ရန်ကုန်၊ နိုဝင်ဘာ ၂၀
၂၀၂၄ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း ၅၂၀၀ ကျော်ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိူင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့သည်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများ၊ ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှု၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ လက်ခံသည့် နိုငံခြားငွေအမျိုးအစားများဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် ၄၅၀၀ ကျော် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ နဒီ