ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်းရေကန်များ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရားလမ်းဆုံမှ မင်းနန်သူကျေးရွာ အဝင်လမ်း၊ မိုးကုတ်ရိပ်သာ နောက်ကျောမှ ရွှေဆံတော်ဘုရားလမ်း၊ ဓမ္မရံကြီးဘုရားမှ ဓမ္မရာဇက ဘုရားသွားလမ်း၊ ဘူးလယ်သီးဘုရားအဝင်လမ်းမှ အာနန္ဒာဘုရား-မင်းနန်သူရွာအဝင်လမ်း၊ သရပါဂိတ် မှ ရွှေကွန်ချာဘုရားသွားလမ်း၊ ရွာဟောင်းကြီး - အနန္ဒမေတ္တာဘုန်းကြီးကျောင်း - အာနန္ဒာဘုရားလမ်း၊ သူဌေးကန်ကျေးရွာအဝင်လမ်း၊ တောင်ဘီရွာနှင့် ရင်မနားဘုရားသွားလမ်း၊ သိကြားပုန်းဘုရားသွားလမ်း၊ အာနန္ဒာဘုရားလမ်းဆုံမှ သရပါဂိတ်(ညောင်ဦး - ချောက်ကားလမ်းဟောင်း)၊ ကျောက်မျက်မှော်ဘုရားအဝင်လမ်း၊ ချောက်-စဉ့်ကူလမ်းမကြီးမှ ဘုရားအမှတ်(၁၀၆၂) ဘုရားအဝင်လမ်း၊ ချောက်-စဉ့်ကူလမ်းမကြီးမှ စေတနာကြီးဘုရားအဝင်လမ်းတို့ လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရှေးဟောင်း ရေကန်များ တူးဖော်ဆောင်ရွက်နေသည့် အခြေအနေများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များသည် ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့်အညီ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန် ယူ ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းရေကန်များ ဖြစ်သည့် ကုသိနာရုံကန်၊ ကန်သစ်ကြီးကန်၊ မြေနှဲ လေးကန်-၁၊ ကန်ရှည်လျားကန်တို့ကို ပြန်လည်တူးဖော် ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းလမ်းများ အဆင့်မြှင့်တင်ပေးခြင်းဖြင့် ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်၍ ပုဂံဒေသအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်ကာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက် အကူပြုမည်ဖြစ်သည်။ နဒီ