၂၀၂၅ ၊ ဩဂုတ် ၂၂
သနားစရာကွယ် အားနာတယ်
"မင်းတို့တော်လှန်ရေးကလည်း မှိုလိုလို မှိုလိုလို ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ တော်လှန်ရေးသမားဟူသမျှ ငါကိုင်တုတ်လိုက်ရ"ဟု တော်လှန်ရေးသမားများစုစည်းရာ Chat Group ထဲသို့ လူသစ်တစ် ဦး ဝင်လာပြီး ဝင်းဝင်းချင်း ဆောက်နှင့်ထွင်းသည့်စကားကို စ၍ဆိုလေသည်။ တော်လှန်ရေးသမားအများစုရှိသည့် Group ထဲသို့ တော်လှန်ရေးသမားအားလုံးကို သိမ်းကြုံးဆဲသူတစ်ဦး ဝင်လာသောအခါ တော်လှန်ရေး သမားဆိုသူများ "ဘာလဲဟ"ဆိုသည့်အထာဖြင့် "သူက ဘယ်သူလဲ"ဟု အချင်းချင်း ဖွင့်ဟ၍ မေးကြကုန်လေသည်။ တော်လှန်ရေးသမားဆိုသူများလည်း ဘလိုင်းကြီး အဆဲခံထိပြီး Group ထဲ ဝင်ဖြဲသည့်ငနဲ၏ အကြောင်းကို သိချင်နေကြလေသည်။ ထိုငနဲကလည်း ဖြဲလည်းဖြဲရင်း မှ မေးခွန်းတစ်ခု ထုတ်လိုက်လေ၏။ "မင်းတို့က တစ်လဘယ်လောက်လိုတာလဲ"ဟု မေးခွန်းထုတ်၏။ သူတို့၏ လိုအပ်ချက်က အဆဲနှင့်စ၍ မေးခွန်းထုတ်သူကို ဘာမသိညာမသိနှင့် ရှိန်ကုန်ကာ "ဘာမေးတာလဲ"ဟူ၍ ဖြစ်ကုန်ကြလေသည်။
"တစ်ယောက်တည်း နားလည်မယ့်စကားကိုဆို ဒီတော်လှန်ရေးဂရုထဲ ဝင်မရေးပါနဲ့"ဟု တော်လှန်ရေးသမားတစ်ဦးက ဝင်၍ပြောသည်။ "မင်းတို့ ငါမေးတာ မဖြေသေးဘူး"ဟု လူသစ်ကလည်း ခပ်တည်တည်ဖြင့် ပြန်၍မေး၏။ ဓာတ်ဆီဓာတ်ဆံ ဓာတ်ပြားထဲက ပြက်လုံးတစ်ခုကို သွား၍ သတိရမိ သည်။ "ဖိုးသူတော် ငါ့ကျောင်းကို လှူမယ့်သူ၊ တန်းမယ့် သူလာရင် ရှိတယ်ပြော၊ တောင်းရမ်းမယ့်သူ လာရင် မရှိဘူးပြော"ဆိုသည်ကို ဖြစ်သည်။ ယခုလည်း "ဘယ်လောက်လိုလဲ"ဟု မေးရင်း တော်လှန်ရေးသမားများကို ဆဲနေသော ငနဲကို အောင့်အည်း သည်းခံကာ အဖြေပေးနေရလေသည်။ "တစ်လဆန် ၁၀ အိတ်၊ ဆီနှစ်ပုံး လိုတာ"ဟု ပြန်၍ ဖြေလေသည်။ ဟိုငနဲက ထပ်ကွန့်ပြန်၏။ "ခင်ဗျားတို့ကို လှူမယ့်သူ မရှိဘူးလား"ဟူ၍ ဖြစ်သည်။ ငနဲက လူလည် ဖြစ်ဟန်တူ၏။
"ငါမေးတာ အကြောင်းရှိတယ်"ဟု ဆန့်တငင်ငင် ကျန်မည့်စကား ဆိုထားသည်။ "ခင်ဗျားတို့ ပုံမှန် အလုပ်ရောလုပ်လား"ဟု အထက်စီးကပါ ထပ်၍မေးသည်။ တော်လှန်ရေးသမားဆိုသူများ ဘာမသိညာ မသိအမေးမြန်းခံရခြင်း၊ အဖြဲခံရခြင်းများကြောင့် ဒေါသထွက်သွားဟန် ရှိ၏။ "အလုပ်လုပ်လား၊ မလုပ် လား မုံရွာဘက် မြေပြင်ဆင်းကြည့်"ဟု ဘုနှင့်ဘောက် ဖြေလေသည်။ လူသစ်ငနဲက "ကျုပ်က မောင်ကျော်ကို ပြောနေတာ"ဟု ဆိုသဖြင့် တော်လှန်ရေးသမားများက တော်လှန်ရေးဂရုထဲ ဘာတွေလာပြော နေမှန်းမသိသည့် ငနဲကို ဝိုင်းဆဲကုန်ကြလေသည်။ ငနဲကလည်း အလျှော့မပေး။ "ဝေ့မနေနဲ့ ဘာလိုတာလဲသာပြော"ဟု ပြန်၍ ပြောလေသည်။ တော်လှန်ရေးအဖွဲ့သားများ အူကြောင်ကြောင် ဖြစ်ကုန်ကြ ၏။ အနည်းငယ် စိတ်ရှည်သည်းခံ တတ်သည့် တော်လှန်ရေးသမားတစ်ဦးက "တစ်လကို ဆန် ၁၀ အိတ်၊ ဆီနှစ်ပုံး လိုတယ်။ အခု လဝက်ကျော်နေပြီ ဆန်သုံးအိတ်နဲ့၊ ဆီတစ်ပုံးပဲ ရသေးတာ"ဟု ရှင်းပြလေသည်။ ထိုငနဲက ထပ်၍ ကွန့်ပြန်၏။ "ခင်ဗျားတို့ကို NUG က မထောက်ပံ့ဘူးလား"ဟု ထပ်၍ မေးပြန်၏။ တော် လှန်ရေးသမားများ အစွမ်းကုန် ဒေါသထွက်ကုန် ကြလေသည်။ သူတို့ကို လှူမည့်သူအထင်ဖြင့် စိတ်ရှည် သည်းခံ ဖြေကြားခဲ့သမျှ NUG မထောက်ပံ့ဘူးလားဟူသည့် မေးခွန်းနှင့်ပင် အရှိုက်ထိုးခံရသည့်ပမာ ထိုငနဲကို Group ထဲက ထုတ်ဟု တညီတညွတ်တည်း ဆုံးဖြတ်၍ Group ထဲက ထုတ်ပယ်လိုက်သည်။ ကူညီထောက်ပံ့မည့်သူ မလာဘဲ ဟိုရစ်၊ သည်ရစ် လာလုပ်သည့်သူကို စိတ်မရှည်နိုင် ဖြစ်သွားကြသေးသည်။ တော်လှန်ရေးသမားတစ်ဦးက ပြောလိုက်သေးသည် "အခုအချိန်မှာ ဘာတွေ လာမေးနေလဲ မသိဘူး၊ ဒါတွေ မေးရမယ့်အချိန် မဟုတ်ဘူး။ အခုဆို ပုလဲနယ်ဘက်မှာ တပ်က အင်အားတွေ ဖြန့်ထားတာ မနည်းဘူး၊ ဒီမှာ စားစရာတောင် မရှိဘူး"ဟူ၍ ညည်းနေသဖြင့် ယူတို့အစား သနားစရာကွယ် အားနာတယ်ဟူ၍ စိတ်ထဲတွင် ပေါ်လာမိတော့ သည်။
စာလေးဘာလေး ဖတ်ကြပါဦး
"အောင်မယ် ချုံကို တော်တော်ရှာပြီး ရိုက်ထားရပုံပဲ။ မသိရင် တောထဲရောက်နေသလိုလို"ဟု အမြင်စူးရှသူတစ်ဦးက မှတ်ချက်ပြုထားလေသည်။ အကြောင်းက ပိုင်ဖြိုးသု၏ Movie တစ်ခုကို ကြည့်ပြီး မှတ်ချက်ပြုထားခြင်းပင်ဖြစ်သည်။ ထိုသူ၏ မှတ်ချက်ကို ဖတ်ကြည့်မိမှ သူပြောသည်မှာ ဟုတ်ပေသားဟု သတိထားမိသွား၏။ သူ့ခမျာ တော်လှန်ရေးအတွက် တောထဲမှ အလှူခံနေသည့်အသွင်သဏ္ဌာန် ဖြစ်စေရန် မြက်ခင်းစိမ်းစိမ်းနှင့် ချုံပုတ်ထူထူ ရှာထားရပုံရသည်။ သို့သော် အငဲ၏ အိမ်သီချင်းထဲက 'ခြံဝင်းနဲ့ မြက်ခင်းနဲ့'ဆိုသည့် စာသားကဲ့သို့ သူ၏ တောအသွင်သဏ္ဌာန် မပေါ်ဘဲ ခြံဝင်းထဲက မြက်ခင်းနှင့် မာလီက စနစ်တကျညှပ်ထားသည့် ဥယျာဉ်ပုံစံက ဖျောက်မရ ဖြစ်နေလေသည်။ ပိုင်ဖြိုးသုပြောသည်က ' NUG MoD ကနေပြီး စီစဉ်ဆောင်ရွက်နေတဲ့ Save School Save Education ဆိုတဲ့ ကမ်ပိန်းလေးနဲ့ မိတ်ဆက်ပါ ရစေ"ဟုဆိုကာ ဘာလာလာ ဒေါင်းမည့် ပိုကာကစားသူကဲ့သို့ ဘာအကြောင်းအရာလာလာ အလှူခံမည့် အဖွဲ့က အလှူခံကြလေသည်။ တောမရောက် တောင်မရောက်ဟု ဆိုရမလိုဖြစ်ပြီး တောထဲတောင်ထဲ မရောက်သည်ကို ရောက်နေသ ယောင် ဟန်ဆောင်နေသူကိုကြည့်ပြီး သနားပင်သနား မိသွား၏။
သူတို့ကလည်း ဘာနေနေ အလှူခံမည်ဟု ဆုံးဖြတ်ထားသူများပီပီ အလှူခံနေလေရာ သူတို့ Movie ကိုကြည့်ပြီး မည်ကဲ့သို့ တုံ့ပြန်ကြသနည်းဟု စိတ်ဝင်စား၍ စပ်စုကြည့်မိသည်။ ချုံတော်တော်ရှာရသည်ဟု အထက်တွင်ဆိုခဲ့သည့် မှတ်ချက်မှစပြီး 'ကျောင်းဆရာ၊ ဆရာမတွေ အသတ်ခံရတုန်းက ဘာအသံမှမ ထွက်ဘူးနော်"ဟု ထိပ်ပုတ်ခေါင်းပုတ် မေးခွန်းဖြင့် မှတ်ချက်ပြု သူကိုလည်း တွေ့ရ၏။ ဒါလည်း မှန်ပေသားပဲဟု အတွေးပေါ်မိ၏။ "ကလေးငယ်တွေ ဘေးကင်းဖို့ ကျွန်မတို့ ချမ်းသာစို့"ဟု Sologan အကြံပေးသူလည်း ရှိပြန်၏။ 'နင်တို့ပြောတော့ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆို'၊ ' PDF တွေကသာ ကလေးတွေကြား မနေရင် ကလေးတွေက လုံခြုံပြီးသားပါ}၊ 'ကိုယ်ကျ ကျည်လွတ်ရာ တောထဲထင် အောင် ရိုက်ပြနေသေး'၊ 'တကယ်ကွာ သူတို့အစား ရှက်လွန်းလို့ ဘယ်လိုမျက်နှာတွေနဲ့များ လုပ်နေကြတာလဲ'ဟူ၍ မျိုးစုံ ဆွမ်းကြီးလောင်းနေကြလေသည်။ စာများကို ဖတ်အပြီး ထိုကလေးမလေး ပိုင်ဖြိုး သုနှင့်တကွ အလှူခံသူအပေါင်းကို အကြံတစ်ခုပြုချင်စိတ်ပင် ပေါ်လာမိတော့၏။ 'အလှူခံတာလည်း ခံပေါ့၊ မင်းတို့အလှူခံတဲ့အကြောင်းအရာအောက်က မှတ်ချက်လေးလောက်တော့ ဖတ်ကြည့်ကြပါဦး' ဟူ၍ ဖြစ်သည်။
NUG ကို သွေးတိုးစမ်းသည့် NRA
သူတို့ တော်တော် မကျေမနပ်ဖြစ်နေကြလေသည်။ သူတို့ဆိုသည်မှာ NUG နှင့် နောက်လိုက်အပေါင်းအပါ PDF အပါအအဝင် တော်လှန်ရေး ဘက်တော်သား ဆိုသူများ မကျေမနပ် ဖြစ်နေကြခြင်းကို ဆိုလိုပါသည်။ သည်ဇာတ်လမ်း ဘယ်ကစသလဲဟုဆိုလျှင် မတ္တရာ၊ သပိတ်ကျင်းဘက်တွင် တော်လှန်ရေးအတွက်ဟုဆိုကာ ရွှေတူးပြီး ရွှေသူဌေးဖြစ်သွားသူ တေဇာစန်းတို့က စသည်ဟု ပြောရမလားပင် ဖြစ်သည်။ တော်လှန်ရေး လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိလာချိန် တော်လှန်ရေးက ရှေ့မရောက်ဘဲ နောက်ပြန်လှည့်သွားသည်ဟု ဆိုကာ NUG ကို ပြုပြင်ပြောင်းလဲရမည့်အကြောင်း အချင်းချင်း စားခွက်လု ဖောင်းထုရာကစသည်ဟု ဆိုနိုင်ပါသည်။ တော်လှန်ရေး လေးနှစ်ကျော် ငါးနှစ်နီးပါးအချိန်အထိ တော်လှန် ရေး တိုးတက်မလာဘဲ တော်လှန်ရေးခေါင်း ဆောင်နှင့် တော်လှန်ရေး ထောက်ပို့သူများသာ တိုး တက်လာသည်ကို တေဇာစန်းက သူ ရွှေသူဌေးဖြစ်သွား သည်ကို မဝေဖန်နိုင်အောင်သူက အရင်ဦးအောင် ဖောင်းထုလိုက်ခြင်းဖြစ်သည်။ ထိုမြားချက်က NUG နှင့် PDF တို့ ရင်ဝကို တည့်တည့်ထိသည်ဟု ဆိုနိုင်ပါ သည်။ သည်အခြေအနေကို လက်နက်ကိုင် ခွက်ခေါက်နေရသည့် PDF တို့က မကျေနပ်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဖျာဝင်ခင်းသည်က Nationwide Revolutionary Alliance (NRA) နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး မဟာ မိတ်တပ်ပေါင်းစုဆိုသည့် အဖွဲ့ပင်ဖြစ်သည်။ ထို NRA က နိုင်ငံရေးကော်မရှင်၊ စစ်ရေးကော်မရှင်၊ ဘဏ္ဍာရေး ကော်မရှင်နှင့် နိုင်ငံခြားရေးကော်မရှင်ဟူ၍ အကြမ်းဖျင်း ဖွဲ့စည်းထားသည်။ လတ်တလော ဆက်သွယ်ရန်အတွက် ဆရာဦးသန်းစိုးနိုင် (မည်သူက သူ့ကို ဆရာခေါ်သည်မသိ ခပ်တည်တည်နှင့် ဆရာဟု အမည်ရှေ့တွင် တပ်ထားလေသည်) ဦးမျိုးထိုက်တန်သိန်းနှင့် ဦးလူမြတ်ကျော်တို့က သြဂုတ် ၁၃ ရက်တွင် စတင်ဖွဲ့ စည်းလိုက်လေသည်။
အထက်ပါအကြောင်းအရာကို ပြန်ကောက်ရလျှင် သူတို့ တော်တော်မကျေမနပ် ဖြစ်နေကြလေသည်။ မည်မျှ မကျေနပ်ကြောင်း ဤစာအနည်းငယ်ကို မြည်းစမ်းကြည့်ကြည့်ပါ။ "လောင်မြိုက်ကြောင် တစ်ကောင် (လူမြတ်ကျော်ကို ပြောခြင်းဖြစ်) မဲဆောက်က တမာတော လက်ဖက် ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန်နဲ့ ဘယ်သူမှ သူ့လောက်အသုံးမကျကြောင်း ဝေဖန်ပြောဆိုနေပုံဟာ မဲဆောက်ရောက် မြန်မာတွေရဲ့ မနက်ခင်းတိုင်း တွေ့မြင်နေကြ မြင်ကွင်းဖြစ်ပါတယ်"ဟု NRA ထိပ်သီးထဲက လူမြတ်ကျော် ကို စ၍ ဖဲ့လေသည်။ ဤစာ၏ အသွားအလာကိုကြည့်လျှင် NRA ကို တော်တော် ပေါက် ကွဲနေပုံရသည်။ ထိုအထဲက လူမြတ်ကျော်နှင့် မျိုးထိုက်တန်သိန်းတို့လို နိုင်ငံရေးကျပ်မပြည့်သူကို ပက်ပက်စက်စက် ပြောထားရာ စာမျက်နှာကို ငဲ့ကွက်၍ အပြည့်အစုံ မပြောတော့ချေ။ ရှေးကွန်မြူနစ်ဟောင်းကြီး ဦးသန်းစိုးနိုင်ကိုတော့ သိပ်မဝေဖန်ကြဘဲ အတွေးအခေါ် ခေတ်မမီတော့သူဖြစ်ကြောင်း ဖိဖိဖော့ဖော့ ရေးသားကြလေသည်။ တော်လှန်ရေးသမားဆိုသူတို့ကသာ မကျေနပ် NRA က သူတို့၏ လက်အောက်သို့ဝင်မည့်အဖွဲ့က ၁၀ ဖွဲ့ခန့်ပင် ရှိသည်ဟု ဆိုလေသည်။ NRA က ဗိုလ်နဂါးအပါအဝင် ၁၀ ခန့်ရှိသည်ဟု ဆိုသောအခါ တော်လှန်ရေး ဘက်တော်သားများက "ချောင်းဦးနဲ့ စစ်ကိုင်းလမ်းကြောပေါ်မှာတောင် တော်လှန်ရေးအဖွဲ့ နာမည်က တစ်ရာလောက်ရှိတာ"ဟု အချင်းချင်း ဖော်ကြလေသည်။ တော်လှန်ရေး သမားများ စိတ်ပျက်မည်ဆိုလျှင်လည်း စိတ်ပျက်စရာပင် ဖြစ်သည်။ လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိသည့် NUG ကလည်း တော်လှန်ရေးဟုဆိုလျှင် ထိပ်ပိုင်းမှ အောက်ခြေအထိ အလှူခံနေကြ၏။ NUG ကိုယ်တိုင်က အလှူခံနေပြီး သူ့နောက်လိုက်ငယ် သားများပါ သူတောင်းစားအငယ်စား ဖြစ်ကုန်ကြရသည်။ ထိုသို့ NUG ကို မကျေနပ်၍ နောက်ထပ် ဖွဲ့စည်းသည့် NRA ဆိုသည့်အဖွဲ့ကလည်း နှစ်ယောက်တစ်ပိုင်းအနက် အကျင့်စာရိတ္တ မကောင်းသူက သုံးပုံနှစ်ပုံ ဖြစ်နေလေသည်။ အမှန်က NUG မကောင်းသောကြောင့် NRA က သွေးတိုးစမ်းလိုက်ခြင်း ဖြစ်သည်။ NUG ကို သွေးတိုးမစမ်းနှင့်ဟု ဆိုပါရစေ။ NUG တွင် သွေးတိုးပါမက ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊ အသည်း တစ်ခုမှမကောင်း ဟူ၍ ဆိုနိုင်မည်ဖြစ်သည်။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )