တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ချိုင်းနားတောင်းပွဲဈေး ခုနစ်ရက်ကြာ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ချိုင်းနားတောင်းပွဲဈေးကို ရန်ကုန်မြို့ လာသာမြို့နယ် မဟာဗန္ဓုလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၂၅ ရက်မှစ၍ ခုနစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
    တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ချိုင်းနားတောင်းပွဲဈေးတွင် အလှကုန်၊ လူ သုံးကုန်၊ အစားအသောက်မျိုးစုံတို့ ရောင်းချသည့် ဈေးဆိုင်ခန်းများ တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရိုးရာခြင်္သေ့၊ နဂါးအကအလှ ပြိုင်ပွဲများ၊ နာမည်ကျော် DJ နှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများလည်း ပါရှိပြီး အလှဓာတ်ပုံရိုက်ရန် ဖန်တီးထားကြောင်းလည်း ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    "ကျွန်တော်တို့ကတော့ နှစ်ကူးပွဲတော်ကို ခုနစ်ရက်ကြာ ကျင်းပသွားမှာပါ။ လက်ရှိမှာတော့ ဈေးဆိုင်ခန်းတွေ အားလုံးနီးပါး ပြည့်သလောက် ဖြစ်နေပြီ။ စည်စည်ကားကား ကျင်းပသွားမှာပါ။ တရုတ်ရိုးရာ ခြင်္သေ့နဂါး အလှအကပြိုင်ပွဲတွေ၊ နာမည်ကြီး DJ တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ ရုပ်ရှင်ဂီတ သဘင်အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့ ကလေးတွေအတွက် အပျော်စီးလှေ၊ ကလေးကစားကွင်းတွေ၊ ဓာတ်ပုံရိုက်ကူးဖို့ အလှဆင်ပေးထားတဲ့ နေရာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်"ဟု ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ဈေးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ နံနက် ၇ နာရီ မှ ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိလည်းကောင်း လာသာမြို့နယ် မဟာဗန္ဓုလမ်းမကြီး (လမ်းမတော်လမ်းမှ လသာလမ်းအထိ)တွင် ကျင်းပမည်ဖြစ်ရာ ဈေးဆိုင်ခန်းနေရာများအတွက် ပွဲတော်ကျင်းပရေးကော်မတီ ၀၉ ၆၈၈၂၃၇ ၇၉၉၊ ၀၉ ၇၆၅၀၃၁၀၉၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်သည် တရုတ်နှစ်သစ်ကူးနေ့ဖြစ်ပြီး ယခုလာမည့် နှစ်သည် မြွေနှစ်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 138

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43194

© 2022 - 2025 News. All Rights Reserved.