၂၀၂၅ ၊ စက်တင်ဘာ ၂၀
မကြာမီလပိုင်းအတွင်း ၂၀၂၅ ရွေးကောက်ပွဲ၏ ပထမခြေလှမ်းများကို စတင်မြင်တွေ့ခွင့်ရတော့မည်ဖြစ်သည်။ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ကြရမည့် အစိုးရသစ်အပေါ် ပြည်သူများကလည်း စိတ်ပါဝင်စားမှုရှိလာသည်ကို တွေ့မြင်ရသည်။ လူမှုကွန်ရက် စာမျက်နှာများ၌ ပြည်ဖျက်လိုသူများက နိုင်ငံတော်အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် ကန့်ကွက်ကြောင်း၊ မထောက်ခံကြောင်း မည်မျှပြောဆိုထုတ်ပြန်သော်လည်း မြေပြင်အခြေအနေနှင့်က အလှမ်းကွာဝေး လွန်းလှသည်။ ယခုရက်ပိုင်း ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်ကြမည့် မြို့နယ်အချို့တွင် ရွေးကောက်ပွဲမဲပေးစက် သရုပ်ပြမှုများအပေါ် ပြည်သူများ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခြင်းများကိုလည်း တွေ့မြင်ရသည်။ ထို့အပြင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ပါတီများ၊ ပယ်ဖျက်ခံရသည့် ပါတီများ စသဖြင့် နိုင်ငံရေးအကြောင်း အရာတချို့ကို စိတ်ဝင်စားစွာပြောဆိုမှုများ ရှိလာကြသည်။ ထိုအချက်အလက်များကိုကြည့်၍ ပြည်သူများအနေဖြင့် နိုင်ငံရေးအရ အပြောင်းအလဲဖြစ်စေသည့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြောင်း တွေ့မြင်ရသည်။ ထိုအချက်ကလည်း ရွေးကောက်ပွဲအတွက် အထူးအရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ပြည်သူ လူထုက မိမိနှစ်သက်ရာ နိုင်ငံရေးပါတီနှင့် မိမိတို့ကို ကိုယ်စားပြုကြမည့် ကိုယ်စား လှယ်များကို ကိုယ်တိုင်ရွေးချယ်တင်မြှောက်နိုင်ခြင်းက ဒီမိုကရေစီနည်းအရ နိုင်ငံသားတို့၏ အခွင့်အရေး ပင် ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခရီးလမ်း ဖြောင့်ဖြူးစေရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှာ အပြန်အလှန်သာတူညီမျှ ထိန်းကျောင်းနိုင်မှုပင်ဖြစ်သည်။ ဒီမိုကရေစီ ဟန်ချက်ညီမှုက လွန်စွာအရေးကြီးပြီး ဒီမိုကရေစီဟန်ချက် မညီမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးအလှည့်အပြောင်းဒဏ်ကို ပြည်သူများ နဖူးတွေ့၊ ဒူးတွေ့တွေ့မြင်ခဲ့ရပြီးလည်း ဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အမှန်တကယ် စေတနာထားဆောင်ရွက်နိုင်သော ပညာတတ်လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တွင်း ရောက်ရှိသွားစေရေးက ပြည်သူလူထု၏တာဝန်တစ်ရပ်ပင် ဖြစ်သည်။ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲ၊ ပါတီစွဲများကြောင့် လူကိုမကြည့်ဘဲ ပါတီကိုကြည့်ပါဟူသော ပြည်သူလူထု၏ နိုင်ငံရေး အသိဉာဏ်ဝေဝါးစေသော ဆွဲဆောင်မှုကြောင့် ဒီမိုကရေစီ ဟန်ချက်ပျက်ခဲ့ရသော ကာလကလည်း မဝေးသော ကာလကပင်ဖြစ်ခဲ့ရသည်။ ပါတီတစ်ခုတည်းကိုကြည့်၍ နိုင်ငံရေးပါးမဝသော လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ကျိုးအတ္တနိုင်ငံရေးသမားများ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်သည့် နိုင်ငံရေး သမားတို့ စုဝေးရာ လွှတ်တော်အခင်းအကျင်းတစ်ခုကြောင့် စိတ်ပျက်ဖွယ်ရာ ဒီမိုကရေစီခရီးလမ်းကို ဖြတ်သန်းခဲ့ရပြီးဖြစ် သည်။
ရွေးကောက်ပွဲမတိုင်မီ မစားရဝခမန်းပြောဆိုခဲ့ကြသည့် ကတိကဝတ်များ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိသည့် အခြေအနေများ၊ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးအတွက်လည်း အားသွန်ခွန်စိုက် မဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဉာဏ်အားမပါ နှုတ်အားဖြင့် နိုင်ငံတည်ဆောက်၍မရသော အခြေအနေများကို ပြည်သူများ ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ နောက်ဆုံးတွင် ပြည်သူ လူထုနှင့် တိုင်းပြည် မျက်နှာထက် အာဏာတည်မြဲရေးကိုသာ ရှေးရှုဆောင်ရွက်ခဲ့ခြင်းကြောင့် တိုင်းပြည်၏ အနာဂတ် လူငယ်ပေါင်းများစွာကို ချနင်းကာ ယနေ့ထက်တိုင် တိုင်းပြည်မတည်မငြိမ်ဖြစ်စေရေး ကြိုးပမ်းလျက်ရှိနေ သည်။ ထိုဖြစ်စဉ်များမှာ ပြည်သူလူထု ရွေးချယ်မှုအမှားကြောင့်ဟု အပြစ်မဆိုသာသော်လည်း နိုင်ငံရေးထက် လူပုဂ္ဂိုလ်ယုံကြည်မှု အားလွန်သွားခြင်းက နိုင်ငံအတွက် မည်မျှ အပြောင်းအလဲမဖြစ်သည်ကို သိသာစေရန် မီးမောင်းထိုးပြရခြင်းဖြစ်သည်။ ဤနေရာတွင် လက်ရှိနိုင်ငံ တော်အစိုးရ၏ ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှုနှင့် ပေါ်ထွက်လာမည့် အစိုးရသစ်အပေါ် မျှော်မှန်းချက်များကို တွေ့မြင်လာရသည်။
"ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရ မည်ဖြစ်ကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်း ရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက အလေးပေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရွေးကောက် ပွဲအောင်မြင်မှု မရှိစေရေးအတွက် အဖျက်အမှောင့်လုပ် ဆောင်လာသူ များကိုလည်း ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ခံမည့်ကိုယ် စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ခဲ့သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ဒီမိုကရေစီပျက်ယွင်းမှုကို ထိန်းသိမ်းခဲ့ရသလို၊ နိုင်ငံရေးအရ ဖြေရှင်းရန်ထက် အကြမ်းဖက်မှုများကိုသာ အလေးသာခဲ့သော နိုင်ငံရေး ကိုယ်ကျိုးအတ္တသမားတို့၏ တိုင်းပြည် မတည်မငြိမ်ဖြစ်စေရန် အကြံဖြင့် ဆောင် =ရွက်ခဲ့မှုများနှင့် တောမီးလောင် တောကြောင် လက်ခမောင်းခတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် အချို့၏ နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကိုလည်း တပ်မတော်၏ အင်အားဖြင့် အချိန်ယူထိန်းသိမ်းခဲ့ရသည်။ ထိုအဖြစ်အပျက်များ၏ အခြေခံအကြောင်းအရင်းများမှာ ရွေးကောက်ပွဲ မသမာမှုက စတင်ဖြစ်ပေါ်ခဲ့ရ သည့်အတွက် ယင်းကိုသင်ခန်းစာယူကာ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိ စေရန်၊ သိက္ခာရှိသော လွှတ်တော်ဖြစ်စေရန်နှင့် ရွေးကောက်ခံကိုယ်စားလှယ်များသည်လည်း နိုင်ငံ အကျိုးကို အမှန်တကယ် ဖော်ဆောင်နိုင်သူများဖြစ်ရေးကို လိုလားလျက်ရှိသည်။ ရွေးကောက်ပွဲ၏ အမည်းစက်ကို ရွေးကောက်ပွဲဖြင့်သာ ချေဖျက်ရမည်ဖြစ်သည်။ ချေဖျက်ရာတွင်လည်း နိုင်ငံရေးအရ ဂုဏ်သိက္ခာမြင့်မားစေသော ရွေးကောက်ပွဲဖြစ်ရန်လိုသည်။ ထို့ကြောင့်လည်း မကြာသေးမီ ရက်ပိုင်းအတွင်းက ပြည်ထောင်စုရွေး ကောက်ပွဲ၏ ဥပဒေအရ ပြတ်သားစွာ ဆောင်ရွက်ခဲ့မှုများကို ထောက်ခံရမည်ဖြစ်သည်။ နိုင်ငံကို ဦးဆောင်လိုသည့် ပါတီများ၊ ပြည်သူကို ကိုယ်စားပြုလိုသော နိုင်ငံရေးသမား များအနေဖြင့် စည်းကမ်းဥပဒေအရ စနစ်တကျဆောင်ရွက်ရန် အထူးလိုအပ်သည်။ ခိုင်မာအားကောင်းသော ပါတီဖွဲ့စည်းပုံ၊ အရည်အချင်းပြည့်ဝသော ကိုယ်စားလှယ်လောင်းများနှင့် အင်အားပြည့်တည်ဆောက်ထားရမည် ဖြစ်သည်။ သို့မှသာ ပြည်သူကို နိုင်ငံရေးအရ ဦးဆောင်ဦးရွက်ပြုရာတွင် ခိုင်မာအားကောင်းပေလိမ့်မည် ဖြစ် သည်။
ထိုသို့ ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများမှ နိုင်ငံကို ခေါင်းဆောင်ပြုနိုင်မည့် နိုင်ငံတော် အစိုးရသစ်ကို ပြည်သူလူထုက ဒီမိုကရေစီနည်းအရ ရွေးချယ် ခန့်အပ်ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယခုကျင်းပပေးမည့် ရွေးကောက်ပွဲသည်လည်း သိက္ခာရှိပါမှ သိက္ခာရှိသော အစိုးရတစ်ရပ် ပေါ်ထွန်းလာ မည် ဖြစ်သည်။ ပေါ်ထွက်လာမည့် ရွေးကောက်ခံအစိုးရအပေါ် လက်ရှိအစိုးရ၏ မျှော်မှန်းချက်များကို အထင်အရှားတွေ့မြင်လာရသည်။ ကနဦးအနေဖြင့် နိုင်ငံတကာအလယ်တွင် သိက္ခာရှိစွာ ရပ်တည်နိုင်သော အစိုးရသစ်ဖြစ်စေရေး ကြိုးပမ်းမှုကို မြင့်တွေ့နိုင်သည်။ စက်တင်ဘာလဆန်းပိုင်းက ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ တရုတ်နိုင်ငံ ခရီးစဉ်က နိုင်ငံကို နိုင်ငံတကာအလယ် ထင်သာမြင်သာရှိစေရန် ဆောင်ရွက်နိုင်ခဲ့သော ခရီးစဉ် ဖြစ်သည်။ ယင်းခရီးစဉ် အတွေ့အကြုံအရ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ "ကမ္ဘာပေါ်၌ အချို့နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့မလိုလားသော နိုင်ငံများ၊ အစိုးရများအပေါ် နိုင်ငံရေးအရ၊ စီးပွားရေး အရ၊ ဘဏ္ဍာရေးအရ၊ အုပ်ချုပ်ရေးအရ ဖိနှိပ်မှုများနှင့် ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ၎င်းင်းကိစ္စများအား နိုင်ငံ တကာအဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဆက်ဆံရေးတိုးမြှင့် သွားရန်လိုကြောင်း"ပြောကြားထားသည်။
ထို့ကြောင်လည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ((Shanghai Cooperation Organisation - SCO SUMMIT 2025 Plus))သို့ တက်ရောက်ခဲ့ကာ "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ဦးဆောင်၍ ဒေသတွင်း လုံခြုံရေးအတွက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ ရှန်ဟိုင်းပူးပေါင်းဆောင် ရွက် မှုအဖွဲ့သည် နိုင်ငံများစွာ ပါဝင်လာပြီး လုပ်ငန်းပမာဏသာမက အင်အားကြီးမားသည့် အဖွဲ့အစည်း ကြီးတစ်ခု ဖြစ်လာသည်ကိုလည်း တွေ့ရှိရကြောင်း။ SCO အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက် နိုင်ငံများ၊ လေ့လာသူ နိုင်ငံများပါဝင်သည်ကို တွေ့ရကြောင်း၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံ များအားလုံး၏ GDP မှာ ၃၀ ဒသမ ၁၇၁ ထရီလီယံရှိသည်ကို တွေ့ရကြောင်း၊ ထိုအထဲတွင် GDP အမြင့် ဆုံးမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ SCO အဖွဲ့၏ စုစုပေါင်းလူဦးရေမှာလည်း ၃ ဒသမ ၉၀၅ ဘီလီယံရှိသည်ကို တွေ့ရကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် လေ့လာဖက်နိုင်ငံများအားလုံးတွင် စက်မှု လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆောင်ရွက်သည့် နိုင်ငံများ၊ သယံဇာတ ပစ္စည်းများ ကြွယ်ဝသည့်နိုင်ငံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသည့်နိုင်ငံများ စသည့်နိုင်ငံများ အသီးသီးပါဝင်သကဲ့သို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သည့် နိုင်ငံများ ပါဝင်ပြီး ဘာသာပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကဏ္ဍပေါင်းစုံပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် မိမိတို့နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် များစွာအကျိုးရှိမည်ဖြစ်ကြောင်း"နိုင်ငံတော်၏ ရှေ့ခရီးအကျိုးကို ရှေးရှုဆောင်ရွက်ခဲ့ကြောင်း ပြောဆိုထားသည်။
ထို့အပြင် ကျင်းပမည့် ရွေးကောက်ပွဲသည့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်သို့ ပြန်လည် ရောက်ရှိစေရေး အရေးပါခြင်းကြောင့် နိုင်ငံတကာ၏ ထောက်ခံမှုကိုလည်း ရယူနိုင်အောင်ဆောင်ရွက်ခဲ့ သည်။ ထိုသို့ ဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံအလိုက်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများနှင့် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့နိုင်ငံနှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်လိုသကဲ့သို့ ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ်တွင် ထောက်ခံပါကြောင်းနှင့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ စေလွှတ်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားနိုင်ခဲ့ကြောင်း"နိုင်ငံတော်အကြီးအကဲ ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရသစ်တစ် ရပ်ပေါ်ထွန်းလာမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အားပေးထောက်ခံမှုများရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သလို နောင်လာမည့် အစိုးရသစ်အတွက် နိုင်ငံတကာ ဆက်ဆံရေးကောင်းများ ရရှိစေရန် ကြိုတင်စီမံဆောင်ရွက်မှုများကိုလည်း တွေ့မြင်ခဲ့ရသည်။ ထို့အပြင် တိုင်းပြည်စီးပွားရေး တိုးတက်မြင့်မားလာစေရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရွေး ကောက်ပွဲအလွန် တည်ငြိမ်အေးချမ်းမည့်ကာလတွင် လာရောက်နိုင်ရေးကိုလည်း ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများကိုလည်း ထုတ်ဖော်ပြောကြားထားသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော နိုင်ငံစီးပွားရေး မြှင့်တင်ရန်အတွက် လိုအပ်သော ဆောင်ရွက်ချက်များကို အစိုးရ သစ်အတွက် ကောင်းမွန်သောမျိုးစေ့များ ချထားပေးခြင်းသာ ဖြစ်သည်။ ထိုအချက်များက လက်ရှိအစိုးရအနေဖြင့် နောင်လာမည့် ရွေးကောက်ခံအစိုးရက တိုင်းပြည်တာဝန်ထမ်းဆောင်ပါက ဝန်ထုပ်ဝန်ပိုးများ လျော့နည်းပြီး ဒီမိုကရေစီတာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရန် နိုင်ငံရေးအရ စေတနာထား ခြင်းဟုသာ မှတ်ယူရမည်ဖြစ်သည်။
ထို့အပြင် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ ဒုက္ခအဖုံဖုံကိုလည်း နားလည်သိရှိထားသော နိုင်ငံတော် အကြီးအကဲက "မိမိတို့နိုင်ငံတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ မြှင့်တင်ရေး၊ အလုပ်လက်မဲ့များ လျော့ပါးစေရေးနှင့် ပတ်သက်၍လည်း အထူးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများ များပြားလာပြီး ၎င်း တို့သွားရောက်သည့် နိုင်ငံများမှ ဥပဒေအောက်တွင် နေထိုင်ရကြရကြောင်း၊ အချို့ ဖိနှိပ်ခံရမှုများရှိ သည်ဟု သိရကြောင်း၊ မိမိတို့နိုင်ငံသား များအားလုံး နိုင်ငံတော်၏ အရိပ်အာဝသအောက်တွင် ပျော်ရွှင်အေးချမ်းစွာဖြင့် နေထိုင်နိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း" ပြည်သူများကို သတင်း စကားပါးထားသည်။ အနှစ်သာရပြည့်ဝပြီး နောင်လာမည့် ရွေးကောက်ခံအစိုးရအတွက် လက်ဆင့်ကမ်း တာဝန်ပေးအပ်ခြင်းဟု ဆိုနိုင်မည်ဖြစ်သည်။ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုရရှိပြီး ပြည်သူတို့၏ လူမှုစီး ပွားဘဝများ မြင့်မားလာစေရေးသည် တာဝန်ယူရမည့် အစိုးရ၏ ပခုံး ပြောင်းတာဝန်ပင်ဖြစ်သည်။ လက်ရှိ အစိုးရအနေဖြင့် ၎င်းတို့မျှော်မှန်းထားသော နိုင်ငံတော်တည်ဆောက်ရန်အတွက် အစိုးရသစ်လျှောက် လှမ်းရမည့် ဒီမိုကရေစီခရီး လမ်းဖြောင့်ဖြူးစေရန် အစီအမံချဆောင်ရွက်ထားမှုကို ပြည်သူများ မြင်တွေ့ ရပြီဖြစ်သည်။ မျှော်မှန်းထားသည့်အတိုင်း ခိုင်မာအားကောင်းသော ဒီမိုကရေစီနိုင်ငံဖြစ်ရေးသည် နိုင်ငံ သူနိုင်ငံသားများ၏ ညီညွတ်သောပြည် ထောင်စု စိတ်ဓာတ်ကိုလည်း ထုတ်ဖော်ရမည့် အချိန်ကာလ ရောက်လာပြီဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )