သဘာဝဘေးအန္တရာယ်နှင့် စာမေးပွဲ

၂၀၂၅ ၊ မတ် ၂

    သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ်ခြင်း၊ ဆီးနှင်းပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်းဒဏ်ခံရခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်းအန္တရာယ်ဖြစ်ပေါ်ခြင်းကြောင့်သော် လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန်များကြောင့် ဖြစ်စေ၊ အပင်ရောဂါကြောင့်ဖြစ်စေ ပျိုးခင်းစိုက်ခင်းများ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးမှုဖြစ်ခြင်း၊ လူ (သို့မဟုတ်) တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်းကြောင့်သော် လည်းကောင်း၊ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင် သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် သော်လည်းကောင်း၊ စက်မှုလုပ်ငန်းကြောင့်ဖြစ်စေ၊ ဓာတုလုပ်ငန်းကြောင့်ဖြစ်စေ၊ အဏုမြူကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်းကြောင့် ဖြစ်စေ၊ သဘာဝဓာတ်ငွေ့များ ယိုစိမ့်ခြင်းကြောင့်ဖြစ်စေ အန္တရာယ်ဖြစ်ပေါ်ခြင်းကြောင့် လည်းကောင်း အများပြည်သူ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများကို ဆိုသည်။ ယင်းစကားရပ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်သည့် အခြားဘေးအန္တရာယ်တစ်ခုခုလည်း ပါဝင်သည်။
    ဖော်ပြပါ သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်ပါက အိုးအိမ်များ ပျက်စီးခြင်း၊ မိဘဆွေမျိုးများ အသက်ဆုံးရှုံးခြင်း၊ ကြောက်စိတ်များကြောင့် စိတ်ဒဏ်ရာများ၊ စိတ်ကျရောဂါများ ဖြစ်ပေါ် သည့်အပြင် အာရုံစူးစိုက်မှုခက်ခဲခြင်း စသည်တို့ကို ခံစားကြရပါသည်။ ထိုသို့ ခံစားကြရသူများတွင် ကျောင်းနေအရွယ် ကျောင်းသား ကျောင်းသူများလည်းများစွာ ပါဝင်ပါသည်။ ထို့ပြင် ကျောင်းသားကျောင်းသူများအနေဖြင့် သဘာဝဘေး အန္တရာယ်များကြောင့် ပညာသင်ကြား သင်ယူရာတွင် အနှောင့်အယှက်များ ရှိလာခဲ့သည်။ သဘာဝဘေးအန္တရာယ်များကြောင့် ကျောင်းများ ပိတ်ရခြင်း၊ စာမေးပွဲများကို ရွှေ့ဆိုင်းရခြင်း၊ ပြန်လည်ဖြေဆိုရခြင်းများကို ဆောင်ရွက်ခဲ့ကြရပါသည်။ 


အာရှဒေသတွင်းနိုင်ငံများကို သာဓကအနေနှင့်တင်ပြရလျှင် 
    ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံ ဆူနာမီငလျင်ကြောင့် ဂျပန်နိုင်ငံရှိ ကျောင်းများကို ပိတ်ခဲ့ရသည့်အပြင် ကျောင်းများ၏ စာသင်နှစ်ကိုလည်း သတ်မှတ်ရန် ခက်ခဲစေခဲ့ပါသည်။ SAT (Scholastic Assessment Test or Scholastic Aptitude Test) စာမေးပွဲကဲ့သို့ အလားတူသည့် National Center Test for University Admissions ကို ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် စာမေးပွဲကို ရက်များပြောင်း၍ အစိုးရက ပြန်လည်ကုစား ဖြေဆိုစေခဲ့သည်။
    ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်၌ ယိုလန်ဒါဟုခေါ်သည့် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများသည့်အပြင် ကျောင်းသားကျောင်းသူများ သေဆုံးခဲ့ပါသည်။ ပညာရေးဌာနက National Achievement Test ကို အချိန်ဇယားသစ် ပြန်လည်ရေးဆွဲပြီး မုန်တိုင်းတိုက်ခတ်သည့် ဒေသအတွင်း၌ ကုစား စာမေးပွဲများကို ပြန်လည်ဖြေဆိုစေခဲ့ပါသည်။
    ၂၀၁၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ ၇ ဒသမ ၈ ပြင်းအားဖြင့် ငလျင်လှုပ်ခတ်ခဲ့ပါသည်။ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းများကို ကယ်ဆယ်ရေး စခန်းများအဖြစ် အသုံးပြုခဲ့ကြရပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာသည့်အခါ School Leaving Certificate (SLC) စာမေးပွဲအား ပြန်လည်ဖြေဆိုရန် အချိန်ဇယားများ ရေးဆွဲခဲ့ရပါသည်။ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ စူလဝါစီ၌ ဆူနာမီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်အတူ ကျောင်းသား ကျောင်းသူများ စိတ်ဒဏ်ရာ ရရှိခဲ့ကြပါသည်။ ပညာရေးဝန်ကြီးဌာနက ၎င်းင်းတို့၏ စာမေးပွဲကို ရွှေ့ဆိုင်းခဲ့ကာ  ငလျင်ဒဏ်ခံရသည့် ဒေသရှိ ကျောင်းသား ကျောင်းသူများကို စာမေးပွဲ ပြန်လည်ဖြေဆိုစေခဲ့ပါသည်။
    ထိုသို့ ဆောင်ရွက်ကြရာတွင် ဒေသဆိုင်ရာ အစိုးရနှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း အသီးသီး၏ အားပေးကူညီမှုသည် အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု ဖြစ်သည်။ ဂျပန်နိုင်ငံတွင် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရသည့် ကျောင်းသားကျောင်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးများဖြင့်လည်း ကြည့်ရှု စောင့်ရှောက် ကူညီပေးခဲ့သည်။
    ယခုအခါ မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်စာစစ်ဌာနရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကချင်ပြည်နယ်များတွင် ဘာသာစုံဖြေဆိုထားသော ကျောင်းသားကျောင်း သူပေါင်း ၆၃၀၀၀ ခန့်၏ အဖြေလွှာများ မီးလောင် ပျက်စီးခဲ့ရသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ယင်းဒေသကြီးများ၏ ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲများ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲရက်များ သတ်မှတ်ခြင်း၊ လို အပ်သော ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့စေရေးအတွက် စီစဉ် ဆောင်ရွက်ထားရှိမှုများကို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက သတင်းမီဒီယာများကတစ်ဆင့် ရှင်းလင်း ဖော်ပြလျက် ရှိကြပါသည်။
    နိုင်ငံတကာတွင်လည်း သဘာဝဘေးအန္တရာယ်ကြောင့် စာမေးပွဲအဖြေလွှာများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့ဖူးပါသည်။ နိုင်ငံတကာတွင် ထိုကဲ့သို့သော ဖြစ်စဉ်မျိုးများကို အကြမ်းအားဖြင့် ဖြေရှင်းနည်း နှစ်မျိုးဖြင့် ဖြေရှင်းခဲ့သည်ကို တွေ့ရပါသည်-
 
   (က) စာမေးပွဲ ပြန်လည်ဖြေဆိုစေခြင်း၊
    (ခ) လပတ်စာမေးပွဲများနှင့် သင်ကြားခဲ့သော ဆရာ၊ ဆရာမများ၏ ခန့်မှန်းအမှတ်များဖြင့် အအောင်ပေးခြင်း၊

    စာမေးပွဲ မေးခွန်းအဖြေလွှာများ မီးလောင်ပျက်စီးခြင်းနှင့်ပတ်သက်၍ What Happens If the School Goes on Fire and the IB Exam Answer or Question Papers Get Burnt ဆောင်းပါးပါ အချက်အလက်များကို မှီးငြမ်း၍ တင်ပြလိုပါသည်-
  (က) စာမေးပွဲ မေးခွန်းအဖြေလွှာများ မီးလောင်ပျက်စီးသွားပါက သက်ဆိုင်ရာတာဝန်ရှိသူများက ပျက်စီးမှု၏ အတိုင်းအတာ၊ စာမေးပွဲမေးခွန်း အဖြေ စာရွက်များ၏ အခြေအနေများ ပါဝင်သည့် အသေးစိတ် ရှင်းလင်းထားသော အစီရင်ခံစာ တင်ပြရပါမည်။
    (ခ) စာမေးပွဲ ဖြေဆိုမည့်ရက်ကို သတ်မှတ်ပြီး လုံခြုံစိတ်ချရသော အခြေအနေ အောက်တွင် ပြန်လည်ဖြေဆိုစေရပါမည်။ 
  (ဂ) ဖြစ်စဉ်အခြေအနေအပေါ်မူတည်၍ အထူးအလေးပေး စဉ်းစားရမည့် အချက်များ၊ ပံ့ပိုးပေးရမည့် အချက်များကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်း စားပေးရပါမည်။
    (ဃ) ကျောင်းသားများအတွက် မျှတမှုရှိစေရန် အထူးအလေးပေး စဉ်းစားရမည်။ 
    (၁) စာမေးပွဲနောက်တစ်ကြိမ် ပြန်လည်ဖြေ ဆိုခိုင်းနိုင်သည်။
(၂) လပတ်စာမေးပွဲများနှင့် သင်ကြားခဲ့သော ဆရာဆရာမများ၏ ခန့်မှန်းအမှတ်များဖြင့် အအောင်ပေးနိုင်သည်။
  (င) စာမေးပွဲ အခြေအနေဖြင့် ဖြစ်ပေါ်လာသော လတ်တလောအခြေအနေများကို ကျောင်းသားများနှင့် မိဘများသို့ အဆက်မပြတ် အသိပေးနေရမည်။
  (စ) သဘာဝဘေးအန္တရာယ်ကြောင့် ရရှိခဲ့သည့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေရန် အကြံဉာဏ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းများ မဖြစ်မနေ လုပ်ဆောင်ပေးရမည်။
    (ဆ) အရေးပေါ် အခြေအနေများကြောင့် ကျောင်းသားများ မည်သူမျှ မကျရှုံးစေရန်၊ လွန်ကဲသော အခွင့်ထူးများ မရှိစေရန် သတိပြုရမည်။
    နိုင်ငံတကာဖြစ်စဉ်များအရမူ အလိုအလျောက် အအောင်ပေးခြင်းထက်၊ ပြန်လည်ဖြေဆိုခြင်းစနစ်ကို ရွေးချယ်ကြသည်ကို တွေ့ရှိရပါသ ည်။ မည်သည့်နည်းလမ်းအား ရွေးချယ်သည်ဖြစ်စေ အထူးအလေးပေး စဉ်းစားရမည့် အချက်များ၊ ပံ့ပိုးပေးရမည့် အချက်များကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးရပါမည်။ မည်သည့် ကူညီပံ့ပိုးမှုမှမရှိဘဲ ပြန်လည်ဖြေဆို ခိုင်းခြင်းမှာလည်း မဖြစ်သင့်သော အရာပင် ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ရရှိခဲ့သည့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျော့နည်းစေရန် အကြံဉာဏ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးခြင်းများ မဖြစ်မနေ လုပ်ဆောင် ပေးရပါမည်။ မိမိတို့ လိုလားချက်များအတိုင်းသာ လုပ်ဆောင်ပြီး ကျောင်းသားကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာကို ထည့်သွင်းမစဉ်းစားပါကလည်း မျှတမှုရှိမည် မဟုတ်ပေ။ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း စာမေးပွဲ ပြန်လည်ဖြေဆိုသည့်စနစ်ကို ရွေးချယ်ရန်လိုသည်ကို အများပြည်သူ နားလည်သဘောပေါက် လက်ခံနိုင်ရန် တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့်၊ အဆက်မပြတ် အသိပညာပေးနေရန် လိုအပ်ပါသည်။ ထို့အတူ စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများအတွက် လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီထောက် ပံ့ပေးမှုများကိုလည်း မဖြစ်မနေ ကူညီပေးရန် လိုအပ်ပါသည်။ 
    ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ၊ စိတ်ပိုင်းဆိုင်ရာများများ စွာ ထိခိုက်ပျက်စီးခဲ့ကြရသည့် ဒေသအသီးသီးရှိ ကျောင်းသား ကျောင်းသူများသည် သမိုင်းဇာတ်ခုံတွင် အတိတ်က ပွဲကြည့်ပရိသတ်များ ဖြစ်ခဲ့သည်။ ပစ္စုပ္ပန်တွင် ဇာတ်ဆောင်ကောင်းများ ဖြစ်လာကြပြီ ဖြစ်သည်။ အနာဂတ်တွင်မူ ဇာတ်ညွှန်းရေး ဆရာကောင်းများ မလွဲမသွေဖြစ် ကြရပေမည်။ ကမ္ဘာ့နိုင်ငံ အသီးသီး၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ သမိုင်းမှတ်တမ်းတွင် မလျှော့သော ဇွဲ၊ လုံ့လ၊ အားထုတ်မှုတို့ဖြင့် ကမ္ပည်းမှတ်တမ်းကောင်းများကို ရေးထိုးကြရဦးမည် ဖြစ်ပါသည်။  
     ဂျပန်နိုင်ငံသည် ငလျင်နှင့် ဆူနာမီဘေးတို့ မြောက်မြားစွာကြုံတွေ့ခဲ့ရဖူးသည့်အတွက် ယခု ခေတ်ကာလ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အားအကောင်းဆုံး နိုင်ငံအဖြစ် တည်ရှိနေပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် အဖြေလွှာများ ပျက်စီးခြင်း စသော အချက်အလက်များကို ရှာမတွေ့နိုင်ပါ။ ဤကဲ့သို့သော နိုင်ငံများ၏ အလေ့အကျင့် ကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို ထိရောက်စွာ ဆောင်ရွက်ထားရှိနိုင်ရန် လွန်စွာအရေးကြီးလှပါသည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43191

© 2022 - 2025 News. All Rights Reserved.