နေပြည်တော်၊ ဒီဇင်ဘာ ၁၁
ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးသည် တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယခုကျင်းပတဲ့ အမျိုးသားအား ကစားပွဲတော်ကြီးကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနဲ့အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်မယ့် အဆင့်မီအားကစားသမားများနဲ့ အလားအလာရှိတဲ့ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နဲ့တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာစေရေးနဲ့ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှား လာစေရေးဆိုတဲ့ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားအားကစားပွဲတော်ကြီးက နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာနဲ့ အမျိုးသားတို့ရဲ့ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများနဲ့အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်တဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်ဟု နိုင်ငံတော် ဝန်ကြီးချုပ်က ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပြီး ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟူသည့် အချက်သည် အမြင့်မားဆုံး ခံယူချက်ပင်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထပ်မံပြောကြားသည်။
အားကစားကို မြှင့်တင်ဆောင်ရွက်ခြင်းကို မွန်မြတ်တဲ့ လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော်အတွက်အရေးပါတဲ့ အမျိုးသားရေးတာဝန်တစ်ရပ်လို တန်ဖိုးထားပြီး ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံအတွက် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်တဲ့၊ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံကို အကျိုးပြုနိုင်မယ့် လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ပေးနိုင်မှာ ဖြစ်တယ်။
အားကစားယှဉ်ပြိုင်ရာမှာလည်း အားကစားစိတ်ဓာတ်ရှိဖို့ အလွန်အရေးကြီး ပါတယ်။ လူတိုင်းဘဝမှာ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ အနိုင်မခံ အရှုံးမပေးတဲ့စိတ်၊ မိမိကိုယ်ကို ယုံကြည်ရဲရင့်တဲ့ စိတ်များနဲ့ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ စိတ်မျိုးကို အားကစားစိတ်ဓာတ်က ရစေနိုင်ပါတယ်။ ဒါကြောင့်လည်း အားကစားနဲ့ပတ်သက်လို့ ခံယူချက်အမျိုးမျိုးရှိတဲ့အတွက် အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်ဆိုတဲ့အချက်က အမြင့်မားဆုံးခံယူ ချက် ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော် အပါအဝင် ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသားအားကစားပွဲတော်များမှ အားကစားနည်းအလိုက် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ်။ မြန်မာ့အားကစားသမိုင်းကိုကြည့်ရင် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က မြန်မာ့အားကစား ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတွေ ဖြစ်တာကို တွေ့ရပါတယ်။ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းအနေနဲ့ အသန့်ရှင်းဆုံးအသင်းဆုကို ဆွတ်ခူးပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်းများလည်း ရှိခဲ့ပါတယ်။ ရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အားကစားသမားဟောင်းကြီးများစွာ ရှိခဲ့တဲ့အနက် ဗိုလ်ကြီး တင်အောင်(ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးသန်း စိုး(ခ)ဆပ်သီး၊ ဦးနန္ဒကျော်စွာ၊ ဦးဘုန်းမြင့်၊ ဦးမြင့်အောင်၊ ဦးသန့်ဇင်၊ ဒေါ်ဂျနီဖာတင်လေး၊ ဒေါ်သန်းသန်း၊ ဒေါ်မာမာမင်း၊ ဒေါ်ခင်မူမူ၊ ဒေါ်နုနုရီ၊ ဗိုလ်မှူးမြင့်စိုး၊ ဒေါ်ကျင်လွမ်တို့လို ပုဂ္ဂိုလ်များက ယနေ့ထိတိုင် သက်ရှိထင်ရှား ကျန်းမာစွာနဲ့ အားကစားလုပ်ငန်းများကို တတ်စွမ်းသရွေ့ ထမ်းဆောင်လျက် ရှိနေကြပါတယ်။ အဲဒီအတွက် များစွာ ဂုဏ်ယူပါတယ်။
ခေတ်အဆက်ဆက်က မိမိတို့ရဲ့ တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင် အားကစားသမားများက နိုင်ငံတကာပြိုင်ပွဲများမှာ ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့တယ်။ မိမိတို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်မှာ အလံတိုင်ထိပ်ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံတကာပြိုင်ပွဲများမှာ မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိတဲ့ အားကစားအောင်မြင်မှုများက နိုင်ငံ့ဂုဏ်သိက္ခာကိုအလွန်မြင့်မားစေပြီး နိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်း ဖြစ်တဲ့အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ အလေးအနက် မှာကြားလိုပါတယ်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူငယ်များ၏ ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန် အားကစားသမားတွေ ပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်ထိ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက် ရှိသောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများ အပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင် ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏ အားကစားအဆင့်အတန်းသည် ပြန်လည် ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှုအထိုက် အလျောက် ရနေပြီလည်း ဖြစ်ကြောင်း၊ အားလုံးကထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခု ထက်ပိုပြီး အောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုး ရရှိအောင်၊ နိုင်ငံတကာ အလယ်တွင် မြင့်မြင့်မားမား ရပ်တည်နိုင်အောင် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ယခု အားကစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့်လည်း အောင်မြင်မှုရအောင်၊ နိုင်ငံ့လက်ရွေးစင်ဖြစ်အောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်း မှာကြားသည်။

လက်ရှိအချိန်တွင်လည်း နိုင်ငံတော်အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဆုကြေးငွေ အပါအဝင် ဂုဏ်ပြု ချီးမြှင့်မှုများကို ထိုက်ထိုက်တန်တန် တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် လစဉ်ထောက်ပံ့ကြေးများနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် အမျိုးသားအားက စားပွဲတော်ကို ၁၉၉၂ ခုနှစ် မေ ၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၂ နည်းဖြင့်လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၄ နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါ ရီ ၁၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌အား ကစားနည်း ၂၉ နည်းဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော် ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ အားကစားနည်း ၂၇ နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှု ရရှိစေရန်၊ နိုင်ငံ့ဂုဏ် ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုး ဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထု တစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်း လေးနည်း၊ စုစုပေါင်း ၃၃ နည်းတို့ဖြင့် ဒီဇင်ဘာလ အစောပိုင်းမှစတင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိသည်။
မသန်စွမ်းအားကစားနည်းပြိုင်ပွဲများအား ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအဆင့် အားကစားနည်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။ ကွန်းဈာန်