုတဲ့ မေးခွန်းကို 'သတိအကျင့်ဆိုတာ ကျွန်တော် တို့ ဗီယက်နမ်ဘာသာ စကားနဲ့ 'လက်ရှိကာလတည့်တည့်မှာ ရှိနေခြင်း၊ သိနေခြင်း'လို့ အဓိပ္ပာယ်ရတယ်။ စားရင်စားနေတာကို သိနေတယ်။ လမ်းလျှောက်ရင် လမ်းလျှောက်တာကို သိနေတယ်။ သတိအကျင့်ရဲ့ ဆန့်ကျင်ဘက်ကတော့ မေ့လျော့ခြင်း (သတိမရှိခြင်း)ပဲ။ စားတော့ စားနေတယ်၊ ဘာစားလိုက်လို့ ဘာစား မှန်းမသိလိုက်ဘူး။ ဘာအရသာမှန်းလည်း မသိလိုက်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားစိတ်က တခြား ရောက်နေလို့၊ ခင်ဗျားရဲ့ စိတ်ကို လက်ရှိနေရာနဲ့ လက်ရှိအချိန်ကိုခေါ်လာပြီး ဖြစ်နေတာတွေကို သိနေရင် ဒါဟာ 'သတိအကျင့်'ပဲ။ ဒီအကျင့်က ခင်ဗျားဘဝကိုများ စွာသောအရာတွေ ယူဆောင်ပေးနိုင်တယ်။ ပျော်ရွှင်ခြင်းတွေ၊ ငြိမ်းချမ်းခြင်းတွေပေါ့။ လိမ္မော်သီးတစ်လုံးကို သတိနဲ့စားတာနဲ့ စိုးရိမ်စိတ်၊ ဒေါသစိတ်နဲ့စားတာ အရသာချင်း အဆတစ်ရာလောက်ကွာတယ်။' (စာ-၈၂၊ စာ-၈၃)
    ခါးသီးခက်ထန် ကြမ်းတမ်းလှတဲ့ အကျဉ်း ထောင်တွေထဲမှာ သတိနဲ့နေဖို့ (ဝါ) တရားအားထုတ်ဖို့ ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိတယ်။ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်အခါက အကျဉ်းထောင်ထဲမှာ တရားအားထုတ်ရင်း သောတာပန်တည်သွားတဲ့ ဒကာတစ်ယောက်ရှိခဲ့ဖူးတယ်။ ကောသလမင်းကြီးဟာ အခြားသော အမတ်တွေရဲ့ ကုန်းချောစကားကိုယုံပြီး ပညာရှိ အမတ်တစ်ဦးကို ထောင်သွင်း အကျဉ်းချ ထားခဲ့ပါတယ်။ ပညာရှိအမတ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ တရားအားထုတ်လိုက်တာ 'သောတာပန်' အဆင့်အထိ တရားဘက်မှာ မြင့်တက်သွားခဲ့ပါတယ်။ တရားတန်ခိုးကြောင့် ကောသလမင်းကြီး မနေသာတော့ဘဲ သောတာ ပန်အကျဉ်းသားကို ထောင်က လွှတ်ပေးခဲ့ပါတယ်။ ပညာရှိအမတ်ဟာ ထောင်ကလွတ်လျှင် လွတ်ချင်း ဘုရားထံမှောက် အရောက်သွားပြီး ပန်းနံ့သာတို့ဖြင့် ပူဇော်ပါ တယ်။
    ဗုဒ္ဓဘုရားရှင်က 'ဒါယကာ သင့်အား အကျိုးမဲ့ဖြစ်သလော'လို့ မေးပါတယ်။ အမတ်က 'အကျိုးမဲ့ကို အကျိုးရှိအောင် လုပ်ခဲ့ပါတယ်'လို့ ဖြေပါတယ်။ ထောင်ထဲမှာ သောတာပန် တည်လာပြီဆိုတာ ဘုရားရှင် သိတော်မူပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမိန့်ပါတယ်။
    'သင်သာလျှင် အကျိုးမဲ့ကို အကျိုးရှိအောင် လုပ်ဆောင်နိုင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ကို အကျိုးရှိအောင် ဆောင်ဖူးခဲ့လေပြီ} လို့ အစချီရင်း 'ဃဋဇာတ်'ကို ဟောပါတယ်။
    ဘုရားအလောင်း ဃဋမင်း ဗာရာဏသီကို စိုးစံစဉ်အခါက အမတ်တစ်ယောက်က ပြစ်မှားပုန်ကန်လေရာ အဲဒီအမတ်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အမတ်ဟာ တိုင်းတစ်ပါးအကူအညီနဲ့ ဘုရားအ လောင်းကို ပြန်တိုက်ရာ အနိုင်ရသွားပြီး ဘုရားအလောင်းကို ထောင်ချထားပါတယ်။ ဘုရားအလောင်းက ထောင်ထဲမှာ ဈာန်သမာဓိကို စူးစူးစိုက်စိုက်ကျင့်ကြံလေရာ လေထဲမှာ ထက်ဝက်ဖွဲကခွေနေနိုင်တဲ့အထိ ဖြစ်ပါတယ်။
    'အခြားသူများ ထောင်ထဲရောက်လျှင် စိုးရိမ် ငိုကြွေးကြသည်။ သင်ကား ကြည်လင်သော မျက်နှာဖြင့် အံ့ဖွယ်ရှိတော့သည်'လို့ အာဏာပိုင်တွေကပြောတဲ့အခါ ဘုရားအလောင်းက ဈာန်သမာဓိရဲ့ အကျိုး ကျေးဇူးကို ဟောကြားပါတယ်။ ဘုရားအလောင်းကို ထီးနန်းပြန်ပေးသော်လည်း လက်မခံဘဲ တောထွက် တော်မူ၍ တရား လမ်းပေါ် ဆက်လျှောက်ခဲ့ပါတယ်။ (၂၀၁၄ ဒီဇင်ဘာထုတ် - မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်ဘုရားကြီးရဲ့ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ စာ-၂၆၊ စာ-၂၇၊ ရှု)
    ဗီယက်နမ် ဆရာတော် သစ်နက်ဟန်ထက်စောပြီး အကျဉ်းထောင်တွေထဲမှာ တရားစခန်းဖွင့်ခဲ့သူကတော့ ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာ ဖြစ်ပါတယ်။ ဆရာကြီး ဦးဘခင်ရဲ့ တပည့်တစ်ဦး ဖြစ်တဲ့ ဆရာကြီး ဦးဂိုအင်ကာဟာ မြန်မာပြည်က ရရှိခဲ့တဲ့ တရားအလင်းရောင်ကို ကမ္ဘာအနှံ့ ထွန်းလင်းစေခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး(ဂုရုကြီး)ဟာ မဟာကရုဏာပြဋ္ဌာန်းပြီး ဆိုးရွားကြမ်းတမ်းလှတဲ့ အကျဉ်းထောင်တွေမှာ တရားစခန်းတွေ ဖွင့်နိုင်ခဲ့ပါတယ်။
    ဆရာကြီးဦးဂိုအင်ကာဟာ ၁၉၇၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ရာဂျာစတန်ပြည်နယ်မှာရှိတဲ့ 'ဂျေပူရ်ဗဟို အကျဉ်းတောင်ကြီး'မှာ တရားစခန်းဖွင့်နိုင်အောင် ကြိုးစားခဲ့ပြီး ၁၉၇၆ ခုနှစ်မှာ ပလိပ်သင်တန်းကျောင်းမှာ တရားစခန်း ဖွင့်ခဲ့ပြန်ပါတယ်။ ၁၉၉၄ မှာတော့ အာရှတိုက်မှာ အကြီးဆုံးထောင်ကြီးဖြစ်တဲ့ 'တီဟာထောင်'မှာ အကျဉ်းသားတစ်ထောင်ကျော်ကို ဆရာကြီးကိုယ် တိုင်တရားပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အကျဉ်းထောင်တွေမှာ နှစ်စဉ်တရားပတ်ပေါင်း ၅၀ ကျော် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
    ဆရာကြီး ဦးဂိုအင်ကာ ယူဆောင်လာတဲ့ တရားအလင်းရောင်ဟာ မြန်မာပြည်က အကျဉ်းထောင် များမှာ ၂၀၀၈ ကစပြီး ထွန်းလင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အင်းစိန်ထောင်ကြီးမှာ 'ဓမ္မဟိတသုခဂေဟာ ဝိပဿာရိပ်သာ'လို့ အမည်ပေးပြီး ၁၆-၈-၂၀၀၈ မှာ အကျဉ်းသား ၅၀ ဖြင့် စတင်ခဲ့ပါတယ်။ သာယာဝတီ ထောင်မှာ ၁၅-၃-၂၀၀၉ ကစတင်ပြီး 'ဓမ္မရက္ခိတ ဝိပဿနာရိပ်သာ'ကို ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေး ထောင်မှာ ၁၉-၂-၂၀၁၀ ကစပြီး ဓမ္မဝိမုတ္တိဝိပဿနာရိပ်သာ'တို့ကို ဖွင့်လှစ်ပေးခဲ့ပြီး ဆယ်ရက်တရားပတ်၊ လစဉ်တရားပတ်များမှာ ကျား ၃၁၄၈၊ မ ၆၁၇၊ လူငယ် ၃၅၂ ပေါင်း ၄၁၁၇ နဲ့ ဝန်ထမ်းတစ်ရာခန့် အားထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ ကနဦးပိုင်း သတင်းအချက်အလက် များဖြစ်ပြီးတော့ ဒီနေ့မှာ အရေအတွက်ရော အရည်အချင်းပါ ဆက်လက်တိုးလျက်ရှိတယ်လို့ ဆိုပါတယ်။ (ညွှန်း - တရားပြဆရာ တစ်ဦး မှတ်တမ်းတင်ထားတဲ့ 'အကျဉ်း ထောင်များအတွင်းမှ ဝိပဿနာ'(Vipassana in Prisons) စာအုပ်၊ ပုံနှိပ် မှတ်တမ်းပါ)
    အမည်မသိ တရားပြဆရာက ထောင်တွင်း ဝိပဿနာကိုသာမက သမိုင်းရာဇဝင်ထဲက ဝိပဿနာကိုပါ အမွှမ်းတင် ဖော်ပြထားပါတယ်။ ဘီစီသုံးရာခန့်ကပင် အသောကမင်းတရားကြီးဟာ ဝိပဿနာကို ပြုပြင်ပြောင်းလဲရေး လက်နက်ကိရိယာအဖြစ် သုံးခဲ့တယ်လို့ ဆိုပါတယ်။
    'အသောကမင်းကြီး၏ အထင်ရှားဆုံးသော ဒေလီတိုပရာကျောက်တိုင်တွင် ရေးသားသည့် ကြေညာချက်တွင် သူသည် အတွင်းအဇ္ဈတ္တ သန္တာန်ကို ရှုမှတ်ခြင်းဟု အဓိပ္ပာယ်ရသည့် နိဇ္ဈတ္တိယ သို့မဟုတ် ဝိပဿနာကို အသုံးပြုခဲ့၍ အောင်မြင်ကြောင်း ထိုကျောက်စာတွင် ရှင်းလင်း ဖော်ပြထားသည်။ တိုင်းသူပြည်သားများ၏ အကျိုးကို လိုလားသော အစိုးရတစ်ခု၏ ရည်မှန်းချက်များကို အောင်မြင်စေရန် ဝိပဿနာကို ထိရောက်စွာ အသုံးပြုခဲ့ကြောင်း ပေါ်လွင်ထင်ရှားစွာ မှတ်တမ်းတင်ထားခြင်း'လို့ ဆိုပါ တယ်။ (စာ-၂၅-ရှု)
    ဝိပဿနာတရားဖြင့် အကျင့်ပျက်ခြစားမှုများ၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်နိုင်ကြောင်း ဖော်ပြထားတာလည်း မှတ်သားဖွယ်ကောင်းလှပါတယ်။
    ]ဆရာကြီးဦးဘခင်(၁၈၉၈-၁၉၇၀)သည် အ ထင်ရှားဆုံးသော ဝိပဿနာဆရာတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ၏ စာရင်းကိုင်ချုပ်အဖြစ် ဦးစီးအုပ်ချုပ်ရာ ဌာနများအတွင်း ပြုပြင်ပြောင်းလဲမှု မြောက်မြားစွာ ပြု လုပ်ခဲ့သည်။ ဌာနတွင်း လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေခြင်း၊ စွမ်းရည်မြင့်မားတိုးတက်စေခြင်း၊ ဆုံးဖြတ်ချက် မြန်ဆန်စွာ ချမှတ်နိုင်စွမ်း ရှိစေခြင်း၊ အချင်းချင်း ဆက်ဆံရေးကောင်းမွန်တိုးတက် မြင့်မားစေခြင်း စသည်တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။' (စာ-၂၆)
    ဆရာကြီးဦးဘခင်က ဝိပဿနာအားထုတ်ခြင်းသည် သာယာဝပြောသော နိုင်ငံတစ်နိုင်ငံ တည် ဆောက်ရန်နှင့် ဝန်ထမ်းလောက အကျင့်ပျက်မှုကို တိုက်ဖျက်ရန်အတွက် အသုံးပြုနိုင်ရန် တည်ငြိမ်မှုနှင့် စွမ်းအားများ စုစည်းပေးနိုင်သည်ဟု ဆိုသည်။' (စာ-၂၇)
    ဆရာတော်သစ်နက်ဟန်က အမေရိကန်ပြည်ထောင်စု မယ်ရီလန်းအကျဉ်းထောင်ထဲက အကျဉ်း သားတွေကို ဒီလိုနှုတ်ဆက်တရားဟောပြီး နိဂုံးချုပ်ပေးခဲ့ပါတယ်။
    'နေ့စဉ်ဘဝမှာ ဒီသတိအကျင့်နဲ့ နေထိုင်လို့ရပါတယ်။ ဒီအကျင့်ကနေ ဘုရားသခင်ရဲ့ စွမ်းအင်၊ ဗုဒ္ဓရဲ့စွမ်းအင်ဖြစ်လာမယ်။ ဒီစွမ်းအင်တွေရှိလာရင် နားလည်ပေးတတ်လာမယ်။ ခွင့်လွှတ်တတ်လာမယ်၊ ကြင်နာတတ်လာမယ်။ ဒီစွမ်းအင်တွေကို ထုတ်လုပ်တတ်လာရင် ခင်ဗျားတို့ဟာလည်း တကယ့်ကို လွတ်လပ်တဲ့သူ၊ အသက်ရှင်နေသူတွေ ဖြစ်လာမယ်။ နားလည်ပေးတတ်မှုကနေ အကြင်နာတရားတွေ ပေါ်ပေါက်လာပြီး ခင်ဗျားတို့ဘ၀ ထာဝရပြောင်းလဲသွားပါလိမ့်မယ်။ ကြိုးစားပြီးသာ ကျင့်ကြည့်ကြပါ။ ရောက်သောအရပ်မှာ လွတ်လပ်နိုင်ကြပါစေ။' (စာ-၇၅)
    ဆရာတော်သစ်နက်ဟန်ကို ၁၉၂၆ မှာ ဗီယက်နမ်အလယ်ပိုင်းမှာ မွေးဖွားခဲ့ပြီး အသက်(၁၆)နှစ် မှာ ရှင်သာမဏေ ပြုခဲ့ပါတယ်။ ၁၉၅၀ ခေတ်သစ် ဗီယက်နမ် ဗုဒ္ဓဘာသာလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလအတွင်း စစ်ပြေးဒုက္ခသည်တွေကို ကူညီ၊ ၁၉၆၁ အမေရိကန်သို့ ပညာတော်သင် ရောက်ခဲ့၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အမေရိကန်နှင့် ဥရောပနိုင်ငံများ တွင် တက်ကြွစွာ ဦး ဆောင်ခဲ့၊ ၁၉၆၇ တွင် မာတင်လူသာကင်းနှင့် တွေ့ဆုံခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆု ဆန်ခါတင်အရွေးခံရ၊ ဒါကြောင့် ဗီယက်နမ်သို့ ပြန်လို့မရဘဲ ၃၉ နှစ်ကြာ တိုင်းပြည်ပြင်ပမှာ နေထိုင်ခဲ့ရ ပါတယ်။
    ၁၉၇၀ ဝန်းကျင်ကစပြီး စာရေးခြင်း၊ စာသင်ခြင်းအပြင် Mindfullness (သတိအကျင့်) ကို အနောက် နိုင်ငံတွေမှာ သင်ကြားပေးခဲ့၊ ၁၉၈၂ ပြင်သစ် အနောက်တောင်ပိုင်းမှာ Plum Village (ဇီးကုန်းရိပ်သာ) တည်ထောင်ပြီး တရားပြခဲ့၊ ဇီးကုန်းရိပ်သာ၌ နှစ်စဉ် လူတစ် သောင်းကျော်လာရောက်ပြီး သတိအကျင့်များ လေ့လာသင်ယူကြ၊ နှစ်စဉ်နိုင်ငံပေါင်းများစွာသို့ သွားရောက်ပြီး သတိအကျင့်ကို ဖြန့်ဝေခဲ့၊ အသက်(၈၈) နှစ်မှာ လေဖြတ်ဝေဒနာခံစားရ၊ ကျန်းမာရေး ချွတ်ယွင်းလာ၊ ၂၀၁၈ ဗီ ယက်နမ်ပြန်ရောက်၊ ၂၀၂၂ ခုနှစ် ၂၂ သက်တော်(၉၅) မှာ ပျံလွန်တော်မူခဲ့ကြောင်း ဆရာအေကေမိုးက မိတ်ဆက်ပေးခဲ့ပါတယ်။
    သတိပဋ္ဌာန် ကျင့်စဉ်များကို အနောက်နိုင်ငံသားများ နားလည်လက်ခံကျင့်သုံးလာအောင် ရိုးရှင်းစွာ သင်ကြားပေးနိုင်သူအဖြစ် ဆရာတော်သစ်နက်ဟန်ဟာ ကမ္ဘာတစ်ဝန်းမှာ အထူးထင်ရှားကျော်ကြားတဲ့ ဆရာတော်ဖြစ်ပါတယ်။ သတိအသိမြဲနေရင် အကျဉ်းထောင်ထဲမှာသာမက ဘယ်လိုနေရာမျိုးကိုပဲ ရောက်နေပါစေ လွတ်လပ်စွာ ရှင်သန်နိုင်တယ်လို့ ဆရာတော်သစ်နက်ဟန်က သင်ကြားပေးခဲ့ပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53007

© 2022 - 2025 News. All Rights Reserved.