ရန်ကုန်၊ ဇန်နဝါရီ ၈
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဒီဇင်ဘာလအတွင်း FX Market Online Trading Platform မှ တစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၁၇၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဒီဇင်ဘာလအတွင်း ရောင်းချမှုအနေဖြင့် ဒီဇင်ဘာ ၂ ရက်တွင် ဒေါ်လာ ၃၈ သန်းကျော်၊ ဒီဇင်ဘာ ၆ ရက်တွင် ဒေါ် လာ ၁၅ သန်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၂၈ ဒသမ ၅ သန်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ် လာ ၂၈ သန်းကျော်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဒေါ်လာတစ်သိန်းကျော်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ဒေါ်လာလေးသန်းကျော် ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၂၇ ရက်အတွင်း ဒေါ်လာ ၁၇၉ သန်းနီးပါး ရောင်းချပေးခဲ့ပြီး တရုတ်ယွမ် ၂၂ သန်းကျော်၊ ထိုင်းဘတ် ၃၆၁ သန်းကျော် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုဝင်ဘာလအတွင်း ရောင်းချမှုအနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်းကျော်၊ နိုဝင်ဘာ ၆ ရက်တွင် ဒေါ်လာ ၉၀၀၀ နီးပါး၊ နိုဝင်ဘာ ၇ ရက်တွင် ဒေါ်လာ ၃၀၀၀ ကျော်၊ နိုဝင်ဘာ ၈ ရက်တွင် ဒေါ်လာ ၃၀၀၀ ကျော်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဒေါ်လာ လေးသိန်းနီးပါးအထိ FX Trading Platform မှတစ်ဆင့် ထုတ်ရောင်းပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များပါဝင်သည့် FX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာများ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ နိုင်ငံခြားဈေးကွက်အတွင်း အမေရိကန်ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်းမှာ သိသိသာသာ ကျဆင်းလာခဲ့ကြောင်း သိရသည်။ သက်မှူး