ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် စလစ်ကြေး ဘတ် ၁၈၀၀ ပေးသွင်းရန်မလိုကြောင်း သံရုံးထုတ်ပြန် 

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် စလစ်ကြေး ဘတ် ၁၈၀၀ ပေးသွင်းရန် မလိုကြောင်းနှင့် ထိုလုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ 
    ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးရာတွင် ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ “MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ)၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI-စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း နှစ်နှစ်သက်တမ်းရှိသည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း၊ ဆက်လက်၍ နှစ်နှစ်သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်းနှစ်နှစ် ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြချက်တွင် 'မြန်မာသံရုံးသို့ စလစ်ကြေး ဘတ် ၁၈၀၀'ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မြန်မာသံရုံး (ဘန်ကောက်)၊ ကောင်စစ်ဝန် ချုပ်ရုံး(ချင်းမိုင်)၊ အလုပ်သမားသံမှူးရုံး (ဘန် ကောက်) ရုံးများအနေဖြင့် လုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန် မရှိကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အသိပေးထားသည်။ 
    ထို့အပြင် ၂ ရာခိုင်နှုန်း အခွန် ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့် ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဘန်ကောက်ဘဏ် နှင့် ၇/၁၁ ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်း ရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာ အုပ်များ ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဦးစီးဌာနနှင့် ညှိနှိုင်းထားရှိ ပြီးဖြစ်ကြောင်း သိရသည်။ 
    အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ)အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ် ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကာ အကျိုးဆောင် အေဂျင်စီများအနေဖြင့် မရှင်းလင်းပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်၊ သို့မဟုတ် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။    ထူးမြတ်

Total Views ~ 136

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43229

© 2022 - 2025 News. All Rights Reserved.