ငြိမ်းချမ်းရေးအတွက် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ဟု နစက ဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂
    ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှု လွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 
    ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ပြာသိုလဆန်း ၁ ရက်တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။ 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာ‌ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ် တစ်ခုဖြစ်ကြောင်း လွတ်လပ်‌ရေးရရှိပြီး နောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ  လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်မငြိမ် မအေးမချမ်း ဖြစ်နေခြင်းကို သတိထားသင့်ကြောင်း ပြောကြားသည်။ 
    ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကာ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။ 
    ဆက်လက်၍ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာနေရာ ဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီးအေးချမ်းရေးကို ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။             ထူးမြတ်

Total Views ~ 116

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43198

© 2022 - 2025 News. All Rights Reserved.