ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူပြီ

၂၀၂၄ ဧပြီ ၃၀

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ဉေယျဓမ်တောရမှာ ၁၃၈၆ ခု တန်ခူးလပြည့်ကျော် ၇ ရက် (၃၀-၄-၂၀၂၄) မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ခန္ဓာဝန်စွန့်တော်မူခဲ့ကြောင်း သတင်းရ ရှိပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ အဖျားဝေဒနာ ခံစားခဲ့ရပြီးနောက် ကျောက်ကပ် ရောဂါဖြင့် ခန္ဓာဝန်စွန့်တော်မူခဲ့ကြောင်း သိပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးကို ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၁ ရက် အင်္ဂါနေ့ည တစ်ချက်တီးအချိန်တွင် ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာ၌ ခမည်းတော် ဦးဘစံ+မယ်တော် ဒေါ်မေတို့မှ ဖွားမြင်တော်မူခဲ့ပါတယ်။ ၁၃၁၇ ခုနှစ်တွင် ရှင်ဉေယျ ဘွဲ့တော်ဖြင့် ရှင်သာမဏေ (ကိုရင်) ဝတ်ခဲ့ပြီး ငယ်စဉ်ကပင် ပညာသင်ကြားရင်း တရားအားထုတ်တဲ့ အလေ့အကျင့်ကောင်းများ ရှိခဲ့ပါတယ်။ ၁၃၂၂ တွင် မြင့်မြတ်သော ရဟန်းဘ၀ သို့ ရောက်ခဲ့ပြီး ဇီးကုန်း၊ ရွှေဘို၊ မော်လမြိုင်၊ ပုသိမ်စသော မြို့ကြီးများတွင် ပရိယတ္တိပညာများ ဆည်းပူးသင် ယူခဲ့ပါတယ်။ ၁၃၂၇ ခုနှစ် ဓမ္မာစရိယတန်း အရောက်မှာ လူထွက်ခဲ့ပြီး ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ အခြေချနေထိုင်ခဲ့ ပါတယ်။


    လူဝတ်(ရသေ့ဝတ်)ဖြင့် တန်ခိုးကြီးဘုရားများတွင် အဓိဋ္ဌာန်ဝင်ကာ သမထ(ဝိဇ္ဇာ) ကျင့်စဉ်များ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။ ဥပဇ္ဈာယ်ဆရာရင်းဖြစ်သူ အဘဝိမလရဲ့ လမ်းညွှန်ချက်ဖြင့် ၁၃၄၁ ခုနှစ်မှာ ရန်ကုန် မဟာစည်ရိပ်သာကြီးမှာ ဝိပဿနာတရားများ စတင်အား ထုတ်ခဲ့ပါတယ်။
    မဟာစည်ရိပ်သာ တရားအဆင့်မြင့်တက်ခဲ့ ပြီး ၁၃၄၁ ခုနှစ် တော်သလင်းလဆန်း ၁၂ ရက်မှာ အဘဝိမလကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့ ဘောက်ထော်၊ ခေမာသီဝံကျောင်းခဏ္ဍသိမ်မှာ မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်တော်မူခဲ့ပါတယ်။ ရဟန်းဖြစ်ပြီး တစ်ဝါအရ မှာပင် ၁၃၄၂ ခုနှစ်မှစ၍ သာစည်မြို့ နယ် ရွှေကျောင်း ကုန်းတောင်တွင် ဓူတင်ဆောင်ရဟန်းအဖြစ် တောရဆောက်တည်တော်မူခဲ့ပါတယ်။ တောထွက်သည်မှစ၍ ယနေ့ ခန္ဓာဝန်ချသည့်တိုင်အောင် မြန်မာပြည်အရပ်ရပ် တောတောင်များတွင် လှည့်လည်သီတင်းသုံး အားထုတ်ရင်း သာသနာပြုတော်မူခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ မွန်ပြည်နယ် ဇင်းကျိုက်တောင်၊ နေပြည်တော် ပျဉ်းမနား လက်လုပ်တောင်၊ မိုင်းပျဉ်းမြို့နယ် သုဝဏ္ဏသျှမ်တောင်၊ ကန့်ဘလူမြို့နယ် ဇာတိမြေ နတ်တလူ၊ ပုံတောင်ပုံညာ မဟာမြိုင်တောကြီး၊ မိုးမိတ်၊ ဗန်းမောက်မြို့နယ် ရွှေနှစ်တောရ၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ် ဉေယျဓမ်တောရတို့မှာ နှစ်ပေါင်း ၄၀ ကျော်ကြာ တောရဆောက်တည်ကာ သမထ ဝိပဿနာ တရားများအား ထုတ်ရင်း သာသနာပြုတော်မူခဲ့ပါတယ်။


    
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ ကျမ်းစာအုပ်ပေါင်းများစွာ ပြုစုတော်မူခဲ့ရာ ၂၀၂၃ ခုနှစ်အထိ ကျမ်းစာအုပ်ပေါင်း ၃၀ နီးပါးခန့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ (ပုံနှိပ်ရန် လက်ရေးစာ မူကျမ်းစာအုပ်မှာလည်း ဓမ္မအမွေအဖြစ် ထားရစ်ခဲ့တော်မူခဲ့ပါတယ်)။ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးဟာ ငယ်စဉ် ကိုရင်ဘဝကပင် ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီး အတုယူအားထုတ်ကာ သာသနာ ပြုတော်မူခဲ့ပါတယ်။ ဇာတိမြေ နတ်တလူတောရတွင် ၁၃၆၀ ပြည့်နှစ်က တည်ထားခဲ့သော 'မင်းဘိသိက်ခံ ဘုရား'ကို ဉာဏ်တော် အတောင် ၁၈၀ အထိ တိုးမြှင့်တည်ထားရန် လမ်းညွှန်စီမံတော်မူခဲ့ပြီးနောက် ဉေယျဓမ်တောရတွင် ခန္ဓာဝန် စွန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ် ခြင်းမပြုဘဲ ပကတိအတိုင်း ထားရှိပူဇော်သွားမယ်လို့လည်း သိရပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဘဝဖြစ်စဉ်နှင့် ဓမ္မကျင့်စဉ်များ ကို ၂၀၂၂ ထုတ် TREND ဂျာနယ် အတွဲ (၁) အမှတ် (၃) မှစတင်၍ ယခုတိုင်အောင် ဖော်ပြပူဇော်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသွားခြင်းအတွက် အားလုံးသော ရဟန်းရှင်လူ တပည့်ဒကာများနှင့် ထပ်တူ TREND ဂျာနယ် ဝိုင်းတော်သားများ ယူကြုံးမရခြင်း များစွာဖြင့် ရှိခိုးပူဇော်လိုက်ရပါတယ်။

Total Views ~ 424

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43072

© 2022 - 2025 News. All Rights Reserved.