ကောလာဟလသတင်းများကြောင့် ခရီးသွားမည့်သူများ စိုးရိမ်မှုမရှိကြရန် ကမ်းခြေဒေသခံများ ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၅
    လူမှုကွန်ရက်များတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်အတွက် ကမ်းခြေဒေသ ခရီးစဉ်များကို သွားရောက်ခြင်းမပြုရန်နှင့် ကြိုတင်ခရီးစဉ်လက်မှတ်များ ပြန်လည်ရောင်းချရန် ပြောကြားနေသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်မှုမရှိရန် ဒေသခံများက ပြောကြားသည်။
    ယခုနှစ် ပွင့်လင်းရာသီခရီးသွားရာသီတွင် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံ ကမ်းခြေများသို့ ခရီးသွားဝင်ရောက်မှု မြင့်တက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများရှိလာနိုင်ကြောင်း ကောလာဟလသတင်းများကို လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခဲ့ခြင်းကြောင့် အချို့ခရီးသွားများက ကြိုတင်ခရီးစဉ် လက်မှတ်များကို ပြန်လည်ရောင်းချရန် ပြင်ဆင်ခြင်း၊ ခရီးစဉ်လုံခြုံရေးအတွက် မေးမြန်းခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။ "ခရီးသွားဖို့က လကုန်ရက်ဖြစ်နေတော့ ခုသတင်းတွေ ကြားနေရတာကြောင့် ခရီးပဲ သွားရမလား။ လက်မှတ်တွေပဲ ပြန်ရောင်းရမလား ဝေခွဲမရ ဖြစ်နေတယ်။ ဒေသခံတွေကတော့ အခြေအနေ တည်ငြိမ်တယ် ပြောပါတယ်"ဟု ရန်ကုန်မြို့မှ ငွေဆောင်ကမ်းခြေသို့ သွားရောက်ရန် စီစဉ်နေသူတစ်ဦးက ပြောသည်။
    ကောလာဟလ သတင်းများကြောင့် ဒေသခံခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ယခုရက်ပိုင်းတွင် ဒေသအခြေအနေမှန်များကို ဖြေရှင်းနေရကြောင်း ငွေဆောင်ဒေသတွင်း ခရီးသွားပို့ဆောင်ရေး ပြုလုပ်ပေးနေသူကိုရဲသူက "ခုကတော့ဗျာ ကျောင်းပိတ်ရက်တွေပြီးသွားတော့ ဧည့်သည်နည်းနည်း ပါးသွားတာလွဲရင် ပုံမှန်ပါပဲ။ ပုံမှန်လည်ပတ် နေပါတယ်။ ပိတ်ရက်တွေလို ဧည့်သည်အများကြီး မရှိတာကလွဲရင် ဧည့်သည် ပုံမှန်အဝင်အ ထွက် ရှိနေပါတယ်။ အသွားအလာ တောက်လျှောက် ရှိနေပါတယ်။ ခရီးသွားတွေကို ပြောချင်တာကတော့ တချို့က သွားဖို့လာဖို့ တုံ့ဆိုင်းနေကြတော့ ဘာမှအန္တရာယ်မရှိပါဘူး။ စစ်တာဆေးတွေလည်း မရှိပါဘူး။ လက်ရှိ လာနေကြသူတွေရှိသလို ပြန်နေတဲ့သူတွေလည်း ရှိတယ်လေ။ ကောလာဟလ သတင်းတွေ ပျံ့နေပေမယ့် ငွေဆောင်မှာဘာ ပြဿနာမှ မရှိပါဘူး။ သတင်းတွေမျိုးစုံ ကြားနေရပေမယ့် မြေပြင်မှာက ထူးထူးထွေထွေ တင်းတင်းကျပ်ကျပ် ဘာမှမရှိပါဘူး"ဟုပြောကြားသည်။
    "ချောင်းသာမှာကတော့ ကျွန်မတို့ကတော့ ပုံမှန်ပဲ။ ဧည့်သည်တွေလည်း သောကြာနေ့လာ စနေ၊ တနင်္ဂနွေ လည်ကြပတ်ကြ ပြန်ကြနဲ့ပုံမှန်ပဲ။ ကြားရက်တွေလည်း လာကြတာပဲ။ စီးပွားရေး အရတော့ ချက်ပို့တစ်နေ့ကို အယောက် ၂၀ စာလောက် ပုံမှန်ရနေတာပဲ။ ဒေသခံတွေ အရောင်း အဝယ်မ ပြတ်ကြဘူး။ ဒီမှာ ပြောနေကြတာကတော့ ဒေသခရီးသွားလုပ်ငန်းကို ပျက်စီးစေချင်လို့ တမင်လုပ်ကြတယ်။ သတင်းမှားတွေဖြန့်ကြ တယ်လို့ပြောနေကြတယ်။ ဘေးမကင်းရင် အစိုးရက လည်းမသွားဖို့ ကြေညာပေးမှာပေါ့။ဒေသခံတွေကလည်း မလာဖို့ပြောမှာပေါ့။ ဒီမှာဘာမှမဖြစ်လို့ ဘေး ကင်းတယ်လို့ ခရီးသွားတွေသိအောင် ရှင်းပြတာပါ"ဟု ချောင်းသာဒေသခံ အစားအသောက် ချက်ပို့ရောင်း ချသူတစ်ဦးက ပြောသည်။
    ဧရာဝတီတိုင်းဒေသကြီးဟိုတယ် နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ သတင်းများအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်အထိ ငါးရက်တာအတွင်း ပုသိမ်မြို့ သို့ ခရီးသွားဦးရေ ၃၅၀၀ ကျော်၊ ငွေဆောင်ကမ်းခြေသို့ ခရီးသွားဦးရေ ၁၈၀၀၀ ကျော်၊ ချောင်းသာ ကမ်းခြေသို့ ခရီးသွားဦးရေ ၁၆၀၀၀ ကျော်နှင့် ရွှေသောင်ယံသို့ ခရီးသွားဦးရေ ၆၈၀ ကျော် စုစုပေါင်း ၄၀၀၀၀ နီးပါး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခရီးစဉ်များကို ခရီးသွား ၁၈ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွား ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 141

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43228

© 2022 - 2025 News. All Rights Reserved.