နေပြည်တော်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စစ်ရေးပဋိပက္ခကြီးမားသည့် အခြေအနေများကိုထိန်းကျောင်းရန် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်လာသည့် ဒဏ်ကိုမခံနိုင်တော့သည့် TNLA အနေဖြင့် ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေးရေးကို အစပြုလာ ပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများကပြောသည်။
ရှမ်းမြောက်ဒေသရှိ လက်နက်ကိုင်များအနေဖြင့် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရခြင်းကြောင့် TNLA အနေဖြင့် လမ်းကြောင်းပြောင်းလာခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌဦးလှဌေးက သုံးသပ်ပြောကြားသည်။
"နဂိုကတည်းက မြောက်ပိုင်းသုံးဖွဲ့က တရုတ်နဲ့သူတို့နဲ့က ရင်းရင်းနှီးနှီးထိစပ် ပြီးသားသူတွေ ဖြစ်တယ်။ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖော်တာတောင်မှ တရုတ်က နောက်ခံအနေနဲ့ ရပ်တည်ပေးလို့ ဒီတိုက်ပွဲ ဖြစ်လာတယ်ဆိုတဲ့ သတင်းမျိုးတွေ တော်တော်များများ ရေးကြတာရှိတယ်။ တိုက်ပွဲတွေ ဖော်ဆောင်ရင်းနဲ့ မြောက်ပိုင်းအဖွဲ့တွေက ဧရိယာကျော်လာတဲ့ အခါကျတော့လည်း စစ်ပွဲတွေပိုပြီးတော့ ပြင်းထန်လာတယ်။ နောက်ဆုံး ကြုံရတာကတော့ ပဋိပက္ခတွေကြားမှာ တကယ်ဒုက္ခရောက်တာကတော့ ပြည်သူလူထုပေါ့။ တိုင်းရင်းသားလူမျိုးတွေ ဒုက္ခရောက်သွားတယ်။ မြို့တွေပျက်တယ်။ နေစရာမရှိဘူး။ ထွက်ပြေးကြရတယ်။ ပြန်လာရင်တောင် သူတို့ဘဝတွေ ဘယ်ကစရမှန်းမသိတဲ့ အခြေအနေဆိုးကို ရောက်သွားတယ်။ နောက်တစ်ခါ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်တဲ့ အခါကျတော့လည်း အဓိက တရုတ်နဲ့ ထိစပ်နေတဲ့ ဧရိယာတွေက တရုတ်ကိုပဲ အား ထားပြီး သူတို့က ရှင်သန်နေရတာလေ။ စားရေးသောက်ရေး၊ ကုန်စည်ကူးသန်းရေး၊ စီးပွားရေး လုပ်ငန်းတွေကအစ တရုတ်ကို မှီခိုပြီး အလုပ်လုပ်နေရတဲ့ ဧရိယာတွေဖြစ်တယ်။ တရုတ်ကလည်း တော်တော်လေး လုပ်ရကိုင်ရခက်တယ်။ ကျွန်တော်တို့ သိသလောက် သူတို့ကလည်း နယ်စပ်ဂိတ် တွေကို ပိတ်ပစ်ချင်တဲ့ အနေအထားကို မတွေ့ရဘူးဗျ။ သို့သော်လည်း လက်ရှိဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေ ကြီးမားလာတဲ့အခါကျတော့ မဖြစ်မနေထိန်းရမယ့် အခြေအနေကို ရောက်လာတဲ့အခါ ကျတော့ သူတို့နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ရတဲ့ သဘောရှိတယ်။ ဒီရက်ပိုင်းတွေမှာ တချို့နယ် စပ်ဂိတ်တွေကို မသိမသာ နည်းနည်းလေးပြန်ပြီး ဖြေလျှော့ဖွင့်ပေးထားတာလည်း တွေ့ရတယ်။ ဒါပေမဲ့ ဒါတွေက မလုံလောက်ဘူးလေ။ အဓိကတော့ ဒေသခံတိုင်းရင်းသားတွေက တော်တော်လေးကို ဒုက္ခရောက်သွားတယ်။ အခု TNLA ရဲ့ ကြေညာ ချက်မှာလည်း ရေးထားပါတယ်။ ဒီဒေသမှာရှိတဲ့ ပြည်သူတွေ ပြန်လည်အခြေအနေကောင်းလာဖို့ ပြည်သူတွေ ဒုက္ခရောက်တာကို သူတို့စာနာတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း သဘောထားပေးလာတဲ့ အနေအထားကို တွေ့ရတယ်"ဟု ၎င်းက ပြော သည်။
TNLA အနေဖြင့် တရုတ်နိုင်ငံ၏ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကိုယ်တိုင် စားရေရိက္ခာ ဒုက္ခရောက်လာခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်တက်လာမှသာလျှင် အနေအထားကောင်း တစ်ခုကို ပြန်ရောက်မည်ဖြစ်ကြောင်း ဦးလှဌေးက ထပ်မံပြောကြားသည်။
"အဓိကတော့ တိုက်ရိုက်ဆက် စပ်မှုရှိနေပါတယ်။ သူတို့ကိုယ်တိုင်လည်း တရုတ်ကို မှီခိုနေရတာ။ တရုတ်ဘက်က ဖြတ်ချတဲ့ အခါကျတော့ ပြည်သူတွေ ဒုက္ခရောက်သလို သူတို့လည်း ဒုက္ခရောက်တယ်။ သူတို့ကရော ဘယ်လိုရပ်တည်မလဲ၊ ဒေသတစ်ခု၊ ပြည်နယ်တစ်ခုကို ထူထောင်တယ်ဆိုတာက အချက်အလက်တွေ အများကြီးလိုတယ်ဗျ။ နယ်မြေတစ်ခုကိုသိမ်းပြီး ထူထောင်ရုံနဲ့မရဘူး။ မိတ်ဖက်နိုင်ငံတွေ၊ မိတ်ဖက် ကုန်စည်ကူးသန်းမှုတွေ ဒါတွေကလည်း အရမ်းအရေးကြီးတယ်။ အခုလက်ရှိမှာ တရုတ်ဘက်က အားလုံးကို ပိတ်လိုက်တဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် ဒါက လှုပ်လို့မရတဲ့အနေအထားကို ရောက်သွားတာပဲ။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်တက်လာမှ အနေအထားကောင်းတစ်ခုကို ပြန်ရောက်မှာပါ"ဟု ၎င်းကဆိုသည်။
နိုဝင်ဘာလ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်လာသည့် TNLA ၏ ထုတ်ပြန်ချက်တွင် နယ်စပ်တည် ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ အစိုးရ၏ ကြိုးပမ်းမှုကိုလေးစား အသိအမှတ်ပြု၍သော်လည်းကောင်း၊ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံး သတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း သဘောထားထုတ်ပြန်ထားသည်။
ယခုအခါ တရုတ်နိုင်ငံဘက်မှနယ် စပ်ဂိတ်များ ပိတ်ထားရုံမျှမက ရှမ်းတောင်မှ ရှမ်းမြောက်သို့ ကူးသန်းသွားလာနေသည့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါအခြေအနေမှာ စစ်ရေးပရိယာယ် အသုံးချခြင်းဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။
"တစ်ပိုင်းကတော့ ရှမ်းမြောက်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေ မရအောင်လုပ်တာ။ တစ် ပိုင်းကတော့ သူတို့ကလည်း ဒီဘက်ကို ပြန်မသွင်းတာရှိတယ်။ အချုပ်ကို ပြောရရင်တော့ စစ်နဲ့ပတ်သက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ သူ့ဘက်ကိုယ့်ဘက် ရိက္ခာမရအောင် ဖြတ်တောက်လို့ရအောင် လုပ်ကြတာလို့မြင်တယ်။ ကြားထဲက လူထုကတော့ ကုန်ဈေးနှုန်းကြီးမြင့်လာကြောင့် ဒုက္ခရောက်နိုင်တယ်။ ရှားပါးမှုဒဏ်ကိုလည်း ခံရမယ်။ ကုန်စည်စီးဆင်းမှုအနေနဲ့ အရင်တုန်းက တောင်ကြီး-ရပ်စောက်-နောင်ချို လမ်းရှိတယ်။ မှိုင်းရှူးလမ်းရှိတယ်။ အဓိက အဲဒီလမ်းတွေက ကုန်စည်စီးဆင်းနေတာ။ ပုံမှန်ကတော့ မန္တလေး-ပြင်ဦးလွင်-သီပေါ ဘက်က လာကြတယ်}}ဟု ၎င်းင်းကပြောသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ်တွင် တရုတ်နိုင်ငံ၏ နယ်နိမိတ်၊ နယ်မြေကို အခြေပြု၍ မြန်မာနိုင်ငံကို ဆန့်ကျင်နေသူများနှင့် အဖွဲအစည်းမှန်သမျှ တရုတ်နိုင်ငံအနေဖြင့် လက်မခံသည့်နည်းတူ တရုတ်နိုင်ငံကိုဆန့်ကျင်သူများ မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်အောင် သဘောတူ အတည်ပြုခဲ့ကြောင်း နစကသတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။ ကွန်းဈာန်