ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပြည်တွင်းရှိ နာနတ်သီးများကို တရုတ်နိုင်ငံသို့ GACC စနစ်ဖြင့် တင်ပို့လိုသူများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
လျှောက်ထားရာတွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) မှ အသိပေးပြီးနောက်ပိုင်း လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးရုံးတွင် လျှောက်လွှာရယူပြီး တင်ပြလျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းတွင် နာနတ်သီးအဓိက စိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလအတွင်း ခူးဆွတ်လေ့ ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် ဇွန်လ ၁၆ ရက်တွင် အဆိုပါ လမ်းကြောင်းကို တရားဝင် ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီး လုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း တင်ပို့မှုပမာဏမှာ နည်းပါးနေသေးကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
GACC ၏ ကြေညာချက်အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့လိုသော နာနတ်သီး စိုက်ခင်းများနှင့် ထုပ်ပိုးသည့် စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ အဆိုပါ စိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွား မည်ဖြစ်ပြီး ၎င်း၏ဝက်ဘ်ဆိုက်တွင် အတည်ပြုထားသော စာရင်းကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသူများအနေဖြင့် ပြည့်စုံသော အရည်အသွေး စီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များနှင့် ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်များနှင့် ပိုးမွှားစီမံခန့်ခွဲမှု နည်းစနစ်များကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အသီးများနှင့် အရွက်များတွင် အင်းဆက်ပိုးမွှားများ၊ ခရုများ၊ မြက်မျိုးစေ့များ၊ အပင်အကြွင်း အကျန်များနှင့် မြေကြီးကဲ့သို့ အမှိုက်များ ကင်းစင်စေရန်အတွက် စစ်ဆေးခြင်း၊ ရေဖြင့်ပွတ်တိုက်ဆေးကြောခြင်း သို့မဟုတ် ဖိအားမြင့် ရေပိုက်ဖြင့် ဆေးကြောသန့်စင်ခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ သက်မှူး